Health

ကင်ဆာ မဖြစ်အောင် ၈ ချက်ဆောင်

Want create site? Find Free WordPress Themes and plugins.

နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ထဲမှာ နေ့စဉ် နေထိုင်မှု ဘဝတွေ အဆင့်အတန်းမြင့်မားလာတယ် ဆိုပေမယ့် တဖက်မှာ ရောဂါအသစ်တွေ၊ ကုသဖို့ ဆေးဝါးမရှိသေးတဲ့ ရောဂါတွေ ဖြစ်ပွားလာနေပြီး သေဆုံးမှုနှုန်းကလည်း အများအပြား ရှိနေဆဲပါ။ အဲဒီထဲမှာ ကင်ဆာရောဂါကတော့ သေဆုံးမှု အများဆုံး ရောဂါတွေထဲက တခုပါ။

ထူးခြားချက်က ကင်ဆာလို့ အလွယ်ပြော ပေမယ့် ခန္ဓာကိုယ် အစိတ်အပိုင်း တခုစီမှာ ကင်ဆာ ဖြစ်နိုင်ခြေ ရှိတာမို့ အရေပြားလို ပါးလွှာတဲ့ အစိတ်အပိုင်းမှာ အရေပြား ကင်ဆာကနေ နောက်ဆုံး ကိုယ်တွင်း ကလီစာတွေ အထိအောင် အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ စသဖြင့် ကင်ဆာမျိုးစုံ ဖြစ်နိုင်ပါတယ်။

ဒီလို ကင်ဆာ အားလုံးကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းတွေ သိထားရင်တော့ သင့် အနေနဲ့ ရောဂါ တခုကို ကြိုတင် ကာကွယ်မှု ပြုထားနိုင်မှာ ဖြစ်ပါတယ်။ အခု ပြောမယ့် နေ့စဉ်ဘဝနေထိုင် စားသောက်ပုံတွေက ကင်ဆာ ရောဂါ ဖြစ်နိုင်ခြေ အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်နော်။


(၁) စီးကရက် (ဆေးလိပ်) မသောက်ပါနဲ့

ဆေးလိပ်သောက်သုံးခြင်းဟာ အဆုတ်၊ အစာပြွန်လမ်းကြောင်းကင်ဆာ၊ လည်မျိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ကျောက်ကပ် ကင်ဆာ၊ အသည်းနဲ့ အခြား ကိုယ်တွင်း ကလီစာကင်ဆာ ဖြစ်နိုင်ခြေတွေကို ၂၄ ရာခိုင်နှုန်းထိ ဖြစ်ပွားမှု ပိုစေနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ ဆေးလိပ်သောက်သူတွေဟာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၈၄ ရာခိုင်နှုန်း၊ အစာပြွန်လမ်းကြောင်း ကင်ဆာ ဖြစ်နိုင်ခြေ ၇၅ ရာခိုင်နှုန်း၊ လည်မျိုကင်ဆာ ဖြစ်နိုင်ခြေ ၅၂ ရာခိုင်နှုန်းထိ မြင့်တက်စေတာ တွေ့ရပါတယ်။

ဒီတော့ သင့် အနေနဲ့ ဆေးလိပ်ဖြတ်လိုက်မယ်၊ မသောက်ဘူး ဆိုရင် အခုလို ကင်ဆာ ဖြစ်နိုင်ခြေတွေကနေ ချက်ချင်း လျော့ကျ ကာကွယ်လိုက်နိုင်မှာလည်း ဖြစ်ပါတယ်။ Journal of Thoracic Oncology မှာ ဖော်ပြချက် တခု အရ ဆေးလိပ်သောက်သုံးမှုကို ၅ နှစ် နားလိုက်ရင် အဆုတ်နဲ့ ပတ်သတ်တဲ့ ကင်ဆာ ဖြစ်နိုင်ခြေ ၅၂ ရာခိုင်နှုန်း လျော့ကျသွားပြီး ၁၀ နှစ်ဖြတ်လိုက်မယ် ဆိုရင်တော့ ၈၀ ရာခိုင်နှုန်းထိ လျှော့ချလိုက်နိုင်မယ် လို့ ဖော်ပြထားပါတယ်။

(၂) ဆေးလိပ်မီးခိုးငွေ့ မရှုမိပါစေနဲ့

ကိုယ်တိုင် ဆေးလိပ် သောက်သုံးသူ အတွက် အထက်မှာ ပြောသလို ကင်ဆာ ဖြစ်နိုင်ခြေ များသလိုပဲ သောက်သုံးသူကနေ စွန့်ထုတ်လိုက်တဲ့ မီးခိုးငွေ့ကို ရှုရှိုက်မိနေစေတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်က သူတွေ အတွက်လည်း ဆေးလိပ်မီးခိုးငွေ့ ရှုမိတာ မကောင်းပါဘူး။ ကိုယ်တိုင် ဆေးလိပ်သောက်သုံးသူ မဟုတ်ပေမယ့် မီးခိုးငွေ့ ရှုရှိုက်မိမှုကြောင့် အဆုတ်နဲ့ ပတ်သတ်တဲ့ ကင်ဆာ ဖြစ်ပွားပြီး သေဆုံးနှုန်းက တနှစ်ကို လူဦးရေ ၃၀၀၀ လောက် ရှိနေပါတယ်။

