တကယ်တော့ သဘာဝတရား ဆိုတာ အကောင်းဆုံးနဲ့ အပြီးပြည့်စုံဆုံးသော အရာပါပဲ။ ဒါပေမယ့် လူသားတွေကတော့ ပူတယ်ဆိုရင် ပန်ကာတွေသုံးတယ်၊ အဲယားကွန်းတွေ သုံးတယ်။ ဒါပေမယ့် ဘေးထွက် ဆိုးကျိုးအနည်းနဲ့ အများတော့ ပါလာစမြဲပါ။ အခုပြောမယ့် အိပ်စက်မှုပုံစံမှာလည်း ည ဝတ်စုံတွေ၊ မြန်မာပြည် မှာဆိုရင် အိပ်ချိန်အထိအောင် အချို့ အမျိုးသားရော အမျိုးသမီးတွေပါ အောက်ခံဘောင်းဘီ၊ အင်္ကျီတွေနဲ့ အိပ်တတ်သူတွေ ရှိကြပါတယ်။ ဒါတွေက ကောင်းပါရဲ့လား၊ အိပ်ချိန်မှာ သဘာဝအတိုင်း ကိုယ်လုံးတီး အိပ်စက်မယ်ဆိုရင် ဘယ်လို ကောင်းကျိုးတွေ ရှိနိုင်ပါသလဲ။
(၁) ကျန်းမာရေး အတွက် ပိုကောင်းစေတယ်
အဝတ်အစားတွေနဲ့ ညအိပ်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်မှာ ပိုပြီး ပူနေစေပါတယ်။ ပျမ်းမျှအပူချိန် ၉၇-၉၈ ဒီဂရီလောက် ရှိနေစေပါတယ်။ ဒါပေမယ့် အဝတ်အစား ဖုံးအုပ်မှုရှိမနေတဲ့ လက်တွေ၊ ခြေဖျားတွေမှာတော့ နည်းနည်း ပိုအေးနေပါလိမ့်မယ်။ စတန်းဖို့တက္ကသိုလ်၊ ကလေးကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ လေ့လာရေးအဖွဲ့ကတော့ ဒီလို ခန္ဓာကိုယ် တနေရာနဲ့ တနေရာ အပူချိန် မမျှမှုက DNA ပျက်စီးမှုကို ၂၅ ရာခိုင်နှုန်းလောက်ထိအောင် မြင့်တက်စေတယ်လို့ ဆိုပါတယ်။ ကိုယ်လုံးတီး အိပ်စက်မယ်ဆိုရင်တော့ ခန္ဓာကိုယ် အပူချိန်က ၉၅-၉၆ ဒီဂရီလောက်ပဲ ပျမ်းမျှရှိနေပြီး တကိုယ်လုံးလည်း အပူချိန်မျှတလို့ ကျန်းမာရေး အတွက် ပိုကောင်းစေတယ်လို့လည်း ဆိုပါတယ်။
(၂) အိမ်ထောင်ရေးပိုမို အဆင်ပြေစေတယ်
လေ့လာချက်ပေါင်းများစွာကနေ သိရှိရမှုကတော့ အိမ်ထောင်သည်တွေမှာလည်း နှစ်ဦးစလုံး ကိုယ်လုံးတီး အိပ်စက်မှုက အိမ်ထောင်ရေး ပိုမိုနွေးထွေး ပြေလည်မှုရှိစေတယ်လို့ ဆိုပါတယ်။ လေ့လာချက်အတွင်း ၅၇ ရာခိုင်နှုန်းလောက်သော အိမ်ထောင်သည်တွေက နှစ်ဦးလုံး ကိုယ်လုံးတီး အိပ်စက်ရမှုကို သဘောကျ နှစ်သက်ကြတာ တွေ့ရပြီး ၄၈ ရာခိုင်နှုန်းကတော့ အဝတ်အစား အစုံနဲ့ အိပ်စက်လိုတယ်လို့လည်း ဆိုကြပါတယ်။ နှစ်ဦးစလုံး ကိုယ်လုံးတီး အိပ်စက်မှုက ပွင့်လင်းမှုလည်း ပိုစေသလို လိင်ဆက်ဆံဖို့ အတွက်လည်း ပိုမို ဆန္ဒရှိစေတယ်လို့ ဆိုပါတယ်။ အရေပြားချင်း ထိကပ်မှုအတွင်း Oxytocin ဆိုတဲ့ လိင်စိတ်ဟော်မုန်းပိုမို ထွက်ရှိပြီး သာယာပြည့်ဝတဲ့ လိင်ဆက်ဆံမှု ပိုမို ရရှိစေနိုင်တာလည်း ဖြစ်ပါတယ်။
(၃) လူရော စိတ်ပါ လန်းဆန်းကျန်းမာစေတယ်
အထက်မှာ Oxytocin အကြောင်း ပြောထားပါတယ်နော်။ သူက လိင်ဆက်ဆံမှုကို ပိုမို ကောင်းမွန်စေတယ်။ ကျေနပ်ပြည့်ဝတဲ့ လိင်ဆက်ဆံမှုနဲ့အတူ ရရှိလာတဲ့ အကျိုးဆက်ကတော့ စိတ်ရောကိုယ်ပါ နောက်နေ့တွေမှာ လန်းဆန်းပျော်ရွှင်မှု ခံစားရခြင်းပဲ ဖြစ်ပါတယ်။ အရေပြားချင်း ထိတွေ့မှုကနေ Hypothalamus ဆိုတဲ့ ဂလင်းတွေ ထွက်လာတယ်။ ပြီးတော့ Oxytocin ဟော်မုန်း ဖြစ်လာပြီး လိင်စိတ်နိုးကြွမှု ရှိစေတယ်။ သွေးလည်ပတ်မှု ကောင်းလာစေတယ်။ လှုံ့ဆော်စနစ်တွေ အားကောင်းလာတယ်။ နာကျင်မှုနဲ့ စိတ်ဖိစီးမှုတွေကိုပါ လျော့နည်းသက်သာစေပြီး စိတ်ပိုင်းဆိုင်ရာ အားအင်တွေပါ ဖြစ်စေလာပါတယ်လို့ ဆိုပါတယ်။
