လူတိုင်းမှာ စိတ်ဖိစီးမှုအနည်းနဲ့ အများတော့ ရှိကြတာပါပဲ။ ဒီတော့ ရုပ်နဲ့ စိတ်က မဆိုင်ဘူးလို့တော့ မထင်ပါနဲ့။ စိတ်ပျိုမှ ကိုယ်နု ဆိုတဲ့ စကားလည်း ရှိတယ် မဟုတ်ပါလား၊ စိတ်ဖိစီးမှုများပြီး စိတ်လန်းဆန်းမှု နည်းရင်တော့ ရုပ်ခန္ဓာလည်း လိုက်ပြီး အိုမင်းမှု ဖြစ်လာစေပါတယ်။ ဇရာကြောင့် အိုမင်းမှုအပြင် စိတ်ကြောင့်လည်း အိုစာမှုတွေ ဖြစ်နိုင်တာပေါ့။ ဒီတော့ အသက် အရွယ်ကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ကျနော်တို့ ကိုယ်ခန္ဓာမှာ ဘယ်အပိုင်းက အိုစာမှု အမြန်ဆုံးပါလဲ။
ခြေ၊ လက်၊ ခေါင်း၊ ကိုယ်ပိုင်း စတဲ့ အပိုင်းတခုချင်းစီကို လေ့လာစောင့်ကြည့်မှုတွေ လုပ်ဆောင်ပြီး သိလာရတဲ့ အဖြေကတော့ ကျနော်တို့ ခန္ဓာကိုယ်မှာ အိုမင်းမှု အမြန်ဆုံး အပိုင်းက ဦးခေါင်းပိုင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ဦးခေါင်း(အထူးသဖြင့် မျက်နှာ)ရဲ့ အိုမင်းမှုနှုန်းက တခြား အစိတ်အပိုင်းတွေထက် စာရင် အိုမင်းမှုနှုန်း သိပ်တော့ မများပါဘူး။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု၊ စိတ်ပြောင်းလဲမှုတွေကြောင့်သာ နာနိုစက္ကန့်(ဝ.၀၀၀ ၀၀၀ ၀၀၁)စက္ကန့်နဲ့ တိုင်းတာမယ်ဆိုရင် အသက် ၇၉ နှစ် အရွယ် အရောက်မှာမှ လူတယောက်ဟာ သူရဲ့ မျက်နှာက ၉၀ နာနိုစက္ကန့်ထက် စောပြီး အခြား ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေထက် အိုမင်းမှု မြန်ဆန်နေတာပါ။ ဒါပေမယ့် အခုလောက် အချိန်တိုလေး စောပြီး အိုမင်းမှုက စိတ်ခံစားမှုများတဲ့ လူသားတွေမှာတော့ အရမ်း သိသာပါတယ်။
ဒီအချက်ကို သိခဲ့ရတာက အိုင်းစတိုင်းရဲ့ သီအိုရီအပေါ် အခြေခံမှုရယ်၊ နောက်ပိုင်း တိုးတက်လာတဲ့ သိပ္ပံပညာရပ်တွေကြောင့်ရယ် ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အိုမင်းမှုတွေဟာ အထက်မှာပြောခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာကြောင့် အိုမင်းမှုအပြင်၊ သင့်အနေနဲ့ ဘဝမှာ ဘယ်လို ရုန်းကန် နေထိုင်သလဲ၊ ဆိုလိုတာက အလုပ်ကြမ်းလုပ်သလား၊ ဇိမ်ကျကျ နေသလား၊ လေ့ကျင့်ခန်း လုပ်သလား စသဖြင့် သင့်ရဲ့တနေ့တာလှုပ်ရှားမှုတွေနဲ့ မြေဆွဲအားကွာခြားချက် အပေါ် မူတည်ပါတယ်။ သင် နေထိုင်တဲ့ အရပ်ဒေသဟာ ပင်လယ်မြေမျက်နှာပြင်အထက် ဘယ်လောက်မှာ ရှိသလဲ၊ အဆိုပါ အမြင့်ပေကွာဟချက်နဲ့အတူ မြေဆွဲအားလည်း အနည်းနဲ့အများ ကွဲပြားမှုရှိနိုင်တာတွေက သင့်ကို အိုမင်းမှု