သန်စွမ်းတဲ့ ဆံပင်ဆိုတာ အမျိုးသားတွေရော အမျိုးသမီးတွေ အတွက်ပါ လိုအပ်ပါတယ်။ သန်စွမ်းတဲ့ ဆံပင်က လူရဲ့ ဥပဓိရုပ်ကိုလည်း ခန့်ညားစေတယ်။ လူမျိုးကွာခြားချက် အရဆံပင်က အနက်ရောင်တွေ၊ ရွှေရောင်တွေ ကွဲနိုင်ပေမယ့် အခုပြောမှာ ကတော့ ဆံပင်အရောင်အတွက် မဟုတ်တဲ့ ဆံပင်ကို သန်စွမ်းကောင်းမွန်စေမယ့် အစားအစာတွေ အကြောင်းပဲ ဖြစ်လို့ ဆံပင်သန်ချင်သူတွေ အတွက် သဘောကျစရာ ဖြစ်မှာပါ။
(၁) ပဲနီလေး ။ ။ ပဲနီလေးမှာဇင့်ဓာတ်၊ ဘိုင်အိုတင်(Biotin) နဲ့ သံဓာတ်ပြည့်ဝတဲ့ အသားဓာတ်ဖွဲ့စည်းမှု ကောင်းကောင်းပါရှိ ပါတယ်။ အထူးသဖြင့်တော့ အဆိုပါ သံဓာတ်ပြည့်ဝတဲ့ အသားဓာတ်က ဆံပင်ကို သန်စွမ်းစေပါတယ်။ ဆံပင်ချောင်းသန်ဖို့ရော ဆံပင်ထူထူ ပေါက်ဖို့ကိုပါ အားပေးတာ ဖြစ်ပါတယ်။ ပြီးတော့ ဦးရေပြား ခြောက်သွေ့ခြင်းကိုလည်း ကာကွယ်ပေးတယ်၊ အထူးသဖြင့် အခုလိုအေးချမ်းတဲ့ ရာသီဥတုမှာ ဦးရေပြားခြောက်သွေ့မှုကို ကာကွယ်ပေးပါတယ်။ အသားနဲ့လည်း ရောပြီး ချက်စားနိုင်သလို တချို့လည်း ဟင်းချိုအဖြစ် စားသုံးကြပါတယ်။
(၂) ကနုကမာ ။ ။ ဒီမှာတော့ အသားအဖြစ်လည်း နယ်တွေမှာ စားသုံးတာမျိုး ရှိသလို ခရုဆီအဖြစ်နဲ့လည်း စားကြပါတယ်။ သူ့မှာလည်း ဇင့်ဓာတ် ကောင်းကောင်း ပါရှိတယ်။ ပြီးတော့ သူ့ရဲ့ အဆီဂလင်းတွေက ဆံပင် ထူထပ်ပေါက်ရောက်ဖို့ အားပေးပါ တယ်။ ဇင့်ဓာတ်နည်းသူတွေမှာ ဘောက်တွေ ဖြစ်မယ်၊ ဆံပင်ပေါက်နည်းမယ်၊ ဆံပင်ကျွတ်တာတွေလည်း ခံစားရနိုင်ပါတယ်။ အမဲသားနဲ့ သိုးသားတွေကနေလည်း ဇင့်ဓာတ်ရနိုင်သလို ရောနှော စားသုံးနိုင်ပါတယ်။ တကယ်လို့ အသားတွေ မကြိုက်ဘူး၊ အသီးအရွက် အဓိကစားတယ် ဆိုရင်တော့ ဖရုံစေ့နဲ့ ကုလားပဲတွေကနေလည်း ဇင့်ဓာတ်ရနိုင်ပါတယ်။
(၃) ကန်စွန်းဥ ။ ။ ကန်စွန်းဥမှာ Beta Carotene ပါရှိပြီး သူက ဆံပင်ကျွတ်ခြင်းကို အကောင်းဆုံး ကာကွယ်ပေးပါတယ်။ ဒီဓာတ်ကို ခန္ဒာကိုယ်က ဗီတာမင် အေအဖြစ် ပြောင်းလဲလိုက်ပြီး အဆိုပါ ဗီတာမင် အေက ဆဲလ်ကြီးထွားမှုကို အားပေးပြီး ဆံပင်ကို သန်စွမ်းပေါက်ရောက် စေပါတယ်။ ဗီတာမင် အေ မလုံလောက်ရင်တော့ အသားရေခြောက်သွေ့တာတွေနဲ့ အတူ ဦးရေပြားမှာလည်း ဘောက်ထ လွယ်စေပါတယ်။ ကန်စွန်းဥမှာ ဗီတာမင် စီ၊ ကော့ပါး၊ သံဓာတ်နဲ့ အသားဓာတ်တွေလည်း ပါရှိပါ သေးတယ်။ ပြုတ်ပြီးတော့ရော ဖုတ်ပြီးတော့ပါ စားသုံးပေးနိုင်ပါတယ်။
(၄) မုန်လာဥနီ ။ ။ မုန်လာဥနီမှာ အမြင်အာရုံကို ကြည်လင်ကောင်းမွန်စေတဲ့ ဗီတာမင် အေ ကောင်းကောင်းပါရှိပါတယ်။ ပြီးတော့ ဦးရေပြားကို အားကောင်းစေပါတယ်။ အရေပြားကို စိုပြေစေတယ်၊ ဆံပင်လည်း ထူထပ် ပေါက်ရောက်စေတယ်၊ အရွယ်တင် နုပျိုမှုလည်း ရှိစေပါတယ်။ ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးတယ်။ ဖျော်ရည်ပုံစံလည်း သောက်သုံးပေးနိုင် ပါတယ်။ မနက်တိုင်းမုန်လာဥနီ ဖျော်ရည် တခွက် သောက်သုံးပေးခြင်းက လူကိုရော စိတ်ကိုပါ လန်းဆန်းစေပါတယ်။ ဟင်းချိုထဲမှာလည်း ရောထည့် စားသုံးနိုင်ပါတယ်။
(၅) အဆီနည်း နို့ထွက်ပစ္စည်း ။ ။ အဆီပါဝင်မှုနည်းတဲ့ နို့ထွက် ပစ္စည်းဆိုတာ ဒိန်ခဲ၊ ဒိန်ချဉ်၊ မလိုင်ဖယ်ထားတဲ့ နို့၊ အဆီ ဖယ်ထားတဲ့ နို့ခဲတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ သူ့မှာ အသားဓာတ် ကောင်းကောင်း ပါရှိပါတယ်။ ဦးရေပြား ခြောက်သွေ့ခြင်းကို ကာကွယ် ပေးပါတယ်။ ကယ်စီယမ်လည်း ကောင်းစွာပါရှိသလို ဆံပင်ကို သန်စွမ်းခိုင်မာစေတဲ့ သတ္တုဓာတ်လည်း ဖြစ်ပါတယ်။
(၆) အရောင်တောက်ပတဲ့ အသီးများ ။ ။ ဘယ် အသီးဆိုတာထက် အရောင်အသွေး တောက်ပတဲ့ အသီးတွေ ဆိုရင် ဆံပင်ကို ပိုပြီး သန်မာစေပါတယ်။ သရက်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီး (kiwi)၊ နာနတ်သီး၊ မက်မွန်သီးတွေမှာ ဗီတာမင် စီ ကောင်းကောင်းပါရှိ ပါတယ်။ ဒီဓာတ်ကပဲ ဆံပင်ကို သန်စွမ်းစေမှာ ဖြစ်ပါတယ်။
(၇) အစိမ်းရင့်ရောင် အရွက်များ ။ ။ အရွက်တွေကို ကျန်းမာရေး အတွက် မစားချင်ဘူးဆိုရင်တောင် ဆံပင် သန်ဖို့တော့ စားပါ။ ဆံပင် အတွက် အကောင်းဆုံးက အစိမ်းရင့်ရောင် ရှိတဲ့ အရွက်တွေ ဖြစ်ပြီး ကိုက်လန်၊ ဟင်းနုနယ်၊ ပန်းပွင့်အစိမ်း၊ ဆွစ်မုန်လာရွက် (Swiss chard) တွေမှာဗီတာမင် အေနဲ့ စီတွေ ပါရှိပါတယ်။ သူတို့က ဦးရေပြားကို အားကောင်းစေပါတယ်။ ဆံပင် ပျော့ပျောင်းမှုကိုလည်း ဖြစ်စေပါတယ်။ သံဓာတ်နဲ့ ကယ်စီယမ်တွေလည်း ပါရှိလို့ ကျန်းမာရေးအတွက်လည်း ကောင်းပါ တယ်။
