ကင်ဆာဘေး ကင်းဝေးအောင် နည်းလမ်း ၉ ချက်ဆောင်
အင်္ဂလိပ်အက္ခရာ “C” နဲ့ စတဲ့ ကင်ဆာရောဂါရဲ့ ခြိမ်းခြောက်မှုကို လူအများ စိုးရွံ့နေကြရပါတယ်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည် လို့ ပြောဆိုရင်းနဲ့ပဲ နေ့စဉ်နဲ့အမျှ လူပေါင်းများစွာဟာ ဒီရောဂါဆိုးကြီးကို ရင်ဆိုင် နေရပါတယ်။ ဒါပေမယ့် နေ့စဉ် အသွားအလာ၊ အစားအသောက်နဲ့ ကိုယ်လက် လေ့ကျင့်ခန်းနဲ့ တားဆီးမယ် ဆိုရင်တော့ ကင်ဆာရောဂါဘေးက ဝေးနိုင်စရာ အကြောင်း ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချပြတဲ့ နည်းလမ်းတွေနဲ့ ကင်ဆာရောဂါကနေ ကင်းဝေးရေး အတွက် အထောက်အကူပြုမယ့် ဆောင်ရန်၊ ရှောင်ရန်တွေကို တင်ပြလိုက်ပါတယ်။
၁။ ဆေးလိပ်မသောက်ပါနဲ့
ဆေးလိပ် ဒါမှမဟုတ် ဆေးရွက်ကြီးကို အခြား တနည်းနည်းနဲ့ မသုံးစွဲပါနဲ့။ တကယ်လို့ ဆေးရွက်ကြီး ထုတ်ကုန်တခုခုကို သုံးနေမိတယ် ဆိုရင်တော့ ကင်ဆာရောဂါ ကာကွယ်နိုင်ဖို့ အတွက် ချက်ချင်းဖြတ်သင့်ပါတယ်။ ဆေးလိပ်ဖြတ်ရတဲ့ ကိစ္စက လွယ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဖြတ်လိုက်တဲ့ အတွက် အကျိုးရလဒ်ကတော့ တခဏအတွင်း ခံစားရမှာပါလို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ကျန်းမာရေး ဂရုစိုက်ခြင်းဟာ အသက်ရှည်ရှည်နေနိုင်ဖို့ပါ။ ဒါကတော့ ရိုးရှင်းစွာနဲ့ တဆင့်ပြီး တဆင့် ကင်ဆာဘေးက ကာကွယ်နည်းပါပဲ။
၂။ သင့်ဝန်းကျင်မှာ မီးခိုးကင်းပါစေ
သင့်အိမ်ဝန်းကျင်မှာ မီးခိုးကင်းစင်အောင် သန့်ရှင်းနေပါစေ။ ဆေးရွက်ကြီး မသုံးပေမယ့်လည်း ကင်ဆာကင်းဝေးစေဖို့ တခြား မီးခိုးငွေ့တွေကိုလည်း တတ်နိုင်သမျှ ရှောင်ဖို့လိုပါတယ်။ ကင်ဆာရောဂါအားလုံးဟာ ကိုယ်တိုင် မသောက်သုံး ပေမယ့် တခြား လူတွေသောက်သုံးတဲ့ စီးကရက်၊ ဆေးပြင်းလိပ်နဲ့ဆေးတံက ထွက်တဲ့မီးခိုးငွေ့တွေကို တဆင့်ခံ ရှူရှိုက်မိရာက ဖြစ်ပွားတာ တွေ့ရပါတယ်။
ဒါအပြင် မီးခိုးငွေ့မှိုင်းတွေ စွဲကပ်နေတဲ့ နေရာမှာ နေမိရင်လည်း တတိယနည်းလမ်းနဲ့ မီးခိုးငွေ့ဆိုးကျိုး ခံစားရသူ အဖြစ် သတ်မှတ်ပါတယ်။ မီးခိုးငွေ့အကြွင်းအကျန် ဖြစ်တဲ့ မှိုင်းတွေ၊ ကျပ်ခိုးတွေဟာလည်း ကျန်းမာရေးကို ထိခိုက်စေတာပါပဲ။
တကယ်လို့များ ဆေးလိပ်သောက်တဲ့သူနဲ့ တအိမ်တည်း၊ တခန်းတည်းအတူနေမိတယ် ဆိုရင် သူ့ကို ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းပါ။ သူ့အနေနဲ့ ဖြတ် မရဘူးဆိုရင်လည်း သင့်အိမ်၊ သင့်အခန်း၊ သင့်ကားရဲ့ အပြင်ဘက်ကို ထွက်သောက်ပါစေ။ အရွယ် ရောက်ပြီးသူတွေ၊ ကလေးငယ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်မှာတောင် ဒုတိယဆေးလိပ်ငွေ့ခံရသူ၊ တတိယ ဆေးလိပ်ငွေ့ ခံရသူ အဖြစ်နဲ့ ဘေးဥပါဒ်ဖြစ်စေပါတယ်။
