ကိုယ်သင်းရနံ့ဟာ လူတယောက်ရဲ့ နေထိုင်မှုပုံစံကို ခန့်မှန်းဖို့ အလွယ်ကူဆုံး နည်းလမ်းတခုပါ။ အမျိုးသမီးတွေတင် မကဘဲ အမျိုးသားတွေပါ ခန္ဓာကိုယ်ရနံ့ကို ဂရုစိုက်သင့်ပါတယ်။ ခန္ဓာကိုယ်က အနံ့ဆိုးတွေ ထွက်နေမယ်ဆိုရင် လူအများနဲ့ ဆက်ဆံရတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျောက်ဆုံးနေပါလိမ့်မယ်။
ဒါကြောင့် တနေကုန်လုံး ကိုယ့်ခန္ဓာကိုယ်မှာ ကိုယ်သင်းရနံ့ အမြဲမွှေးပျံ့နေစေမယ့် နည်းလမ်း ၅ ခုကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် အကြံပြု ရေးသားလိုက်ပါတယ်။
(၁) သင်ကြိုက်နှစ်သက်တဲ့ အနံ့ကိုရွေးချယ်ပါ
ခန္ဓာကိုယ်က အမြဲသင်းပျံ့နေဖို့ဆိုရင် ရေမွှေး (သို့မဟုတ်) Body Spray ဆောင်ထားဖို့ လိုအပ်ပါတယ်။ ဒီလို ဆောင်ရတဲ့ အခါ သူများနဲ့ မတူတဲ့ ကိုယ်ပိုင်ရနံ့ရှိစေဖို့ သင်သဘောကျနှစ်သက်တဲ့အနံ့ကို ရွေးချယ်ပါ။ ဥပမာ- သင်က ဒိုးနတ် ကြိုက်တဲ့သူဆိုရင် Vanilla (သို့မဟုတ်) ချိုအီတဲ့ အနံ့မျိုးကို ရွေးချယ်သင့်ပါတယ်။
ရေမွှေးကောင်တာမှာ မဝယ်ခင် အနံ့တခုကို ဆွတ်ပြီး မိနစ်အနည်းငယ်လောက်ထိစောင့်ပါ။ အဲဒီ့အနံ့က အချိန်ကြာတဲ့ အထိ စိတ်ထဲမှာသဘောကျနေပြီဆိုရင် ဝယ်ယူသင့်ပါတယ်။
(၂) ရေချိုးကတည်းက ဂရုစိုက်ပါ
ရေချိုးရင် သင်ဝယ်ယူထားတဲ့ ရေမွှေးအနံ့နဲ့ သိပ်မကွာတဲ့ ရေချိုးဆပ်ပြာ အမျိုးအစားသုံးပါ။ ပြီးတော့ Lotion ကလည်း သင်အသုံးပြုမယ့် ရေမွှေးအနံ့နဲ့ ခပ်ဆင်ဆင် ဖြစ်နေပါစေ။ ဒါဆိုရင် အမွှေးနံ့ ကိုယ်မှာ စွဲနိုင်ခြေ ပိုများပါလိမ့်မယ်။
(၃) ရေချိုးပြီးစအချိန် ရေမွှေး သုံးလို့ရပါပြီ
အများစုက အဝတ်အစား ဝတ်ပြီးမှ ရေမွှေး (သို့မဟုတ်) Body Spray သုံးကြပါတယ်။ အမွှေးပစ္စည်းတွေမှာ Alcohol ပါတဲ့ အတွက် အထည်ကို ပျက်စီးစေသလို Fancy လက်ဝတ်ရတနာ အချို့လည်း အရောင်မှိန် လွယ်ပါတယ်။ အဲဒီအစား ရေချိုးပြီးစအချိန် အရေပြားက နူးညံ့ပြီး စိုထိုင်းစ ရှိနေတဲ့အချိန်မှာ ရေမွှေးသုံးသင့်ပါတယ်။
(၄) ဘယ်နေရာတွေကို ရေမွှေး ဆွတ်မလဲ
လက်ကောက်ဝတ် တနေရာတည်း ဆွတ်မယ့်အစား နားအနောက်၊ ကျောပြင်၊ ချက်နေရာ၊ တံတောင်ဆစ် အတွင်း နေရာတွေမှာလည်း ဆွတ်လို့ရပါတယ်။ ခန္ဓာကိုယ်မှာ အနွေးဆုံးနေရာတွေက ရေမွှေးနံ့ကို ပိုမိုလွယ်ကူစွာ ပျံ့နှံ့စေပါတယ်။
(၅) အရေပြား အစိုဓာတ် ရှိနေပါစေ
မွှေးရနံ့ ကြာရှည်စွာ စွဲမြဲနေဖို့ဆိုရင် အစိုဓာတ် လိုအပ်ပါတယ်။ ဒါကြောင့် ရေမွှေးမဖြန်းခင် Lotion အရင်လိမ်းပါ။ အရေပြား အစိုဓာတ်ရှိနေတာက သင့်ရဲ့ ကိုယ်သင်းရနံ့ကို တနေကုန် မွှေးပျံ့နေအောင် ရေမွှေးနံ့ကို စွဲကျန်စေမှာပါ။
ကဲ အပေါ်က နည်းလမ်းတွေကတော့ သင့်ခန္ဓာကိုယ်မှာ တနေကုန်လုံး ရေမွှေးရနံ့ စွဲကျန်နေစေမယ့် နည်းလမ်းတွေပါ။ ဒီလို နည်းလေးတွေနဲ့ ရေမွှေးကို စနစ်တကျ သုံးကြည့်ပြီး လူကြားထဲမှာ ယုံကြည်မှုရှိရှိနဲ့ သွားလာနိုင်ပါပြီနော်။