Health

ရယ်မောခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ …

Want create site? Find Free WordPress Themes and plugins.

ရယ်မောသူ အသက်ရှည်သည်၊ ပျော်ပျော်နေ သေခဲ စတဲ့ စကားတွေ ကြားဖူးမယ် ထင်ပါတယ်။ ဘဝကို ပျော်အောင် နေမယ်၊ ရယ်မယ်၊ ပျော်မယ်ဆိုရင် စိတ်လည်း လန်းတယ်၊ လူလည်း လန်းတယ်၊ စိတ်၊ ရုပ် နှစ်ခုလုံးအတွက် ကောင်းကျိုးဖြစ်စေတာပေါ့။ ဒါပေမယ့် သိထားတာက ရယ်မောခြင်းက အသက်ရှည်မယ် တခုလောက်ပဲဆိုတော့ နောက်ထပ် ရယ်မောခြင်းကနေ ရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးလေးတွေ နည်းနည်း ပြောပြချင်ပါသေးတယ်။

အသက်ရှည်မယ်

Archives of General Psychiarty မှာ ဖော်ပြထားတဲ့ လေ့လာချက်ဆောင်းပါးအရ သူတို့အနေနဲ့ အသက် အရွယ်အလိုက် ရယ်မောပျော်ရွှင်မှုနဲ့ လူတွေရဲ့ သေဆုံးမှုတွေကို စောင့်ကြည့်ချက်တွေအရ အထူးသဖြင့် သက်ကြီးပိုင်း ၆၅ နှစ်ကနေ ၈၅ နှစ် အရွယ်တွေမှာဆိုရင် ရယ်မောပျော်ရွှင်နေခြင်းက ပုံမှန်သေဆုံးမှုထက် ၅၅ ရာခိုင်နှုန်းလောက်ထိအောင် ပိုမို လျော့ကျသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

လှုံ့ဆော်စနစ်ကို ကောင်းမွန်စေတယ်

လှုံ့ဆော်စနစ်ဆိုတာ ဥပမာ ကျနော်တို့ မီးကို ကိုင်မိတယ်၊ ပူတယ်ဆိုတာကို ချက်ချင်းသိခြင်းက အဆိုပါ လှုံ့ဆော်စနစ်က လုပ်ဆောင်ပေးခြင်းပါ။ အာရုံခံစနစ်နဲ့ ချိတ်ဆက်ထားတာပါ။ နောက်ဆက်တွဲ အနေနဲ့တော့ မီးကြောင့် အပူလောင်မှုအတွက် သက်သာစေမယ့် အရည်ကြည်ကို ခန္ဓာကိုယ်ကနေ ထုတ်ပေးလာပါတယ်။ ဒီလိုပါပဲ ရောဂါကူးစက်ခံရခြင်း အပါအဝင် အားလုံးသော လည်ပတ်မှုတွေအတွက် လှုံ့ဆော်စနစ်က အရေးပါပါတယ်။ ရယ်မောခြင်းက လှု့ံ့ဆော်စနစ်ကို အားကောင်းစေပြီး တန်ပြန်တုံ့ပြန်မှု ဆဲလ်ဖြစ်တဲ့ Tဆဲလ်ကို အကောင်းဆုံး ထုတ်လုပ်မှု ရှိလာစေပါတယ်။ နှာစေး၊ ချောင်းဆိုးလို ရောဂါလေးတွေကအစ ဖြစ်ပွားနှုန်း လျော့နည်းစေပါတယ်။

နာကျင်ခြင်းတွေကို သက်သာစေတယ်

ရယ်မောခြင်းရဲ့ အကျိုးကျေးဇူးတခုထဲမှာ နာကျင်မှုတွေကို သက်သာစေခြင်းလည်း ပါရှိပါတယ်။ ရယ်မောနေချိန် Endorphin ဆိုတဲ့ ဓါတ်ကို ထုတ်လွှတ်ပါတယ်။ ဒီဓါတ်က စိတ်ပြောင်းလဲစေတဲ့ Morphine ထက်တောင် နာကျင်ခြင်းကို သက်သာစေနိုင်တာ တွေ့ရပါတယ်။ အင်္ဂလန်နိုင်ငံက လေ့လာသူတွေရဲ့ တွေ့ရှိချက်အရတော့ ၁၅ မိနစ် ရယ်မောတိုင်း နာကျင်မှု ၁၀ ရာခိုင်နှုန်းလောက် လျော့နည်း သက်သာ သွားတယ်လို့ ဆိုပါတယ်။