ဖြစ်စေတဲ့ အပေါ်မှာ ကွာခြားချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုမျိုး အမြင့်ပေ ကွာဟချက်မှာ မြေဆွဲအား ကွာဟချက်ရှိပြီး အိုမင်းမှုကိုလည်း သက်ရောက်မှု ရှိစေတာကြောင့် National Institute of Standards and Technology(NIST)ကနေ လေ့လာသူတွေဟာ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၁ ပေကွာတိုင်း အိုမင်းမှုအပေါ်မှာ ဘယ်လောက်ထိအောင် သက်ရောက်မှုရှိတယ် ဆိုတာကို လေ့လာခဲ့ကြပါတယ်။ သူတို့ဟာ Atom တွေနဲ့ ဖန်တီးထားတဲ့ နာရီကို သုံးခဲ့ကြပါတယ်။ ဒီနာရီက စက္ကန့်စိတ် ပြသမှုမှာ တစ်စက္ကန့်ရဲ့ အပုံ တသန်းပုံရဲ့ သန်းတစ်ထောင်ပုံ၊ (တစ်စက္ကန့်ရဲ့ ဝ.၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၁ အပိုင်း) ထိအောင် ပြသပေးနိုင်တာ ဖြစ်ပါတယ်။
ဒီနာရီကို အသုံးပြုပြီး ပယ်လယ်ရေမျက်နှာပြင်မှာ နာရီရဲ့ လည်ပတ်နှုန်းကို မှတ်သားတယ်၊ အမြင့်ပေ ၁ ပေချင်းစီ တက်သွားခဲ့သလို တပေချင်းစီ အမြင့်မှာ နာရီရဲ့ လည်ပတ်နှုန်းကို မှတ်သားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ တွေ့လာရတာကတော့ ပင်လယ်ရေမျက်နှာပြင်ကနေ အထက်ကို ရောက်သွားတိုင်း မြေဆွဲအား အနည်းငယ် လျော့ကျသွားပြီး မြင့်လာလေလေ နာရီက ပုံမှန်ထက် လည်ပတ်နှုန်း အနည်းငယ် မြန်လာလေလေ ဖြစ်တယ်ဆိုတာ တွေ့ခဲ့ကြရပါတယ်။
ဒီတော့မှ လေ့လာသူတွေ သိလိုက်တာက သင့် အနေနဲ့ ခြေထောက်နဲ့ ဦးခေါင်းမှာ ဆိုရင်လည်း ဦးခေါင်းက အထက်မှာ ရှိပြီး ခြေထောက်ထက် မြေဆွဲအားနည်းတဲ့အရပ်မှာရှိတဲ့ ဦးခေါင်းက ပိုပြီး အိုမင်းမှု မြန်တယ်ဆိုတာ အဖြေ ဆက် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် မြေဆွဲအားကြောင့် အသက်အရွယ် အိုမင်းမှုအနေနဲ့ စက္ကန့်စိတ် အရမ်းများလို့ သက်ရောက်မှုနည်းပြီး စိတ်ကြောင့် အိုမင်းမှုက အထက်မှာ ပြောခဲ့သလို သက်ရောက်မှု ပိုစေတယ်လို့ ဆိုပါတယ်။ စိတ်ပျိုမှ ကိုယ်နု စကားက အခုလို သိပ္ပံ နည်းကျကျ လေ့လာသိရှိလာချိန်မှာ တကယ်တမ်း အသုံးဝင်နေပါပြီ။ စိတ်ဖိစီးမှု လျော့နည်းအောင်၊ စိတ်လန်းဆန်း ပျော်ရွှင်အောင် ကြိုးစားနေထိုင်မှပဲ သင့်ရဲ့ ခန္ဓာကိုယ်က အိုမင်းမှု အမြန်ဆုံး အပိုင်း ဖြစ်တဲ့ ဦးခေါင်း(မျက်နှာ)က အရွယ်တင်ပါလိမ့်မယ်။
www.rd.com တွင်ဖော်ပြထားတဲ့ This body part ages faster than the rest of you ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။