(၄) ကောင်းကောင်း အိပ်ပျော်စေတယ်
အခု နောက်ပိုင်း ကျန်းမာရေးအတွက် အကောင်းဆုံး အိပ်ချိန်အနေနဲ့ လူတယောက်ဟာ တရက်ကို ၇ နာရီ လိုအပ်တယ်ဆိုတာ အားလုံး လက်ခံထားကြပါပြီ။ ဒီတော့ ကောင်းကောင်း အိပ်ပျော်ဖို့ လိုအပ်တယ်ပေါ့။ ကျနော်တို့ အိပ်ချိန်မှာ ခန္ဓာကိုယ်က အပူချိန် ဝ.၅ ဒီဂရီ ဖာရင်ဟိုက်လောက် ကျသွားဖို့ လိုအပ်ပါတယ်။ အဝတ်အစားတွေ ဝတ်ထားရင်တော့ ဒီလိုအပူချိန် ကျဆင်းမှုကို ချက်ချင်း လွယ်လွယ်မရနိုင်ပါဘူး။ အဝတ်အစားနဲ့ အိပ်နေရင်းကနေ အိပ်ပျော်သွားရင် ကိုယ်အပူချိန် နည်းနည်း ကျသွားတယ်။ ဒီတော့ ဦးနှောက်က နိုးထလာပြီး ဘာလို့ အေးသွားတာလဲ ဆိုပြီး သတိပေးတယ်။ ပြန်နိုးတယ်။ ဒီလိုနဲ့ ခဏခဏ ပြန်နိုးနေမယ်။ ကောင်းကောင်း အိပ်မပျော်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အစကတည်းက ကိုယ်လုံးတီး အိပ်စက်မှုကတော့ ဝ.၅ ဒီဂရီလောက် အပူချိန် ကျသွားစေဖို့လည်း မြန်သလို အစကတည်းက အေးမြနေလို့ အဆိုပါ အပူချိန်လောက် ကျဆင်းမှုအတွက်လည်း ဦးနှောက်က ထူးထူးခြားခြား အာရုံခံမှုမရှိဘဲ ကောင်းကောင်း အိပ်ပျော်စေနိုင်တာပဲ ဖြစ်ပါတယ်။
(၅) သင့်ကို ပိုလှစေတယ်
အထက်မှာ ပြောသလို အိပ်ပျော်စေရုံတင် မဟုတ်ဘဲ ပိုပြီး လှစေတယ်ဆိုတဲ့ အားသာချက်လည်း ကိုယ်လုံးတီး အိပ်စက်မှုကနေ ရနိုင်ပါတယ်။ Diabetes ဆိုတဲ့ သိပ္ပံဂျာနယ်မှာ ဖော်ပြချက်အရ ကိုယ်လုံးတီး အိပ်စက်မှုက ကျနော်တို့ ခန္ဓာကိုယ်မှာ အညိုဆီက ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ဒီအဆီတွေက အိပ်ချိန်မှာ နွေးနေစေပြီး ရလဒ်ကတော့ အပူတွေ ဖြစ်တည်လာပြီး ကယ်လိုရီ အပိုတွေကို လောင်ကျွမ်းစေတာပါ။ ကိုယ်ခန္ဓာကိုလည်း နွေးနေစေပြီး အိပ်ကောင်းစေတယ်လို့ ဆိုပါတယ်။ လေ့လာချက်တခုမှာ ပထမ ၁ လကို အပူချိန် ၇၄ ဒီဂရီနဲ့ လူတွေကို အိပ်စက်စေတယ်၊ ဒုတိယလမှာတော့ ၆၆ ဒီဂရီနဲ့ အိပ်စက်စေတယ်။ အဲဒီမှာ တွေ့လာရတာကတော့ အပူချိန်နည်းနည်းနဲ့ အိပ်စက်တဲ့ ဒုတိယလမှာ အဆီလောင်ကျွမ်းပျက်စီးမှုက နှစ်ဆလောက်ထိအောင် အိပ်စက်နေရင်း လောင်ကျွမ်းသွားတာ တွေ့လာရပါတယ်။ ဒါဆိုရင်တော့ အခန်းအေးအေးမှာ အိပ်တာ ပိုကောင်းမယ်ဆိုတာလည်း သိလာရသလို အဆီလောင်ကျွမ်းမှု ပိုစေပြီး ကိုယ်ခန္ဒာပိုလှစေမယ့် ကိုယ်လုံးတီးပုံစံ အိပ်စက်ဖို့လည်း သင့်မှာပါ။
www.maxim.com တွင်ဖော်ပြထားတဲ့ 5 reasons why you should sleep naked ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။