လောကကြီးမှာ ဘယ်သူမှ အမြဲတမ်း ပျော်မနေရပါဘူး။ လောက ဓမ္မတာအရ အဆင်ပြေတဲ့အချိန် ရှိသလို အဆင်မပြေတဲ့ အချိန်ဆိုတာလည်း ကြုံတွေ့ရတတ်ပါတယ်။
အဆင်မပြေတဲ့ ကိစ္စရပ်တွေ ကြုံတွေ့ရလို့ စိတ်ဓာတ်ကျ၊ စိတ်ညစ်သူတွေအတွက် စိတ်ညစ်နေချိန်မှာ အရာရာကို လက်မြှောက် အရှုံးပေးချင်စိတ် ပေါက်လာပြီဆိုရင် မိမိစိတ်ကိုပျော်အောင် မိမိဘာသာ ဖန်တီး မွေးမြူရပါတယ်။
စိတ်ညစ်စရာတွေကို ခဏမေ့ထားပြီး မိမိကိုယ်ကို စိတ်သက်သာအောင် ဘယ်လို နေထိုင်ရမလဲဆိုတဲ့ အကြောင်းအရာ (၈) ချက်ကို စာဖတ် ပရိသတ်တွေအတွက် ဧရာဝတီမှ အကြံပြု ရေးသား လိုက်ပါတယ်။
(၁) ရေတခွက် အဝ သောက်ပါ၊ သင် ကြိုက်တဲ့ မုန့်တခုခု စားပါ
အရမ်း ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားရနေပြီဆိုရင် စိတ်ပင်ပန်း သက်သာသွားအောင် ရေအေးအေး တခွက် အဝ သောက်လိုက်ပါ။ ပြီးရင် သင်ကြိုက်တဲ့မုန့် တခုခုကို စိတ်အပြောင်းအလဲ ဖြစ်အောင် စားပါ။ ကိုယ် ကြိုက်တတ်တဲ့ အစားအစာ တခုခုစားနေရရင် လူ့သဘာဝအရ စိတ်ပျော်ရွှင်ရတယ် မဟုတ်လား။
(၂) အဝတ်အစား ကောင်းကောင်းမွန်မွန် ဝတ်စားပါ
စိတ်ညစ်လို့ အဝတ်အစား ကောင်းကောင်း မဝတ်ဖြစ်ဘူးဆိုရင် သင့်စိတ်က ပိုရှုပ်ထွေးပြီး စိတ်ညစ်မှုက ပျောက်မသွားတဲ့အပြင် ပိုတိုးလာမှာ အမှန်ပါ။ ဒါကြောင့်မလို့ စိတ်ညစ်နေရင် အဝတ်အစားလှလှ၊ အကျႌလှလှလေး တထည် (သို့မဟုတ်) ပေါ့ပေါ့ပါးပါး တီရှပ်တထည် ကောက်ဝတ်လိုက်ပါ။
(၃) ညဘက် အိပ်ရေးဝဝ အိပ်ပါ
ညဘက်မှာ ကောင်းကောင်း အိပ်မပျော်ရင်လည်း စိတ်ဖိစီးမှုများပြီး စိတ်ညစ်မှု ပိုတိုးစေပါတယ်။ အတွေး သံသရာလည်ပြီး စိတ်ညစ်စရာတွေ ပိုတွေးမိတာကြောင့် ညဘက်ကောင်းကောင်း အိပ်ပျော်အောင် ညအိပ်ဝတ်စုံ သေချာဝတ်၊ အိပ်ယာကို သပ်သပ်ရပ်ရပ် ခင်းကျင်းပြီး ကောင်းကောင်းမွန်မွန် အိပ်ကြည့်ပါ။ အိပ်ပျော်အောင် မိုးရေ ကျသံလေးတွေ ဖွင့်ထားပြီး ၁၅ မိနစ်လောက် မျက်စိမှိတ် နားထောင်ကြည့်ပါ။ အိပ်ခါနီး ဖုန်းသုံးတာမျိုး မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် Electronic Device တွေနဲ့ ဝေးဝေးနေပါ။