စိတ်ဖိစီးမှုကို လျော့နည်းစေတယ်

ဝမ်းနည်းခြင်း၊ ပူဆွေးခြင်းတွေကနေ စိတ်ဖိစီးမှုတွေကို ရယ်မောခြင်းက လျော့နည်းသက်သာစေပါတယ်။ ဖိအားတွေ၊ စိတ်မကြည်လင်ခြင်းတွေကိုလည်း သက်သာစေတယ်၊ စိတ်ရှုပ်ထွေးခြင်းနဲ့ စိတ်မတည်ငြိမ်မှုတွေကို သက်သာရာရစေပါတယ်။ Geriatrics and Gerontology International ရဲ့ ဆောင်းပါးတခုမှာ ရယ်မောခြင်း ဆိုင်ရာ ကုထုံးက သက်ကြီးပိုင်းတွေမှာ ခံစားရတဲ့စိတ်နဲ့ ပတ်သက်တဲ့ရောဂါနဲ့ ဖိအားတွေကို အကောင်းဆုံး ကုသပေးနိုင်မှုရှိတယ်လို့ဆိုတာ တွေ့ရပါတယ်။

ဆက်ဆံရေးကောင်းမွန်စေတယ်

ချစ်သူနှစ်ဦးအကြား ဆက်ဆံရေး ကောင်းမွန်နွေးထွေးချင်ရင် ပြုံးပြုံးပျော်ပျော်နေပါ။ ဖို၊မ သဘာဝတရားအရ ချစ်သူနှစ်ဦး အပြန်အလှန် ချစ်ခင်မှုအတွက် တွေ့ဆုံချိန်တွေမှာ ပြောဆိုရယ်မောလေ့ရှိတယ်လို့ သိရပြီး အမျိုးသမီးတွေကတော့ အမျိုးသားတွေထက် ၁၂၅ ရာခိုင်နှုန်းတောင် ပိုပြီး ရယ်မောတယ်လို့ ဆိုပါတယ်။

အများအမြင်လည်း ကောင်းစေတယ်
ကလေးက မျက်နှာလေးကို ရွှင်နေတာပဲ၊ ပျော်ပျော် နေတတ်ပုံရတယ်၊ သဘောကောင်းမယ့်ပုံပဲ၊ ဆိုတဲ့ မှတ်ချက်တွေက ရယ်မောနေတတ်သူ တယောက်ကို ပတ်ဝန်းကျင်က ပေးတဲ့ မှတ်ချက်ကောင်းတွေပါ။ စူပုပ်ပုပ်နဲ့ လူတယောက်ကိုတော့ ဘယ်သူကမှ ချက်ချင်းခင်မင်ဖို့၊ ပြောဆိုဆက်ဆံဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်၊ ရယ်မောခြင်းက သင့်ဝန်းကျင်မှာ သင့်ကို လူကောင်း တယောက်လိုမြင်စေ၊ ထင်စေပါတယ်။ ဘေးလူအတွက်လည်း သင့်ရဲ့ ရယ်မောမှုအပြုံးတွေက စိတ်ညစ်စရာ ဖြစ်စေမှာ မဟုတ်ပါဘူး။ ရယ်မောခြင်း ဟာ ပတ်ဝန်းကျင် မိတ်ဆွေတွေနဲ့ ပေါင်းသင်းမှုကိုလည်း ပိုမို ကောင်းမွန်စေပါတယ်။

ကိုယ်တွင်းပိုင်း အားကောင်းစေတယ်

ကိုယ်တွင်းပိုင်းဆိုတာက နှလုံး၊ အဆုတ်တွေလို အပိုင်းတွေပါ။ ရယ်မောဖို့အတွက် လူတယောက်ဟာ အသက်ကို ပုံမှန်ထက် ပိုမို ပြင်းပြင်းရှုတတ်သလို၊ ဝမ်းဗိုက်ကြွက်သားတွေကိုလည်း အနည်းငယ် တင်း၊ လျော့မှု လုပ်တတ်ပါတယ်၊ ရလဒ်ကတော့ လေ့ကျင့်ခန်း လုပ်ဆောင်သလို ထိရောက်စေပြီး ကိုယ်တွင်းပိုင်းနဲ့ ဝမ်းဗိုက် ကြွက်သားတွေကိုတောင် ကောင်းမွန်နေစေပါတယ်။ အကြိမ် ၁၀၀ ရယ်မောခြင်းက စက်ပေါ်မှာ ၁၀ မိနစ်ခန့် လမ်းလျှောက်ခြင်း၊ ၁၅ မိနစ်ခန့် စက်ဘီးစီခြင်းတွေနဲ့ ညီပါတယ်။

