တရက်တာ ၂၄ နာရီရဲ့ ၃ ချိုး တချိုးလောက်သော အချိန် ၈ နာရီလောက်က အိပ်ယာထဲမှာ အချိန်ကုန်ကြပါတယ်။ နောက်ဆုံး သိရတဲ့ ကျန်းမာရေး ဆောင်းပါးတွေ အရ အရွယ်စုံ ပျမ်းမျှ တရက်ကို အချိန် ၇ နာရီတော့ အိပ်ချိန်ပေးသင့်တယ် ဆိုတဲ့ ရလဒ်လည်း ထွက်လာတယ်၊ ပြီးတော့ အိပ်ယာဝင်၊ ချက်ချင်း အိပ်ဆိုတဲ့ လူဆိုတာ ခပ်ရှားရှား ဆိုတော့ အနည်းဆုံး နာရီဝက်၊ ၁ နာရီတော့ အိပ်ယာစောဝင်ရမယ်၊ ဒါမှ အိပ်ချိန်က ၇ နာရီလောက် ရမှာဖြစ်ပါတယ်။
တနေ့တာရဲ့ အချိန် အများဆုံး ကုန်ဆုံးရာ နေရာ ဖြစ်တဲ့ အိပ်ယာမှာ မှိုတွေ ဘက်တီးရီးယားတွေ အများဆုံး စုဝေးရာ စုရပ်ကြီးလည်း ဖြစ်လာတတ်တယ်လို့ အမေရိကန်နိုင်ငံ နယူးယောက် တက္ကသိုလ်က အနုဇီ၀ ပညာရှင် Phillip Tireno ရဲ့ တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ အိပ်ယာထက်မှာ ဘက်တီးရီးယားတွေ မှိုတွေဟာ မသန့်ရှင်းဘူး ဆိုရင် ဖျားနစေနေိုင်တဲ့ အထိ ဒုက္ခပေးနိုင်တယ် လို့ ဆိုပါတယ်။
ဒီလို မှိုနဲ့ ဘက်တီးရီးယား အစုံဟာ သာမန်မျက်စိနဲ့လည်း မတွေ့နိုင်သလို ဘယ်လောက်ထိ ပမာဏ ရှိနေမယ် ဆိုတာလည်း မသိနိုင်တာကြောင့် အကောင်းဆုံးက အိပ်ယာခင်းနဲ့ အိပ်ယာသုံး ပစ္စည်းတွေကို တပတ်ကို တခါ လျှော်ဖွတ်သန့်ရှင်းတာ အကောင်းဆုံးလို့ သူက ဆိုပါတယ်။ အိပ်ယာသုံး ပစ္စည်း ဆိုတာကတော့ ခေါင်းအုံးစွပ်လို အရာတွေကနေ အိပ်ယာထက်မှာ သင်ထားသမျှ အရာတွေကို ဆိုလိုတာပါ။
ဒီအကြံပြုချက်နဲ့ အိပ်ယာထက်က မှိုနဲ့ ဘက်တီးရီးယားတွေ အကြောင်းကို ဒေါက်တာ ဖိလစ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ထုတ် Allergy and Clinical Immunology ဂျာနယ်မှာလည်း ဆောင်းပါး ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။ သူက အမေရိကန်က အိမ်ခြေ ထောင်ပေါင်းများစွာရဲ့ အိပ်ယာတွေကို လေ့လာမှုတွေ လုပ်ဆောင်ခဲ့ပြီး အဆိုပါ အိပ်ယာတွေရဲ့ ရာခိုင်နှုန်း ၉၀ ကျော်လောက်မှာ အနည်းဆုံး အိပ်စက်သူနဲ့ ဓာတ်မတည့်မယ့်၊ ကျန်းမာရေး ဆိုးကျိုးဖြစ်စေနိုင်မယ့် ရောဂါပိုးလို ဘက်တီးရီးယား အနည်းဆုံး ၃ မျိုးထိ တွေ့ရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။
အဓိက အနေနဲ့တော့ အဆိုပါ ဓာတ်မတည့်မှုနဲ့ ကျန်းမာရေး ဆိုးကျိုးဖြစ်စေနိုင်မယ့် ရောဂါပိုးလို ဘက်တီးရီးယားတွေက အိပ်စက်ချိန်မှာ ပါးစပ်နဲ့ နှာခေါင်းလို နေရာတွေကနေ ကိုယ်တွင်းကို အဓိက ဝင်ရောက်တာ တွေ့ရတယ်၊ တကယ်လို့ သင့်ရဲ့ အိပ်ယာထက်မှာ အဆိုပါ ဘက်တီးရီးယားတွေ မရှိသေးဘူး ဆိုရင်တောင် သင် နှာချေချိန်နဲ့ အသက်ရှုတာတွေကနေ တဆင့် ပြင်ပက ပါလာတဲ့ ဘက်တီးရီးယားတွေ ကိုယ်တွင်း ဝင်ရောက်နိုင်တယ်၊ အဲဒီ ဘက်တီးရီးယားနဲ့ မှုတွေဟာ အိပ်ယာထက်မှာ ရောက်ချိန် ပေါက်ဖွားရှင်သန်တယ်၊ ဒီလိုနဲ့ အိပ်ယာနဲ့ ကိုယ်တွင်း အပြန်အလှန် ကူးစက်မှု ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။