(၄) အိမ်တွင်း အောင်းမနေဘဲ အပြင်ထွက်ပါ၊ ဈေးဝယ်ပါ
ဒီရက်တွေမှာ လေ့ကျင့်ခန်း မှန်မှန် မလုပ်ဖြစ်ဘူးဆိုရင် အိပ်ယာထဲမှာ ခွေခေါက်နေမယ့်အစား လမ်းလျှောက်တာ ဖြစ်ဖြစ်၊ အိမ်မှုကိစ္စလုပ်တာ ဖြစ်ဖြစ် တခုခုလုပ်ပါ။ မဟုတ်ရင်လည်း အိမ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထွက်ဝယ်တာမျိုးတာက သင့်ရဲ့ စိတ်အခြေအနေကို တမျိုး ပြောင်းသွား စေပါတယ်။
(၅) မိတ်ဆွေတွေ အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါ
တစုံတယောက် အပေါ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါ။ အပြင်မှာ သို့မဟုတ် အွန်လိုင်းပေါ်က မိတ်ဆွေတဦးဦးကို အားပေးစကား၊ ချီးမွမ်းစကား ပြောတာမျိုး လုပ်ပေးပါ။
(၆) ချစ်ခင်ရသူတွေကို နွေးနွေးထွေးထွေး ပွေ့ဖက်ပါ
တစုံတဦးကို နွေးနွေးထွေးထွေး ဖက်ပေးပါ။ သင့်သူငယ်ချင်း၊ သင်ချစ်ရတဲ့သူ (သို့မဟုတ်) သင့်အိမ်မွေး တိရစ္ဆာန် တကောင်ကောင်ကို ဖက်ထားကြည့်ပါ။ ဒါဆို အထီးကျန်တယ်လို့ ခံစားရမှာ မဟုတ်တော့ပါဘူး။
(၇) လက်ရှိ အရာတွေကို ခဏမေ့ပြီး တခုခု လုပ်ကြည့်ပါ
ကိုယ့်ကိုကိုယ် ဘယ်နေရာမဆို အသုံးမကျဘူးလို့ ထင်နေပြီလား။ ဒါဆို လက်ရှိအရာတွေ ခဏရပ်ထားပြီး မေးလ်တစောင် ပို့တာမျိုး၊ ပန်းကန်ဆေးတာမျိုး လုပ်ကြည့်ပေါ့။ ဒီလိုနေရာတွေမှာတော့ ကောင်းကောင်းကြီး လုပ်တတ်သေးတာပဲ မဟုတ်လား။
(၈) အချိန်တခု စောင့်ဆိုင်းပြီး သေချာတွေးတောပါ
စောင့်ဆိုင်းခြင်းဆိုတာကော လုပ်ကြည့်ပြီးပြီလား။ စိတ်မလောပါနဲ့။ ဘယ်အရာဖြစ်ဖြစ် အနည်းဆုံး တပတ်လောက် အချိန်ယူ စောင့်ဆိုင်းပြီးမှ ဆုံးဖြတ်တာမျိုးက နောင်တရနိုင်ခြေ နည်းပါတယ်။
ကဲ… စိတ်ညစ် စိတ်ဓာတ်ကျနေပြီ၊ အရာရာကို အဆိုးမြင်နေပြီဆိုရင် အပေါ်က အချက်တွေအတိုင်း တခုမဟုတ် တခု လိုက်လုပ်ကြည့်ပါ။
စိတ်ဓာတ်ကျ ဝေဒနာဟာ အခုနောက်ပိုင်း လူငယ်လူရွယ်၊ လူလတ်ပိုင်းတွေမှာ အတော်များများ တွေ့မြင် လာရပြီး ဘယ်အခြေအနေမျိုးမှာ ဘယ်သူမဆို စိတ်ညစ်မှုတွေ ဖြစ်လေ့ရှိတာမို့လို့ အသုံးဝင်မယ့် နည်းလမ်းတချို့ကို မျှဝေ ရေးသား လိုက်ပါတယ်။