၃။ ကိုယ်လက်လှုပ်ရှား လုပ်ပါ
ကိုယ်လက်လှုပ်ရှားပြီး တက်ကြွစွာနေပါ။ ကိုယ်လက်လှုပ်ရှား နေခြင်းဟာ ကင်ဆာကာကွယ်ဖို့ ကောင်းမွန်တဲ့ နည်းလမ်း တရပ်ပါပဲ။ အထူးသဖြင့် ရင်အုပ်ပိုင်းနဲ့ ဝမ်းဗိုက်ပိုင်းမှာ ကိုယ်လက်လှုပ်ရှား အာကစား ပြုလုပ်လေလေ ကင်ဆာဖြစ်ဖို့ နည်းလေလေ ပါပဲ။ တနေ့ကို မိနစ် ၂၀ လောက် အားကစားလုပ်ပေးရင် ကင်ဆာကာကွယ်ဖို့ အတွက် လုံလောက်တယ် ဆိုလို့ ဆိုပါတယ်။
၄။ နှလုံးသန်စွမ်းဖို့ အာဟာရဖြည့် စားသုံးပါ
နှလုံးကျန်းမာသန်စွမ်းစေဖို့ အာဟာရဖြည့်ဆည်း စားသုံးပါ။ ကျန်းမာရေး ကောင်းစေချင်ရင်တော့ အစာအာဟာရ ပြည့်ပြည့် ၀၀ စားဖို့ လိုပါတယ်။ နှလုံးကျန်းမာ သန်စွမ်းဖို့ ကင်ဆာရောဂါက ကာကွယ်ပေးတဲ့ ဓာတ်စာတွေ ရွေးချယ်စားသုံး တတ်ဖို့ လိုပါတယ်။ အနည်းဆုံး သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပေးပါ။ ဆား၊ အဆီနဲ့ စားသုံးဆီကို ချင့်ချိန်စားသုံးပါ။
၅။ အရက် ရှောင်ပါ
အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၉ ခုနှစ်က ကင်ဆာရောဂါနဲ့ သေဆုံးခဲ့သူ အားလုံးရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်းဟာ အရက်သောက်ခြင်း အယ်လ်ကိုဟောနဲ့ ဆက်စပ်တယ် လို့ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်မို့ သောက်တတ်တယ် ဆိုရင်လည်း အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားပဲ ဖြစ်ဖြစ် အလွန်အကျွံ မသောက်သုံးမိဘဲ ကင်ဆာကာကွယ်ဖို့ တိုက်တွန်း ပါတယ်။
၆။ နေရောင်ခြည် အလွန်အကျွံမခံပါနဲ့
နေရောင်ခြည် အလွန်အကျွံခံရတာမျိုး မဖြစ်ပါစေနဲ့။ ကူးစက်ရောဂါ ပြန့်ပွားခြင်းနဲ့ ထိန်းချုပ်ခြင်း ပညာပေးဂျာနယ်မှာ အသက် ၁၅ နှစ်မှ ၂၀ အတွင်းရှိ အမျိုးသမီးတွေရဲ့နေရောင်ခြည်ခံရမှုကို လေ့လာစူးစမ်းချက် အရ ၈၀ ရာခိုင်နှုန်းဟာ မီလာနိုမာ အန္တရာယ် ရှိနေတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ မီလာနိုမာ ဆိုတာ နေရောင်ခြည်ကြောင့် အရေပြားပေါ်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ အမည်းကွက်တွေကို ခေါ်တာပါ။ နေရောင်ခြည် အလွန်အမင်း ခံယူခြင်းဟာ အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။
