စွန်ပလွန်သီးသည် အရှေ့အလယ်ပိုင်းဒေသ တခုလုံးနှင့် အိန္ဒိယတိုက်ငယ်တို့၌ ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးသည့် ချိုမြိန်ပြီး လူကြိုက်များသော သစ်သီးဖြစ်သည်။
၎င်း၏ထူးခြားသော အရသာနှင့် ကျန်းမာရေး အကျိုးကျေးဇူးများကြောင့် စွန်ပလွန်သီးကို ကမ္ဘာ တဝန်းစားသုံးကြသည်။
စွန်ပလွန်သီးမှာ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကပင် သဘာဝအတိုင်းစားသုံးခဲ့သော ရှေးကတည်း ကရှိခဲ့သည့် သစ်သီးလည်းဖြစ်သည်။ ထို့ကြောင့်ပင် တကမ္ဘာလုံးသို့တင်ပို့ပြီး ကျန်းမာရေး အသိရှိသူ များက စားသုံးကြသည်။
စွန်ပလွန်သီးကို အစိမ်းစားခြင်းအပြင် မုန့်အချိုများ ပြုလုပ်ရန်နှင့် ဟင်းလျှာအများ အပြားချက်ပြုတ် ရာ တွင်လည်း ထည့်သွင်းချက်ပြုတ်ကြသည်။
၎င်းကို သစ်သီးခြောက်အဖြစ် သတ်မှတ်ထားသော်လည်း စွန်ပလွန်သီးသည် တစိတ်တပိုင်းသာ ခြောက်၍ အပင်မှခူးပြီးကာစတွင် လွန်စွာနူးညံ့သည်။
ယခုအခါစွန်ပလွန်သီး အမျိုးအစားအများအပြားရှိလာရာ အရောင်အသွေး၊ အသားနှင့် အရသာများ ကွာခြားလာသည်။ လတ်ဆတ်သော စွန်ပလွန်သီးများကို ပြုပြင်ပြီးနောက်ဈေးကွက် သို့တင်ပို့ ကြ သည်။
နေ့စဉ် စွန်ပလွန်သီးစားသုံးခြင်း၏ အကျိုးကျေးဇူးများကို အောက်တွင်ဖေါ်ပြထားသည်။
နှလုံးသွေးကြောကျန်းမာရေးကိုတိုးတက်စေခြင်း
စွန်ပလွန်သီးတွင် အင်တီအောက်ဆီဒင့် ခေါ် ဓါတ်တိုးဆန့်ကျင်ပစ္စည်းအများအပြားပါဝင်သည်။ ထိုဓါတ်တိုး ဆန့်ကျင်ပစ္စည်းများသည် သွေးကြောနံရံများတွင် အညှိတက်ခြင်းကို အကာအကွယ်ပေး သည်။
နှလုံးသွေးကြောပိတ်ဆို့ခြင်းသည် သေဆုံးသည်အထိဖြစ်နိုင်သော နှလုံးရောဂါကိုဖြစ်စေနိုင်သည်။
စွန်ပလွန်သီးတွင် နှလုံးသွေးကြော ကျန်းမာရေးကို တိုးတက်စေနိုင်သည့် Isoflavones နှင့် phytoestrogens များလည်း အများအပြားပါဝင်သည်။
အစာခြေဖျက်ရာတွင် အထောက်အကူပြုနိုင်ခြင်း
စွန်ပလွန်သီးတွင် သတ္တုဓါတ်နှင့် ဖိုက်ဘာအမျှင်များလည်း မြင့်မားစွာပါဝင်သည်။ ၎င်းတို့သည် အူလမ်းကြောင်း အစာခြေဖျက်ခြင်းကို ပိုမိုကောင်းမွန်စေသည်။ ဖိုက်ဘာအမျှင်များစွာ ပါဝင်ခြင်းသည် အူလမ်းကြောင်း လှုပ်ရှားမှု နှေးကွေးသော ရောဂါကို ကုသရာတွင် အထောက်အကူပြုပြီး ပိုတက်စီယမ် ပါဝင်မှု မြင့်မားခြင်းသည် ဝမ်းလျှော ဝမ်းပျက်ရောဂါ ခံစားနေရသူများကို သက်သာစေသည်။
ထို့အပြင် စွန်ပလွန်သီ ပုံမှန်စားသုံးခြင်းသည် အစာချက် စနစ်အတွင်း အကျိုးပြုသော ဘက်တီးရီးယားများကို တိုးပွားစေသောကြောင့် အူမကြီးကင်ဆာကို တားဆီးနိုင်သည်။
အရိုးများကို သန်မာစေခြင်း
စွန်ပလွန်သီးတွင် မင်းဂနိစ်၊ မဂ္ဂနီစီယမ်၊ ဆီလီနီယမ်နှင့် ကြေးနီစသည့် အရေးပါသော သတ္တုဓါတ်များ အားလုံး ကြွယ်ဝသောကြောင့် အရိုးဆဲလ်များကို သန်မာစေပြီး အသက်ကြီးသောကြောင့်ဖြစ်ပေါ် သည့် အရိုးပွခြင်းကို ကာကွယ်နိုင်သည်။ ထို့အပြင် စွန်ပလွန်သီး ပုံမှန်စားသုံးပါက အရိုးရောဂါများကို ကာကွယ် နိုင်သည်။
ကိုလက်စထရော လျှော့ချပေးခြင်း