အမေရိကန် ခွဲစိပ်အထူးကုအဖွဲ့ရဲ့ ခန့်မှန်းချက်ကတော့ ကိုယ်တိုင် ဆေးလိပ်မသောက်ပေမယ့် ဘေးကနေ မီးခိုးငွေ့ ရှုရှိုက်ရမှု ကြောင့် အဆုတ်နဲ့ ပတ်သတ်တဲ့ ကင်ဆာ ဖြစ်နိုင်ခြေက ရာခိုင်နှုန်း ၂၀ ကနေ ၃၀ လောက်ထိ ရှိတယ်လို့ ခန့်မှန်းတာ တွေ့ရပါ တယ်။

(၃) အဝမလွန်ပါစေနဲ့

မိမိမှာ ရှိသင့်တဲ့ ခန္ဒာကိုယ် အလေးချိန်ထက် အနည်းငယ် ပိုနေခြင်းက ပြဿနာ ကြီးကြီးမားမား မရှိနိုင်ပေမယ့် အဝလွန်ခြင်း ကတော့ နောက်ဆက်တွဲ ကျန်းမာရေး ရလဒ် ဆိုးဝါးစေပါတယ်။ အဝလွန်ခြင်းက ဆီးအိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ်နဲ့ အစာလမ်းကြောင်း ကင်ဆာတွေ ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။ အထူးသဖြင့်တော့ အမျိုးသားတွေမှာ အဝလွန်ခြင်းက ကင်ဆာ ဖြစ်နိုင်ခြေကို ဖိတ်ခေါ်သလို ပိုမို ဖြစ်စေပါတယ်။ ဒါကြောင့် သင့်တင့်ရုံးစားပါ၊ လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ၊ ကိုယ်အလေးချိန် များနေရင် ဝိတ်ချနိုင်အောင် ကြိုးစားပါ၊ ကျန်းမာသန်စွမ်းနေပါစေ။

(၄) အရက်အလွန်အကျွံမသောက်ပါနဲ့

အရက်ဆိုတာ ကမ္ဘာပေါ်မှာ လူကြိုက် အများဆုံး အရာ တခုပါ။ ဒါပေမယ့် အလွန်အကျွံသောက်ရင်တော့ ဘေးဖြစ်စေပါတယ်။ လေ့လာသူတွေ ကတော့ တရက်ကို အရက် ၂ ပက် သောက်သုံးခြင်းက အကောင်းဆုံးလို့ ဆိုပါတယ်။ ဒါပေမယ့် အသောက်များ ရင်တော့ ဦးခေါင်းနဲ့ လည်ပင်းဆိုင်ရာ ကင်ဆာတွေ၊ အထူသဖြင့် ပါးစပ်၊ လည်ချောင်းကင်ဆာနဲ့ လည်မျိုကင်ဆာတွေ ဖြစ်နိုင်ခြေ များလာစေပါတယ်။

ဒါပေမယ့် အနီရောင် ဝိုင်လို ယမကာတွေမှာတော့ ကင်ဆာဖြစ်စေတဲ့ ဓာတ်ရော ကင်ဆာ ကာကွယ်မှု ဓာတ်ရော ပါဝင်လို့ သောက်သုံးလိ့ု အဆင်ပြေသေး ပေမယ့် အရက်ကတော့ ကင်ဆာ ဖြစ်နိုင်ခြေကိုပဲ မြင့်တက်စေတာ တွေ့ရပါတယ်။ အနီရောင် ဝိုင်မှာတော့ ချက်လုပ်ဖို့ သုံးတဲ့ စပျစ်ခွံမှာ ကင်ဆာ ကာကွယ်မှုဓာတ် Resveratrol ပါရှိပြီး ကင်ဆာဖြစ်နိုင်ခြေ လျော့ကျစေတာ တွေ့ရပါတယ်။ ဒါပေမယ့် အရက်ကတော့ ကင်ဆာကိုပဲ အားပေးပါတယ်။ ဖြစ်နိုင်ရင် အရက်မသောက်ပါနဲ့၊ ဒါမှ မဟုတ်ရင်လည်း လျော့သောက်ပါ လို့ အကြံပြုပါတယ်။

