ဆံပင်အရှည်ထားသူ အတော်များများကတော့ ခေါင်းလျှော်တဲ့နည်းစနစ်အားလုံး သိကြမယ်လို့ထင်ပါတယ်။ သို့ပေမယ့် တချို့သော ဆံပင်အရှည်ထားသူတွေမှာလည်း မှားယွင်းတဲ့ ခေါင်းလျှော်နည်းပုံစံတွေကို သတိမထားမိဘဲ ပြုလုပ်နေမိတတ်ကြတာလည်း ရှိပါတယ်။ ဒီလို ခေါင်းလျှော်နည်းပုံစံ မှားယွင်းမိပြီဆိုရင်တော့ ဆံပင်ဆံသားအဖျားတွေ နှစ်ခြမ်းကွဲကုန်တာ တခေါင်းလုံး ဗောက်တွေ ဖွေးနေအောင် ထလာတတ်တာ စသဖြင့် အကျိုးဆက်တွေက ဖြစ်လာတတ်ပါတယ်။
အခု အတိုချုပ်ပြောပြမယ့် နည်းလမ်းကတော့ လူတိုင်းမသိနိုင်သေးတဲ့ ရိုးရှင်းတဲ့ ခေါင်းလျှော်နည်းပုံစံပါ။ တောက်ပနေတဲ့ ဆံပင်ရှည်မျိုး ရရှိအောင် ဗောက်တွေကင်းတဲ့ ဦးရေပြားမျိုး နဲ့ နှစ်ခြမ်းကွဲနေတဲ့ ဆံသားမျိုးတွေ မဖြစ်ရလေအောင် ရိုးရှင်းတဲ့ ခေါင်းလျှော်နည်းပုံစံတချို့ကို ဖော်ပြေပေးပါရစေ။
ခေါင်းလျှော်ဖို့ ရိုးရှင်းတဲ့နည်းလမ်း ၆ ချက်
(၁) ရေနွေးနဲ့ ခေါင်းလျှော်ပါ
အကြောင်းကတော့ ရေနွေးက ဆံကေသာအပေါ်ယံလွှာ ပွင့်ပေါ်စေဖို့ အထောက်အကူပြုလို့ပါပဲ။ ဆံကေသာအပေါ်ယံလွှာဟာ ဆံချည်မျှင်တချောင်းရဲ့အပြင်ဘက်အကျဆုံး အစိတ်အပိုင်းတခုပါ။ အဲဒီအစိတ်အပိုင်းမှာ ဆဲလ်အသေတွေ၊ အလွှာလေးတွေ အထပ်ထပ်နဲ့ရှိနေပြီးတော့ ဆံချည်မျှင် ထောင်မတ်စေဖို့နဲ့အတွင်းလွှာကို အကာအကွယ်ပေးဖို့ သဘာဝက ဖန်တီးပေးထားပါတယ်။ ရေနွေးဟာ အဆီတွေကို ပျော်ဝင်စေနိုင်တဲ့အတွက် သင့်ဦးရေပြားက အဆီအားလုံး ဆွဲထုတ်ပစ်ဖို့ အကောင်းဆုံးပါပဲ။ သုံးမယ့်ရေက အလွန်အမင်း ပူမနေစေဖို့ သတိပြုပါ။
(၂) ကွန်ဒီရှင်နာ(ဆံပင်ပျော့ဆေး)ကို ပထမဆုံးသုံးပါ။
ဆံပင်အရှည်ဟာ အတိုထက်ပိုပြီးတော့ နှစ်ခြမ်းကွဲလွယ်ပါတယ်။ သင့်ဆံပင်ကို ရေနွေးနဲ့အရင်ဆုံးလျှော်ပြီးရင် ကွန်ဒီရှင်နာနည်းနည်းနဲ့ တခေါင်းလုံး နှံ့စပ်အောင် ပွတ်ပေးပါ။ ကွန်ဒီရှင်နာက သင့် ဆံကေသာကို အရင်းကနေ အဖျားအထိ ကာကွယ်ပေးပါလိမ့်မယ်။ ဆံပင်အဖျားနေရာဟာ ဆံသားကို နှစ်ခြမ်းကွဲတာနဲ့ ဆံပင်ပျက်စီးတာကို အများဆုံး ဖြစ်ပေါ်စေတဲ့ နေရာပါပဲ။ ဆံသား ပျက်ဆီးတာမျိုးမှ ကာကွယ်ချင်တယ်ဆိုရင် အရည်အသွေးမီတဲ့ ကွန်ဒီရှင်နာမျိုးကို အသုံးပြုပါ။ သုံးနည်းကတော့ လက်ဖဝါးထဲ ကွန်ဒီရှင်နာနည်းနည်းထည့်ပြီး ဆံပင်ပေါ် ညင်သာစွာ ဖိပေးပါ။ ကျိုးပဲ့လွယ်တဲ့ သင့်ဆံအဖျားပိုင်းနေရာတွေကို ကွန်ဒီရှင်နာ နှံ့စပ်အောင်ပွတ်ပြီး နယ်ပေးသင့်ပါတယ်။
(၃) ဦးရေပြားကို နူးညံ့နေပါစေ
သင့်ဆံပင်ဟာ ဦးရေပြားအတွင်းကနေ လည်ဂုတ်အောက်ဘက်ကို တဖြည်းဖြည်း ရှည်ထွက်ရှင်သန်လာတာဖြစ်ပါတယ်။ အဲဒီ သဘောသဘာဝအတိုင်း ခေါင်းလိမ်းဆီသုံးမယ်ဆိုရင် ဦးရေပြားထဲ စိမ့်ဝင်အောင်လိမ်းမှ ထိရောက်မှာ ဖြစ်ပါတယ်။ ခေါင်းလျှော်ရည်သုံးတဲ့အချိန်မှာ ဦးရေပြားမှာရှိနေတဲ့ ခန္ဓာကိုယ်က ထွက်တဲ့အဆီကို စင်ကြယ်အောင် လျှော်ပေးဖို့ လိုပါတယ်။ လုပ်နည်းကတော့ ဦးရေပြားပေါ် ခေါင်းလျှော်ရည်ထည့်ပြီး အထဲကိုစိမ့်ဝင်သွားအောင် လျှော်ပေးဖို့ပါပဲ။ သင့်ရဲ့လက်ကို ဆံပင်အမြစ်ကနေ ဆံပင်အဖျားအနားထိ ရွေ့လျားပြီး ခေါင်းလျှော်ရည်နဲ့ ပွတ်ပေးပါ။ ရှောင်ရှားရမှာကတော့ ဆံပင်အဖျားအဆုံးသတ်ကို ခေါင်းလျှော်ရည်နဲ့ ကြာကြာမထားဖို့ပါပဲ။ အဲဒီအစိတ်အပိုင်းဟာ သဘာဝကိုက ခြောက်သွေ့ပြီး ကျွပ်ဆတ်ကျိုးပဲ့လွယ်လို့ပါပဲ။
(၄) ဆံသားများကို နူးနူးညံ့ညံ့ ကိုင်တွယ်ပြီး လျှော်ပါ
အမျိုးသမီးအများစုဟာ ခေါင်းလျှော်နေစဉ် ကြမ်းကြမ်းတမ်းတမ်းလျှော်မိ၊ ပွတ်မိတာကြောင့် ဆံသားတွေ ကျိုးပဲ့ပျက်စီးကုန်တတ်တာ နှစ်ခြမ်းကွဲထွက်တတ်တယ်ဆိုတာ မသိကြပါဘူး။ တကယ်လို့ သင်ဟာ ဆံပင်ကို ခပ်ကြမ်းကြမ်းနဲ့ ခပ်မြန်မြန်လျှော်မယ်ဆိုရင် သင့်လက်အရှိန်နဲ့ဆံပင်ကြားမှာ ပွတ်တိုက်မှုဖြစ်ပြီး ဆံပင်စတင်ပျက်စီးစေတော့တာပါပဲ။ လုပ်နည်းကတော့ အချိန်ယူပြီး သင့်ဆံပင်ကို ညင်သာစွာ လျှော်ဖို့ပါပဲ။ တကယ်လို့ အလုပ်များပြီး မအားလပ်ရင် ခေါင်းလျှော်တဲ့ကိစ္စကို နောက် တနေ့အထိ ခဏဆိုင်းထားလိုက်ပါ။
(၅) တခါတည်းနဲ့ ခေါင်းကို အထပ်ထပ်မလျှော်ပါနဲ့
အလှကုန်ပစ္စည်းကုမ္ပဏီအများစုဟာ သူတို့ထုတ်လိုက်တဲ့ပစ္စည်း သင့်ဆီမှာ မြန်မြန်ကုန်၊ သူတို့ဆီမှာ နောက်ထပ်ဝယ်စေချင်ပါတယ်။ ဒါမှလည်း သူတို့ပစ္စည်း ခဏခဏ ရောင်းရမှာမဟုတ်လား။ လျှော်ပြီး ရေဆေး၊ နောက်တခေါက် ခေါင်းလျှော်ရည်ထည့်၊ ထပ်လျှော်တာဟာ ဆံပင်အမြစ်တွေ အားနည်း စေတာ အမှန်ပါ။ သင့်ခေါင်းလျှော်နေစဉ်အတွင်း နောက်တကြိမ်ထပ်လျှော်ဖို့ မလိုတော့ဘူးဆိုတာ သတိရပါ။ တခါတည်းနဲ့ အပြီးလျှော်ပါ။
(၆) ရေအေးနဲ့ နောက်ဆုံးမှလျှော်ပါ။
ခေါင်း စစချင်းလျှော်ကာစမှာ ရေနွေးသုံးပြီးတဲ့နောက်မှာ သင့်ဆံပင်အပေါ်ယံလွှာ ပြန်ပိတ်သွားစေဖို့ အရေးကြီးပါတယ်။ ရေအေးက သင့်ဆံပင်အပေါ်ယံလွှာ ပွင့်နေတာကို ပြန်ပိတ်စေပါလိမ့်မယ်။ ဦးရေပြားပတ်လည်က ရေငွေ့တွေက ဆံသားတောက်ပြောင် ပျော့ပျောင်းနေအောင် စွမ်းဆောင် ပေးပါလိမ့်မယ်။ လုပ်နည်းကတော့ ဆံပင်ကို ရေအေးနဲ့ ဆေးချပြီး ခြောက်အောင်ထားပါ။
အခုလို ရိုးရှင်းတဲ့ခေါင်းလျှော်တဲ့နည်းစနစ်က သင့်ကိုအထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။
Ref: http://mysimpleremedies.com