ကမ္ဘာတလွှား ကင်ဆာရောဂါနှင့် ပတ်သက်ပြီး ကာကွယ်ရေး၊ ရောဂါရှာဖွေရေး၊ ကုသရေးတို့ ပိုမိုမြှင့်တင်နိုင်ရေးတို့ အတွက် ဖေဖော်ဝါရီလ ၄ ရက်ကို ကမ္ဘာ့ကင်ဆာရောဂါတိုက်ဖျက်ရေးနေ့ (World Cancer Day) အဖြစ် သတ်မှတ်ထားပါတယ်။ နိုင်ငံတကာ ကင်ဆာထိန်းချုပ်ရေးသမဂ္ဂ (UICC) က ၂၀၀၈ ခုနှစ်က ရေးသားခဲ့တဲ့ ကမ္ဘာ့ ကင်ဆာကြေညာစာတမ်းကို ပံ့ပိုး ပေးနိုင်ဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ ကင်ဆာရောဂါ တိုက်ဖျက်ရေးနေ့ကို ကျင်းပလာတာပါ။
ကမ္ဘာ့ ကင်ဆာရောဂါ တိုက်ဖျက်ရေးနေ့ မူလရည်ရွယ်ချက်က ၂၀၂၀ ပြည့်နှစ်တွင် ကင်ဆာဖြစ်ပွားမှုနဲ့ ကင်ဆာကြောင့်သေဆုံးမှုကို သိသိသာသာ လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။
ကမ္ဘာ့ကင်ဆာရောဂါ တိုက်ဖျက်ရေးနေ့ ကျင်းပတာက သတင်းအမှားတွေ ရှင်းလင်းရေး၊ အသိပညာမြှင့်တင်ရေးနဲ့ ခွဲခြားဆက်ဆံမှု လျော့ကျရေးတို့ကို ရည်ရွယ်ပါတယ်။ ကင်ဆာရောဂါကြောင့် ထိခိုက်နစ်နာရသူတွေကို အကျိုးပြုစေဖို့ အတွက် ကမ္ဘာ့ ကင်ဆာနေ့က ဦးတည်ချက်တွေ ချမှတ် လုပ်ဆောင်လျက်ရှိပါတယ်။
လူထုလှုပ်ရှားမှု
လူထုလှုပ်ရှားမှု အနေနဲ့ No Hair Selfie အမည်ရှိ ဆံပင်မပါဘဲ မိမိဘာသာ ဓာတ်ပုံရိုက်ခြင်း လှုပ်ရှားမှုကို ကင်ဆာကုသမှု ခံယူနေရသူများ အတွက် ရုပ်ပိုင်း ဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်ပေးတာတွေ လုပ်ဆောင်တာဖြစ်ပြီး လှုပ်ရှားမှု မှာ ပါဝင်တဲ့ သူတွေက ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ် တင်ပြီး မျှဝေကြ၊ အားပေးကြပါတယ်။ ပြီးတော့ တနိုင်တပိုင် ဆိုသလို ဒေသ အလိုက် လှုပ်ရှားမှုတွေလည်း ရှိပါသေးတယ်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ၂၀၀၀ ပြည့်နှစ်က ကမ္ဘာ့ကင်ဆာနေ့ကို ပထမဆုံး အကြိမ် ကင်ဆာတိုက်ဖျက်ရေး ကမ္ဘာ့ထိပ်သီး အစည်းအဝေး အထိမ်းအမှတ် အဖြစ် စတင်ကျင်းပခဲ့တာပါ။
ဆောင်ပုဒ်
ကမ္ဘာ့ကင်ဆာနေ့ ၂၀၁၆၊ ၂၀၁၇ နဲ့ ၂၀၁၈ တွေ အတွက် “We can. I can” ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူတိုင်းလူတိုင်း တဦးချင်းမှ အစုလိုက်အထိ ကင်ဆာရောဂါအန္တရာယ်ကာကွယ်နိုင်ရေး အသိပေးပညာပေး လှုပ်ရှားမှု ပြုလုပ်ပြီး ကမ္ဘာတလွှား ကင်ဆာရောဂါဆိုး ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ဖို့ ဦးတည်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ။