နို့ထွက်ပစ္စည်းတခုဖြစ်တဲ့ ဒိန်ခဲက လူကြိုက်များသလို အရသာကောင်းတဲ့ အစာတခုပါ။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေကို သဘောမကျသူတွေ၊ ကျန်းမာရေး ရှုထောင့်က သူတွေကတော့ သူ့မှာ တည်မြဲ အဆီပါရှိမှုများတယ်၊ ဒီအဆီက နှလုံးနဲ့ သွေးကြောတွေထဲမှာ အဆီတွေ စုနေ၊ ပိတ်နေစေတယ်လို့ ဆိုကြသလို ဒိန်ခဲ နှစ်သက်သူတွေကလည်း ကယ်လ်စီယမ် ပြည့်ဝစာ ဖြစ်လို့ အရိုးတွေကို အားကောင်းစေတယ်လို့ ဆိုပြန်ပါတယ်။
ဒါပေမယ့် အခုတော့ ဒိန်ခဲနဲ့ ပတ်သက်တဲ့ လေ့လာချက်အသစ်တခု ရလာပါပြီ။ ဒီ ရလဒ်ကတော့ နို့ထွက်ပစ္စည်း မကောင်းကြောင်း ပြောသူတွေကို ပါးစပ်ပိတ်သွားစေနိုင်လောက်အောင် ဖြစ်နေပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်ကထွက်သော European Journal of Nutrition မှာပါတဲ့ ဆောင်းပါးအရ ဒိန်ခဲ ပုံမှန် စားသုံးသူတွေက နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ရောဂါ ဖြစ်နိုင်ချေ ၁၄ ရာခိုင်နှုန်းထိအောင် လျော့ကျစေသလို လေဖြတ်နိုင်မှု ဖြစ်နိုင်ချေကိုလည်း ၁ဝ ရာ ခိုင်နှုန်းထိအောင် လျော့ချနိုင်တယ်လို့ သိလာရလို့ ဖြစ်ပါတယ်။
အစကတော့ နို့ထွက်ပစ္စည်း အားမပေးသူတွေရဲ့ အဓိကပြောဆိုတဲ့ အားနည်းချက်က နှလုံးသွေးကြောတွင်း အဆီစုမှု ပိုစေလို့ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်စေတယ်ဆိုတဲ့ အချက်နဲ့ သွေးတွင်း အဆီပိတ်မှုများလို့ သွေးလည်ပတ်မှု အားနည်းပြီး လေဖြတ်နိုင်မှု ပိုစေနိုင်တယ်လို့ ဆိုနေတာ ဖြစ်ပေမယ့် အခု လေ့လာချက်အရတော့ စိုးရိမ်စရာ အနေအထား ၂ ခုလုံးကို လျော့ချပေးနိုင်တာဖြစ်လို့ သဘောကျစရာပါ။
ဒီလေ့လာချက်ကို နယ်သာလန်နဲ့ တရုတ်က လေ့လာသူတွေ ပူးပေါင်း လေ့လာထားတာဖြစ်ပြီး ၁ဝ နှစ်တာကာလအတွင်း လေ့လာချက်ပေါင်း ၁၅ ခုကျော် လုပ်ခဲ့သလို စစ်တမ်းအတွင်း လူပေါင်း ၂ သိန်းကျော်လောက်ကို လေ့လာစောင့်ကြည့်မှု လုပ်ဆောင် သိရှိလာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လေ့လာသူတွေကတော့ ဒိန်ခဲမှာပါရှိတဲ့ ကယ်လ်စီယမ်၊ အသားဓါတ်နဲ့ ပရိုဘိုင်အိုတစ်(probiotics)တွေကြောင့် ကျန်းမာရေးကို ပိုမို ကောင်းမွန်စေတာဖြစ်နိုင်တယ်လို့ ယူဆနေပြီး တည်မြဲ အဆီပါရှိမှုများပေမယ့် ကျန်းမာရေးကို ထိခိုက်မှု ပေးတာထက် အကျိုးရလဒ် ဖြစ်စေတယ်လို့ ဆိုပါတယ်။ လေ့လာမှု လုပ်ဆောင်စဉ်ကာလအတွင်း တရက်ကို ဒိန်ခဲ ၄၀ ဂရမ်လောက်ထိအောင် ပုံမှန် စားသုံးသူတွေမှာဆိုရင် နှလုံးနဲ့ လေဖြတ်ခြင်းလို ရောဂါဖြစ်နိုင်ချေကို သိသိသာသာ လျော့ချနိုင်တယ်ဆိုတာ တွေ့ရှိထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒိန်ခဲ များများစားတိုင်း ကျန်းမာရေး ပိုမို ကောင်းမွန်စေမှာ မဟုတ်ဘဲ အစားများရင်တော့ အဆီစုဖွဲ့မှု ပိုစေတယ်လို့ ဆိုပါတယ်။
တရက်ကို ဒိန်ခဲ တပေါင်လောက်ထိအောင် စားလာမယ် ဆိုရင်တော့ ရောဂါဖြစ်နိုင်ချေကို ပိုမို တိုးမြင့်စေတယ်လို့ ဆိုပါတယ်။ Mount Sinai Medical Centerမှာ ရှိတဲ့ Ichan ဆေးကျောင်းက သွေးကြောပိုင်းဆိုင်ရာ ဆေးပညာရှင် ဒေါက်တာ Allan Stewart ကတော့ ဒိန်ခဲများများ ပါဝင်တဲ့ ပီဇာလို မုန့်တွေ အစားများရင်တော့ ကျန်းမာရေးအတွက် မကောင်းစေပါဘူး၊ ဒိန်ခဲ အနည်းငယ် ပါရှိမယ့် ခရက်ကာလို မုန့်စားသူတွေအတွက်တော့ ကောင်းပါတယ်လို့ ရှင်းပြပါတယ်။ ဒါဆိုရင်တော့ လေ့လာချက်အရ အကောင်းဆုံးဖြစ်မယ့် တရက်ကို ဒိန်ခဲ ၄ဝ ဂရမ်လောက်တော့ ပုံမှန် စားသုံးပေးတာ အဆင်ပြေမယ်ထင်ပါရဲ့နော်။
www.maxim.com တွင် ဖော်ပြထားတဲ့ Eating cheese is actually good for you, claims awesome new study ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။