၂၀၁၈ ခုနှစ်၊ အစပိုင်းကစတင်ပြီး မြန်မာနိုင်ငံမှာ ဆေးခြောက်ကို စနစ်တကျ တရားဝင် သုံးစွဲခွင့်ပြုရေး လှုပ်ရှားမှု ရှိလာတာ တွေ့ရပါတယ်။ “Marijuana Legalization Movement Myanmar” (M.L.M.M) အဖွဲ့က ဆေးခြောက် တရားဝင်ခွင့်ပြုရေး စတစ်ကာ ကန်ပိမ်းတွေ ၊ တီရှပ် ဝတ်ဆင်ခြင်းတွေကို ဒီနှစ်အတွင်း ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ တလလုံးကို ကန်ပိမ်းကာလအဖြစ် သတ်မှတ်ခဲ့ပြီး တနှစ်လုံးကို ဗဟုသုတ မျှဝေတဲ့ ကာလအဖြစ် ဆောင်ရွက်သွားမယ်လို့ အဆိုပါ လှုပ်ရှားမှုကို ဦးဆောင်နေသူ တဦးက ပြောပါတယ်။ မြို့နယ် အများစုက ထောက်ခံသူ လူငယ်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိ ကျန်းမာရေးဝန်ကြီးဌာန နဲ့ ဆွေးနွေးဆောင်ရွက်မှု အချို့ရှိခဲ့ပြီးဖြစ်တယ်လို့ အဖွဲ့တည်ထောင်သူက ပြောပါတယ်။
(M.L.M.M) အဖွဲ့ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါ အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်က Cannabis အနွယ်ဝင် Hemp ဆေးခြောက် အပင်များ တရားဝင် စိုက်ပျိုးထုတ်လုပ်ခွင့် ရရှိရေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူတို့ရဲ့ Facebook Page မှာ ကြေညာထားတာ တွေ့ရပါတယ်။
ဆေးဖက်ဝင်တဲ့ Cannabis အနွယ်ဝင် Marijuana (ဆေးခြောက်) ကို ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများမှာ သုံးစွဲနိုင်ဖို့ စနစ်တကျ တရားဝင် စိုက်ပျိုးထုတ်လုပ်ခွင့် ရရှိဖို့ကို သက်ဆိုင်ရာ နယ်ပယ် အသီးသီးက ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အဆိုပါ Page မှာ ရေးသား ဖော်ပြထားပါတယ်။
“Marijuana Legalization Movement Myanmar” Facebook Page ကို Like လုပ်ထားသူ လူဦးရေ တသိန်း ၈ ထောင် ကျော်ရှိနေပြီး အခုလို ဆောင်ရွက် ရတာက စီးပွားရေးသမား၊ အရောင်းအဝယ်သမားတွေရဲ့ လွှမ်းမိုးမှုကြောင့် မဟုတ်ဘူးလို့ အဖွဲ့ တည်ထောင်သူက ဆိုပါတယ်။
အရည်အသွေး အဆင့်မှီတဲ့ ဆေးခြောက်က ထုတ်ယူရရှိတဲ့ အဆီကို စနစ်တကျ အသုံးပြုမယ်ဆိုရင် ကင်ဆာ ရောဂါ၊ AIDS ရောဂါနဲ့ အခြား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာပေါင်း များစွာကို ကုသရာမှာ အသုံးတည့်ပြီး လူ့ကျန်းမာရေးကို ထိခိုက်နိုင်မှုမရှိနိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO (World Health Organization) မှ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။
အမေရိကန်နိုင်ငံ၊ မက္ကဆီကိုနိုင်ငံတွေရဲ့ ပြည်နယ်အချို့မှာ ဆေးခြောက်ကို သတ်မှတ်ထားတဲ့ ပမာဏနဲ့အညီ သိုလှောင် ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းကို ဥပဒေအရ ခွင့်ပြုပေးတာတွေရှိသလို မြောက်ကိုရီးယားနိုင်ငံကလည်း ရှေးနှစ်ပေါင်း များစွာကတည်းက ဆေးခြောက်ဟာ လူတယောက်ရဲ့ အလုပ်လုပ်ချင်စိတ်ကို မြှင့်တင် ပေးနိုင်တယ် လို့ ယုံကြည်ပြီး တရားဝင် အသုံးပြုခွင့်ပေးထားတဲ့ နိုင်ငံဖြစ်ပါတယ်။

ဆေးခြောက်မှာ “Cannabinoids” လို့ခေါ်တဲ့ CBD နဲ့ THC ပါဝင်ပါတယ်။ လေ့လာမှုတွေအရ CBD နဲ့ THC ဟာ နာတာရှည် နာကျင်ကိုက်ခဲမှုကို ထိရောက်စွာ သက်သာစေပါတယ်။
THC ဟာ စိတ်ကို တက်ကြွစေတဲ့ ဓာတ်ဖြစ်ပြီး ရွှင်လန်းဝမ်းမြောက်စေတဲ့ အာနိသင်လည်း ရှိပါတယ်။ နာကျင်ကိုက်ခဲခြင်း၊ ပျို့အန်ခြင်း နဲ့ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေကို သက်သာစေပါတယ်။ များလွန်းရင်တော့ သံသယ လွန်ကဲမှုတွေ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
CBD ဟာ စိတ်ကို တက်ကြွစေတဲ့ဓာတ် မဟုတ်ပါဘူး။ နာကျင်ကိုက်ခဲခြင်း၊ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေ၊ ဝက်ရူးပြန် ရောဂါတွေကို သက်သာစေသလို သွေးတွင်း အချိုဓာတ်ကိုလည်း ထိန်းပေးပါတယ်။ တည်ငြိမ်စေတဲ့ အာနိသင် ရှိပါတယ်လို့ cannabisculture.com ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
၂၀၀၆ ခုနှစ်မှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုဖို့ အားပေးတဲ့လူဟာ ကမ္ဘာတဝမ်း ၃၂ ရာခိုင်နှုန်းကနေ ၂၀၁၆ ခုနှစ်မှာ ၅၇ ရာခိုင်နှုန်းသို့ မြင့်တက်လာပါတယ်။ ၁၈၇၀ ခုနှစ် မတိုင်ခင် မြန်မာနိုင်ငံမှာ ဆေးခြောက်ကို တရားဝင် ခွင့်ပြုခဲ့ပြီး ဗြိတိသျှအစိုးရ လက်ထက်မှာ ဥပဒေနဲ့ စတင် တားမြစ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာတော့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို လူမှုရေးပြစ်ဒဏ်များ ပေးဖို့ ဥပဒေအသစ်ပြဌာန်းထားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို ပြစ်ဒဏ် အနည်းငယ် တိုးမြှင့် ထားပါတယ်။
“Marijuana Legalization Movement Myanmar” Facebook Page Link”