အသက်ရှုစနစ် မှန်ကန်စေတယ်

အမှန်တကယ် နှစ်နှစ်သက်သက် ရယ်မောနေချိန်မှာ အဆုတ်ထဲက လေကို ကုန်သည်ထိအောင် ရယ်တတ်ပါတယ်။ ပြီးမှ အသက်ပြန်ရှုသွင်းပါတယ်။ ဒီလို အဆုတ်ထဲက လေအကုန် ထုတ်သုံးခြင်းက လေဟောင်း၊ လေအကြွင်းအကျန်တွေမရှိအောင် ရှုထုတ်ခြင်း ပုံစံဖြစ်စေပြီး အသက်ရှုစနစ်မှာ ပိုမို မှန်ကန် အားကောင်းစေပါတယ်။ ပန်းနာရင်ကျပ်သမားလို သူတွေအတွက် အခုလို အသက်ရှုခြင်းပုံစံက ပိုလို့တောင် ကောင်းမွန်စေပါတယ်။

ကိုယ်အလေးချိန်လျော့ကျစေနိုင်တယ်

ရယ်မောခြင်းနဲ့အတူ ကိုယ်ခန္ဓာက ကယ်လိုရီတွေကို လောင်ကျွမ်းသွားစေပါတယ်။ ရယ်မောနေချိန်မှာ နှလုံးခုန်မြန်စေတယ်။ ဇီဝဖြစ်စဉ်တွေကိုလည်း မြန်ဆန်စေတယ်၊ အထူးသဖြင့်တော့ သွေးလှည့်ပတ်မှု ပိုမို ကောင်းမွန်လာစေပြီး ကယ်လိုရီ လောင်ကျွမ်းမှု အားပေးတာပါ။ အနည်းဆုံး စုစုပေါင်း မိနစ် ၂၀ လောက်တော့ ပျမ်းမျှ ရယ်မောသင့်ပါတယ်။

နှလုံးကို ကာကွယ်မှုပေးတယ်

အရယ်သန်သူတွေမှာ သွေးပေါင်ကျစေနိုင်တဲ့ အားသာချက်ရှိပါတယ်။ တကယ်ဆိုရင်တော့ ဟာသ တခုကြောင့် ရယ်မောလိုက်ခြင်းက သွေးပေါင်တက်စေပါတယ်။ ဒါပေမယ့် အဆိုပါတက်မှုက ခဏပါပဲ။ ချက်ချင်း သွေးပေါင် ပြန်ကျသွားပြီး နေလို့ ကောင်းသွားစေပါတယ်။ နှလုံးဆိုတာကလည်း ကြွက်သားလို လုပ်ဆောင်မှုစနစ်နဲ့ ဖွဲ့စည်းထားတာပါ၊ သူ့ကိုလည်း ကိုယ်ခန္ဓာက ကြွက်သားတွေလို သန်မာအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ ပုံမှန် ရယ်မောရှင်သန်ခြင်းကတော့ သင့်ရဲ့နှလုံးကို သန်မာအောင် လေ့ကျင့်ပေးခြင်းပါပဲ။ သွေးလှည့်ပတ်မှုကို အားကောင်းစေတယ်။ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချပေးတယ်။ လေ့လာသူတွေကတော့ တရက်ကို ပုံမှန် စုစုပေါင်း ၁၅ မိနစ် ရယ်မောနေခြင်းက ၁ ပတ်မှာ ၃ ရက်၊ ၁ ကြိမ်မှာ မိနစ် ၃၀ လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းနဲ့တောင် ညီတယ်လို့ ဆိုပါတယ်။

www.wonderslist.com တွင် ဖော်ပြထားတဲ့ 10 surprising benefits of laughter you need to know ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading