အရင်ကတည်းက သိထားသူတွေ ရှိပါလိမ့်မယ်၊ အိပ်ယာမဝင်ခင် လိင်ဆက်ဆံမှုက ကောင်းကောင်း အိပ်ပျော်စေတယ် ဆိုတာကိုပေါ့။ ဒါပေမယ့် အခုက လေ့လာသူတွေ လေ့လာပြီး သေချာတဲ့ ထောက်ခံချက် ပေးလာတာ ဖြစ်လု့ိ ကျန်းမာရေး ဘေးထွက် ဆိုးကျိုး မရှိဘဲ ကောင်းကောင်း အိပ်ပျော်စေနိုင်မယ့် နည်းလမ်း ဆိုတာ သေချာစေလာတာဖြစ်လို့ နည်းနည်း ပြောပြချင်တာပါ။
လေ့လာသူတွေကတော့ ဒီလို မအိပ်ခင်မှာ လိင်ဆက်ဆံမှုဟာ ပင်ပန်းနွမ်းနယ်မှုကြောင့် တပါတည်း အနားယူလိုက်ချိန် ကောင်းကောင်း အိပ်ပျော်စေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဆို အိမ်ထောင်သည်တွေ အတွက်ပဲ လိင်ဆက်ဆံဖို့ အဆင်ပြေမယ်၊ အိပ်မောကျစေမယ်လား ဆိုတော့ မဟုတ်သေးပါဘူး။
လိင်ဆက်ဆံမှုလို့ဆိုတဲ့နေရာမှာ လိင်ဆက်ဆံဖက် မရှိသူတွေအတွက်လည်း တကိုယ်ရည်အာသာဖြေမှုက လိင်ဆက်ဆံခြင်းနဲ့ တူပြီး အိပ်မောကျစေနိုင်တယ်လို့ ဆိုပါတယ်။
ဒီလေ့လာချက်ကို ပြုလုပ်ခဲ့တဲ့ သြစတြေးလျ အိပ်စက်မှုဆိုင်ရာ လေ့လာသူ ဒေါက်တာ Michele Lastella က အသက် ၁၈ နှစ်ကနေ ၇၀ အတွင်း အရွယ်ရှိ လူပေါင်း ၄၆၀ ကို လေ့လာစောင့်ကြည့်မှုုပြုလုပ်ခဲ့ပြီး လိင်ဆက်ဆံမှုနဲ့ ကောင်းစွာ အိပ်မောကျမှုတွေက ဆက်စပ်မှုရှိတယ်ဆိုတာ သိလာရသလို မိမိအဖော်နဲ့ လိင်ဆက်ဆံပြီး အိပ်စက်ခြင်းက အကောင်းဆုံး အိပ်ပျော်မှုရှိစေတယ်ဆိုတာ သိလာတာလည်း ဖြစ်ပါတယ်။
လေ့လာချက်အရ မအိပ်ခင်မှာ လိင်ဆက်ဆံမှုလည်း ရှိတယ်။ မိမိ ကာမဆန္ဒလည်း ပြီးမြောက်တယ်၊ ကောင်းကောင်းလည်း အိပ်ပျော်တယ်လို့ ဖြေဆိုသူက အားလုံးရဲ့ ၆၄ ရာခိုင်နှုန်းထိအောင် ရှိတယ်လို့ ဒေါက်တာ လက်စတယ်လာက Adelaide Now ရဲ့ မေးမြန်းချက်ကို ဖြေဆိုတာလည်း တွေ့ရပါတယ်။
သူကပဲ ဆက်ပြီးတော့ ဒီလို အိပ်ယာဝင်ချိန် လိင်ဆက်ဆံမှုမှာ အကောင်းဆုံး သာယာမှုအတွက် အလုပ်နဲ့ ပတ်သက်တဲ့ လပ်တော့တွေ ဖုန်းတွေကို မေ့ထား၊ ပိတ်ထားပြီး ဆက်ဆံမှု ပြုလုပ်ခြင်းက ဆန္ဒပြည့်ဝမှု အားကောင်းစေသလို အိပ်ပျော်ဖို့လည်း လွယ်စေတယ်လို့ ဆိုပါတယ်။ သူကတော့ အလုပ်တွေ၊ တာဝန်တွေ အားလုံးကို မေ့ထားပြီး မအိပ်ခင် လိင်ဆက်ဆံမယ်၊ ပြီးရင် အိပ်စက်မယ်ဆိုရင် ကောင်းကောင်း အိပ်မော ကျစေသလို ကျန်းမာရေးလည်း ကောင်းမွန် လန်းဆန်းစေတယ်လို့ ဆိုတာပါ။