(၈) ကြက်ဥ ။ ။ ဆံပင်သန်ဖို့ အတွက် အကောင်းဆုံးနဲ့ အပေါဆုံး အစားအစာတခုပါ။ ကြော်စားလည်း ရသလို ပြုတ်စားလည်း ရပါတယ်။ ကြက်ဥကနေ ဆံပင်ကို အားပေးထောက်ပံ့မှု အများကြီး ရှိပါတယ်။ ကြက်ဥထဲက အသားဓာတ်က အဆင့်မြင့်မား ကောင်းမွန်ပြီး ဆံပင်ကို သန်စေတယ်၊ Biotin ဆိုတဲ့ ဗီတာမင် ဘီဓာတ်ပေါင်းဝင် ဓာတ်ပါရှိပြီး သူက ဦးရေပြားကို အားကောင်းစေတယ်၊ သံဓာတ်လည်း ကောင်းကောင်းပါသေးလို့ သံဓာတ်က အောက်ဆီဂျင်ကို ဆံပင်အမြစ်ဆီ သယ်ပို့ပေးပြီး ဆံပင်ကျွတ်ခြင်း ကနေ ကာကွယ်ပေးပါတယ်။
(၉) အခွံမာသီးများ ။ ။ ဆံပင်ထူချင်တယ်၊ စိုပြေ တောက်ပချင်တယ် ဆိုရင် အခွံမာသီး စားသုံးပေးဖို့တော့ လိုအပ်ပါတယ်။ ဗာဒံစေ့၊ ဝက်သစ်ချစေ့၊ မြေပဲဆန်၊ သီဟိုစေ့တွေကို စားသုံးပေးနိုင်ပါတယ်။ သူတို့မှာ ဇင့်ဓာတ် ကောင်းကောင်းပါရှိပြီး ဆံပင် ထူထပ်စွာ ပေါက်စေပါတယ်။ ဘရာဇီးစေ့ (Brazil nut) တွေကတော့ Selenium ပိုမို ကြွယ်ဝပြီး ဦးရေပြားကို ပိုပြီး အားကောင်းစေ ပါတယ်။ ဝက်သစ်ချ စေ့မှာ ဆိုရင်လည်း Alpha-linolenic Acid ပိုမိုပါရှိပြီး ဆံပင်ကို ပျော့ပျောင်းစေပါတယ်။ ပြီးတော့ အခွံမာစေ့တွေမှာတွေ့ရတဲ့ ဗီတာမင် အီးက ဆံပင်ကို သန်စွမ်းစေပါတယ်။ ဗီတာမင် အီးချို့တဲ့မယ် ဆိုရင်တော့ ဆံပင်ကျွတ်လွယ်စေတာ တွေ့ရပါတယ်။
(၁၀) ဆော်လမွန်ငါး ။ ။ အဆီပါဝင်မှု ကောင်းတဲ့ ငါး ဖြစ်ပြီး သင့်ကို ဦးနှောက်စွမ်းရည် ပိုကောင်းစေပါတယ်။ သွေးလည်ပတ်မှုလည်း မှန်စေတယ်၊ အရေပြားနဲ့ ဆံပင်ကိုလည်း စိုပြေ သန်စွမ်းစေပါတယ်။ အထူးသဖြင့်တော့ ဆော်လမွန်ငါးက ဆံပင်သန်စေ ပါတယ်။ သူ့မှာ အသားဓာတ် ကောင်းကောင်းပါတယ်၊ အိုမီဂါ ၃ ဖက်တီအက်ဆစ်လည်း ပါတယ်၊ သံဓာတ်ရော၊ ဗီတာမင် ဘီ ၁၂ ပါ ပါရှိပါတယ်။ ဒီဓာတ်တွေ အားလုံးက ဆံပင်ကို ကောင်းကောင်းပေါက်ရောက် စေတယ်၊ တောက်ပနက်မှောင် စေတယ်၊ ဆံပင်ကျွတ်ခြင်းရော ဦးရေပြား ခြောက်သွေ့ခြင်းကိုပါ ကာကွယ်ပေးပါတယ်။
Ref: www.wonderslist.com