စွန်ပလွန်သီး၌ အဆီလုံးဝမပါသောကြောင့် နေ့စဉ် စားသုံးပါက ခန္ဓာကိုယ်အတွင်း ကိုလက်စထရော အဆင့်ကို လျှော့ချပေးနိုင်သည်။ မကြာသေးမီက သုတေသနပြုချက်များ အရ စွန်ပလွန်သီးတွင် ကြွယ်ဝသော သံဓါတ်နှင့် အမျှင်များသည် ခန္ဓာကိုယ်အတွင်း ကိုလက်စထရောများခြင်းကို တားဆီး နိုင်သည်။
သွေးပေါင်ချိန်ကို ထိန်းသိမ်းပေးနိုင်ခြင်း
စွန်ပလွန်သီးတွင် ပိုတက်စီယမ် ကြွယ်ဝသောကြောင့် ခန္ဓာကိုယ်အတွင်း သွေးပေါင်ချိန်ကို ထိန်းသိမ်း ပေးသည်။ ပိုတက်စီယမ်သည် ဆားတွင် ပါဝင်သော သွေးတိုးစေသည့် ဆိုဒီယမ်၏ သက်ရောက်မှု ကိုလည်း လျှော့ချပေး နိုင်သည်။ အသုံးဝင်သော သတ္တုဓါတ်များပါဝင်သောကြောင့် သွေးပေါင်တက် စေသော သွေးအတွင်းသကြားပါဝင်မှုကိုလည်း လျှော့ချပေးသည်။
မှတ်ဉာဏ်တိုးတက်စေခြင်း
ခေတ်သစ် သုတေသနပြုချက်များအရ စွန်ပလွန်သီးသည် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက် ဖြစ်ခြင်းနှင့် အခြားပုံစံအမျိုးမျိုးဖြင့် ရောင်ရမ်းမှုများကြောင့် ဦးနှောက်ထိခိုက်ခြင်းကို ကာကွယ်ပေး သည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများတွင် နာဗ်ဆဲများ အဆင့်လျှောကျခြင်းကိုတားဆီးပြီး မှတ်ဉာဏ်နှင့်အခြားသော အသိအာရုံများကို တိုးတက်စေသည်။
ရုပ်ပိုင်းခွန်အားတိုးစေခြင်း
စွန်ပလွန်သီးတွင် ဆူးခရို့၊ ဖရူ့တို့စ်နှင့် ဂလူးကို့စ် တို့ကဲ့သို့သော သဘာဝ သကြားဓာတ်များ မြင့်မား စွာပါဝင်သောကြောင့် အလွန်ချိုသည်။ ထိုသဘာဝသကြားများသည် ခန္ဓာကိုယ်အတွင်း ကယ်လိုရီ အများအပြား ထုတ်လုပ်ပေးသောကြောင့် စွမ်းအင်တိုးစေသည်။
စွန်ပလွန်သီး၏ သတ္တုဓာတ်များကြောင့်လည်း ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်ပေးသည်။ ထိုဇီဝကမ္မဖြစ်စဉ်ကလည်း စွမ်းအားများထုတ်လုပ်ပေးသည်။
ညဖက် အမြင်အာရုံချို့ယွင်းမှုကို ကာကွယ်ပေးခြင်း
စွန်ပလွန်သီးတွင် ဗီတာမင် အေ ကြွယ်ဝသောကြောင့် အမြင်အာရုံတိုးတက်စေပြီး ညဖက်အမြင် အာရုံ ချို့ယွင်းခြင်းကို ကာကွယ်ပေးသည်။ ဗီတာမင် အေ ချို့တဲ့ခြင်းသည် ကလေးများ ညဖက်အမြင် အာရုံ ချို့တဲ့ခြင်းကို အဓိကဖြစ်စေသောကြောင့် စွန်ပလွန်သီး ပုံမှန်စားရန်လိုသည်။
ကိုယ်ဝန်ဆောင်များအတွက်ကောင်းခြင်း
ကိုယ်ဝန်ဆောင် ကာလအတွင်း စအိုသွေးကြောများ နာကျင်ရောင်ကိုင်းခြင်းသည် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများဖြစ်စေသည်။ စွန်ပလွန်သီးတွင် အမျှင်ပါဝင်မှု များသောကြောင့် ထိုသို့ ရောင်ကိုင်းခြင်းကို တားဆီးပေးသည်။
စွန်ပလွန်သီးနေ့စဉ်စားသုံးခြင်းသည် အခြားသော ကျန်းမာရေးဆိုင်ရာ များကိုလည်း ကောင်းမွန်စေ သောကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်း အဆင်ပြေစေသည်။
အရေပြားကျန်းမာရေးပိုမိုကောင်းမွန်စေခြင်း
စွန်ပလွန်သီးတွင် ဗီတာမင် စီ နှင့် ဒီ ကြွယ်ဝသောကြောင့် အရေပြား၏ သဘာဝ ရုန်းကန်အားကို ကောင်းမွန်စေကာ ခိုင်မာချောမွေ့ ကျန်းမာစေသည်။ အထက်ပါ အကြောင်းများကြောင့်ပင် ကျန်းမာရေး သတိရှိသူများအကြားတွင် စွန်ပလွန်သီးသည်အလွန်ရေပန်းစားသည်။