ဒေါက်တာ လက်စတယ်လာရဲ့ လေ့လာချက်လိုပဲ အော့စ်ဖို့ စီးပွားရေး သိပ္ပံက အမျိုးသား လူမှုရေးရာဌာန ကလည်း လေ့လာချက် လုပ်ဆောင်ထားတာတွေ့ရပြီး အဆိုပါ လေ့လာချက်ကို New York Post သတင်းစာမှာ ဖော်ပြထားပြီး လေ့လာချက်အရ Sex+Sleep= Happiness အဖြစ် ညီမျှခြင်းအဖြေထုတ်ထားတာကိုပဲ တွေ့ရပါတယ်။ လိင်ဆက်ဆံမှုနဲ့ အိပ်စက်ခြင်းက ပျော်ရွှင်ခြင်းကို ဖြစ်စေတယ်လို့ အဆိုပါ လေ့လာချက် ကလည်း ထောက်ခံထားတာ တွေ့ရပါတယ်။
အော့စ်ဖို့ရဲ့ လေ့လာချက်မှာတော့ ပြည်သူ ၈၂၅၀ လောက်ထိအောင် သူတို့ရဲ့ ဘဝနေထိုင်မှုပုံစံအပါအဝင်၊ လိင်ဆက်ဆံမှု၊ အိပ်စက်မှုနဲ့ စိတ်ရွှင်လန်း ပျော်ရွှင်မှုတွေကို စစ်တမ်းကောက် လေ့လာထားတာ ဖြစ်ပါတယ်။ လေ့လာချက်အရ ရာခိုင်နှုန်း ၆ဝ လောက်သော ဖြေဆိုသူတွေက လိင်ဆက်ဆံမှုနဲ့ အိပ်စက်ခြင်းက ပျော်ရွှင်ခြင်းကို ပေးတယ်လို့ ဖြေလာတာတွေ့ရတာပဲ ဖြစ်ပါတယ်။ ဒါက သြစတြေးလျက ဒေါက်တာ လက်စတယ်လာရဲ့ရလဒ်နဲ့ ဆင်တူနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ထူးခြားချက်က ကျန် ၄၀ ရာခိုင်နှုန်း ခန့်သော ဖြေဆိုသူတွေ မအိပ်ခင် လိင်ဆက်ဆံမှု မရှိသူတွေ အများစုဖြစ်နေပြီး ဒီလို မဆက်ဆံဘဲ အိပ်စက်သူ ရာခိုင်နှုန်း ၄၀ လောက်ထဲက ၂၀ လောက်က ဘဝကို ပျော်ရွှင်ကျေနပ်မှု လုံး၀ မခံစားရဘူးလို့ ဖြေဆိုကြတာ ဖြစ်လို့ မအိပ်ခင် လိင်ဆက်ဆံမယ်၊ အိပ်မယ် ဆိုတဲ့ နေထိုင်ပုံက အိပ်ပျော်ဖို့ရော ဘဝမှာ ပျော်ရွှင်လန်းဆန်းဖို့ပါ အဓိက အရေးပါသလို ဖြစ်လာပါတယ်။
ဖြေဆိုသူ အားလုံးရဲ့ ၃၅ ရာခိုင်နှုန်းလောက်က မအိပ်ခင် လိင်ဆက်ဆံတယ်၊ အိပ်တယ်၊ ဒီလို နေထိုင် လည်ပတ်မှုကို အလွန်နှစ်သက်တယ်လို့ ဖြေဆိုတာတွေ့ရသလို အားလုံးရဲ့ ၆၃ ရာခိုင်နှုန်းကတော့ အိပ်ယာဝင် လိင်ဆက်ဆံမှုမှာ အဆင်ပြေ ပျော်ရွှင်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ အရင်ကလည်း သိထားသလို မအိပ်ခင် လိင်ဆက်ဆံတယ်၊ အိပ်တယ်၊ လန်းလန်းဆန်းဆန်း အိပ်ယာထတယ်၊ ဒါဟာ ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေတဲ့ နေထိုင်မှု အကျင့်တခုဆိုတာ သေချာနေပါပြီဗျာ။
www.maxim.com တွင် ဖော်ပြထားတဲ့ Having sex right before bed is the key to a great night’s sleep ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။