ဒါကြောင့် အရေပြားကို နေရောင်ခြည် တိုက်ရိုက် မကျရောက်အောင် တတ်နိုင်သမျှ ကာကွယ်ခြင်းဖြင့် အရေပြားကင်ဆာ ဘေးက ရှောင်ရှားနိုင်ပါတယ်။ နေလောင်ဒဏ်ကာကွယ်မှု (Sun Protection Factor- SPF) ပါဝင်တဲ့ လိုးရှင်၊ အသားအရေ အစိုဓာတ် ထိန်းသိမ်းပေးတဲ့ မွိုက်ချာရိုက်ဇာ လိမ်းဆေး တို့ကို သုံးစွဲပြီး အရေပြားကို ဂရုစိုက်ခြင်းဖြင့် ကင်ဆာရောဂါ ကာကွယ်နိုင်ပါတယ်။
၇။ နို့တိုက်မိခင်တွေမှာ ကင်ဆာဖြစ်နိုင်ခြေနည်းပါးတယ်
တကယ်လို့ အမျိုးသမီးတွေမှာ သားသည်မိခင် အဖြစ် နို့တိုက်နေဆဲဖြစ်တယ် ဆိုရင် ကင်ဆာရောဂါဖြစ်နိုင်ခြေ အလွန် နည်းပါးတယ် လို့ ဆိုပါတယ်။ ကလေးကို ဂရုစိုက်နေရတဲ့ ဇီဝဖြစ်စဉ်တွေဟာ ကင်ဆာဘေးက ကင်းဝေးစေပါတယ်။ နို့တိုက်မိခင်တွေမှာ ခန္ဓာကိုယ်အတွင်း အက်စ်ထရိုဂျင်ဓာတ် လျော့နည်းနေတဲ့အတွက် ရင်သားကင်ဆာဖြစ်ဖို့ အခွင့်အလမ်း အင်မတန်နည်းပါးပါတယ်။
၈။ ကာကွယ်ဆေး ထိုးပါ
အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးနဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတို့ကို ထိုးနှံပေးသင့်ပါတယ်။ ငယ်ရွယ်တုန်းမှာ ကာကွယ်ဆေး ထိုးထားခြင်းဖြင့် သက်တမ်းတလျှောက် ပိုပြီး လုံခြုံစိတ်ချရစေပါတယ်။ အထူးသဖြင့် အသည်းရောင်အသားဝါ ဘီပိုးဟာ အရည်ထဲမှာ နေတတ်တာကြောင့် အသည်းကင်ဆာ ဖြစ်ဖို့ ၈၀ ရာခိုင်နှုန်းပိုများပါတယ်။ ၁၉၉၀ ပြည့်လွန်နောက်ပိုင်း ဘီပိုးကာကွယ်ဆေး ပေါ်ပြီးတဲ့နောက်မှ အသည်းကင်ဆာ ဖြစ်ပွားမှု ရာခိုင်နှုန်းကို သိသိသာသာ လျှော့ချနိုင်ခဲ့တာပါ။
ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာ ရောဂါဟာလည်း လိင်ဆက်ဆံခြင်းကနေ ကူးစက်တဲ့ သဘာဝရှိတဲ့ အတွက် မထိုးမဖြစ် ထိုးနှံသင့်တဲ့ ကာကွယ်ဆေးပါ။ ကလေးသူငယ် ၁၁ နှစ်၊ ၁၂ အရွယ်တွေမှာတောင် သားအိမ်ကင်ဆာ ရောဂါပိုး တွေ့ရတဲ့ အတွက် ကာကွယ်ဆေး စောစောထိုးသင့်တယ်လို့ ပညာရှင်တွေ ယူဆနေကြပါတယ်။ အရေးကြီးတဲ့ ကင်ဆာကာကွယ်ဆေး ထိုးဖို့ မမေ့ပါနဲ့။
၉။ ပုံမှန် ဆေးစစ်မှု ခံယူသင့်ပါတယ်
ကင်ဆာရောဂါ ရှာဖွေ ပုံမှန် ဆေးစစ်မှု ခံယူသင့်ပါတယ်။ ရောဂါစောစော သိရင် စောစော ကုလို့ ရတာမို့ ကင်ဆာရှေ့ပြေး လက္ခဏာတွေနဲ့ သင်္ကာမကင်းဖြစ်ရင် ဆေးစစ်ဖို့ မမေ့ပါနဲ့။ ပုံမှန် စစ်ဆေးသင့်တာက ရင်အုပ်ပိုင်း၊ ဝမ်းဗိုက်ပိုင်းနဲ့ အမျိုးသားများ ဆီးကျိတ်စသည်တို့ ဖြစ်ပါတယ်။ အသက်အရွယ်အလိုက် ကင်ဆာဖြစ်ပွားနိုင်ခြေ အနေအထားကို ဆရာဝန်နဲ့ တိုင်ပင်တာ မမှားဘူးလို့ ဆိုပါရစေ။
Ref: www.everydayhealth.com