ပြီးတော့ အိပ်ယာထဲမှာ အခုလို ဘက်တီးရီးယားတွေ ရှင်သန်နိုင်စေတဲ့ နောက်ထပ် တချက်က အချိန်ကြာကြာ အိပ်ယာထဲမှာ အိပ်စက်နေလို့ ဖြစ်ပြီး မိမိတို့ အိပ်စက်မှုက ဘက်တီးရီးယားနဲ့ မှိုတွေ ပေါက်ပွားရှင်သန်မှုကို အထောက်အကူ ပေးနေတယ် လို့ ဆိုပါတယ်။ လူရဲ့ ခန္ဓာကိုယ်က လိုအပ်တဲ့ အနွေးဓာတ်ပေးနေသလို ချွေးထွက်တာကလည်း စိုစွတ်မှု ပေးတာကြောင့် ဘက်တီးရီးယားတွေ ရှင်သန်ရ ပိုမို လွယ်ကူစေတာ ဖြစ်တယ်။
လူတယောက်ဟာ သဘာ၀ အရ တရက်ကို အိပ်ယာထက်မှာ ချွေး ၂၆ ဂါလံလောက်ထိအောင် ပုံစံမျိုးစုံနဲ့ ထွက်ရှိ စိုစွတ်နေစေပြီး၊ ဒီလို ချွေးထွက်တာက မှိုတွေ ပေါက်ပွားဖို့ အားပေးတာ ဖြစ်ပြီး ချွေးကနေ ရတဲ့ စိုစွတ်မက အိပ်ယာခင်းနဲ့ ခေါင်းအုံးတွေမှာ မှို မျိုးစုံ ၁၆ မျိုးလောက် ပေါက်ရောက် ကပ်ညိလာစေနိုင်တာ ဖြစ်တယ်။
ဒီတော့ ဘက်တီးရီးယားနဲ့ မှိုတွေက လူတွေဆီကနေ အိပ်ယာထက်ကို ရောက်လာတယ်၊ ချွေး၊ တံတွေး၊ ချွဲ၊ မစင်စနစ်ကနေ ထုတ်လွှတ်တဲ့ အညစ်အကြေး တချို့ကနေပေါ့၊ အိပ်ယာကလည်း ရောက်လာတဲ့ အဆိုပါ မှိုနဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံး လက်ခံ မွေးမြူ တိုးပွားစေတယ်၊ နောက်ပြီး အိပ်ယာထက်မှာ ဖုန်တွေ၊ အညစ်အကြေးတွေကလည်း အနည်းနဲ့ အများ ရှိနေနိုင်သေးတယ်။ ဒါဟာ ဘက်တီးရီးယားနဲ့ မှိုတွေကို မွေးမြူ အားပေးရာ နေရာကြီး ဖြစ်လာပါတော့တယ်။
ဒီလို ဘက်တီးရီးယားတွေ အများအပြား စုဝေးနေနိုင်တဲ့ အိပ်ယာမှာ လူသားဆီကို ကျန်းမာရေး ဆိုးကျိုး ဖြစ်စေနိုင်အောင် ဘက်တီးရီးယား တိုးပွားမှု ပမာဏ ဖြစ်လာဖို့ အချိန် ၇ ရက်လောက်ထိအောင် လိုအပ်ပြီး အဆိုပါ ၇ ရက်ထက် မကျော်စေပဲ တပတ် တကြိမ် အိပ်ယာခင်းတွေ၊ အိပ်ယာသုံး ပစ္စည်းတွေကို လျှော်ဖွတ် သန့်စင်ဖို့ ဖိလစ်တီရင်နိုက အကြံပြုထားပါတယ်။
သင့် အနေနဲ့ အိမ်မွေးခွေးလေးတွေ အိပ်ယာထဲ အတူ ခေါ်အိပ်လေ့ ရှိပါသလား၊ ဒါဆို သူတို့နဲ့ အပြင်သွားတယ်၊ ပြန်လာရင် ခွေးတွေ အိပ်ယာပေါ် မတက်ခင် သူတို့ ခြေလက်တွေကို သန့်စင်ပေးဖို့ လိုအပ်ပါတယ်လို့ ဖိလစ်က ဆက်ပြောပါတယ်။ သင့် အနေနဲ့ကတော့ ဘက်တီးရီးယားတွေ မှိုတွေကို မျက်စိနဲ့ မမြင်နိုင်လို့ ဘာတွေ၊ ဘယ်လောက် ရှိနေသလဲ မသိနိုင်ပေမယ့် အခု ပြောတာကို သတိပြုစေလိုပါတယ်။
အိပ်ယာဟာ ဘက်တီးရီးယားနဲ့ မှိုတွေ ပေါက်ဖွားရာ အရပ်ဖြစ်လို့ အမြဲတမ်း လျှော်ဖွတ် သန့်စင်ပေးပါ၊ ပုံမှန်ဆိုရင် တပတ် တကြိမ်ဆိုတာ အကောင်းဆုံး ဖြစ်ပြီး အိမ်မွေး တိရိစ္ဆာန်တွေ ခေါ်အိပ်တတ်ရင်တော့ အခုထက်ပိုပြီး မကြာခဏ လျှော်ဖွတ် အိပ်စက်ဖို့ လိုတယ် လို့ အကြံပြုလိုက်ပါတယ်။ ။
Ref: www.sciencealert.com & www.independent.co.uk