(၅) အသင့်စား အသားပြားတွေ မစားပါနဲ့

ဝက်အူချောင်းလို အစားအစာကို လူကြိုက်များပါတယ်၊ အသင့်စား အနေနဲ့ ဖန်တီးထားတဲ့ အသားပြားတွေ၊ Hot Dog လို အရာတွေက အသားစတွေနဲ့ အခြား စွန့်ပစ်ကလီစာလို အရာတွေကို ရောနှော ကျိတ်စစ်ပြီး ဖန်တီးထားတာ ဖြစ်သလို အထားခံအောင် ဓာတုပစ္စည်း ထည့်သွင်းဖန်တီးမှုလည်း ရှိပါတယ်။ လေ့လာချက် တခု အရတော့ တနေ့ကို အသင့်စား အသားပြား ၅၀ ဂရမ်လောက် နေ့စဉ် စားရုံနဲ့ အူမကြီးဆိုင်ရာ ကင်ဆာဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်းလောက်ထိ မြင့်တက်စေတယ် လို့ ဆိုပါတယ်။ အသားစစ်စစ်ကို စားပါ၊ အသားပြားတွေကို မစားပါနဲ့။

(၆) အသီး၊ အရွက်၊ အမျှင်ဓာတ်ပါ အစာတွေနဲ့ ကယ်စီယမ် များများစားပါ

အသီးအရွက် များများစားခြင်းက အူမကြီးကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေ ဖြစ်နိုင်ခြေကို အကောင်းဆုံး လျော့ချပေးနိုင်တယ် လို့ လေ့လာချက်တွေ အရ သိရပါတယ်။

(၇) နိုးကြား တက်ကြွမှု ရှိပါစေ

ရုပ်ပိုင်းဆိုင်ရာ နိုးကြား တက်ကြွမှုဆိုတာ အစာပြွန်လမ်းကြောင်း ကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ဆိုင်ရာ ကင်ဆာတွေ၊ ကျောက်ကပ် ကင်ဆာ၊ သွေးကင်ဆာ၊ ဆဲလ်ပျက်စီးကနေ စတင် ဖြစ်ပွားတဲ့ ကင်ဆာနဲ့ ဦးခေါင်း၊ လည်ပင်း၊ စအို၊ ဆီးအိတ် ကင်ဆာတွေ ဖြစ်နိုင်ခြေကို အကောင်းဆုံး လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။ ၂၀၀၉ခုနှစ် အတွင်းက လေ့လာချက်ပေါင်း ၅၂ ခု အရ ဆိုရင် တနေ့တာ ကိုယ်လက် လှုပ်ရှားသွားလာမှု ပုံမှန်ရှိသူ တဦးဟာ အထိုင်များတာကြောင့် အူမကြီးလို ကင်ဆာ ဖြစ်နိုင်ခြေကို ၂၄ ရာခိုင်နှုန်းထိအောင် လျော့ချနိုင်တယ် ဆိုတာ သိထားရပါတယ်။ ဒါဟာ ကိုယ်လက် လှုပ်ရှားမှုကြောင့် ကျန်းမာရေး ကောင်းမွန်ခြင်း အပြင် ကိုယ်တွင်း မလိုအပ်တဲ့ ဓာတ်တွေကို လှုပ်ရှားမှုနဲ့ အတူ ချေဖျက်နိုင်ခြင်း၊ စွန့်ထုတ်နိုင်ခြင်း တွေကြောင့် ဖြစ်တယ် လို့ ဆိုပါတယ်။

(၈) UV နဲ့ တိုက်ခိုက်ထိတွေ့မှု မရှိပါစေနဲ့

နေပူဆာလှုံရတာ အရသာ ကောင်းကောင်း ရှိပေမယ့် သွေးတွင်းဆဲလ် ပျက်စီးမှုနဲ့ နောက်ဆက်တွဲ ကင်ဆာလို ရောဂါဖြစ်နိုင်ခြေ ကိုတော့ ရာခိုင်နှုန်း ၉၅ လောက်ထိ နေရောင်ခြင်မှာ ပါရှိတဲ့ ခရမ်းလွန်ရောင်ခြည်က ဖြစ်စေတယ် ဆိုတာ မေ့မထားပါနဲ့။ ဒါပေမယ့် ကံကောင်းတာက UV ထိတွေ့မှုကို လွယ်လွယ်လေး ကာကွယ်လို့ ရပါတယ်။ ဖြစ်နိုင်ရင် မနက် ၁၀ နာရီ ကနေ နေ့လည် ၂ နာရီအတွင်း နေပြင်းချိန်တွေမှာ နေရောင် တိုက်ရိုက် မခံပါနဲ့၊ နေလောင်ခံဆီတွေ လိမ်းထားနိုင်ပါတယ်။ ကင်ဆာ ဖြစ်နိုင်ခြေလည်း လျော့နည်းသွားတာပေါ့။

Ref: www.maxim.com

Did you find apk for android? You can find new Free Android Games and apps.
Loading