သင်ဟာ အသက်ငယ်ပေမယ့်လည်း သင့်ကိုယ်သင် မှန်ထဲကြည့်လိုက်ရင် သင့်ခေါင်းမှာ ဆံပင်ဖြူ တချောင်းကို မြင်လိုက်ရတဲ့အခါ အခုလို ဘာလို့ ဆံပင် စောစောဖြူတာလဲ ဆိုတာ စဉ်းစားကြည့်ဖူးလား။
ဆံပင်ဖြူခြင်းဟာ အသက်အရွယ် အိုမင်းရင့်ရော်ခြင်းနဲ့ ဆက်စပ်နေတယ် ဆိုတာ ကျနော်တို့ သိကြပါတယ်။ ဒါဆိုရင် မေးစရာရှိလာပါပြီ။ တကယ်လို့ ကျနော်တို့ရဲ့ ဆံပင်တွေ အိုမင်း ရင့်ရော်လာတဲ့အခါ ကျန်ရှိတဲ့ ကျနော်တို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာရော အိုမင်း နာမကျန်းတာ ရှိလာနိုင်သလား။ ကျနော်တို့ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်တွေ ဖြူနေတာဟာ ကျနော်တို့ ကျန်းမာရေးအတွက် ဘယ်လို အဓိပ္ပါယ်ကို ဆောင်ပါသလဲ။
ပထမဆုံးအနေနဲ့ ဆံပင်တွေ ဖြူလာတယ်ဆိုတာ ဆံပင်ထဲမှာရှိတဲ့ melanocytes ဆဲလ်တွေ အိုမင်းရင့်ရော် လာတာကြောင့်ဆိုတာ မှန်ပါတယ်။ အဲဒီ ဆဲလ်လေးတွေဟာ ကျနော်တို့ရဲ့ အရေပြားထဲမှာ အရောင်ခြယ်ဆေးကို ထုတ်လုပ်တဲ့ သေးငယ်တဲ့ ဆဲလ်လေးတွေ ဖြစ်တယ်လို့ Cleveland Clinic မှ အရေပြားအထူးကုဆရာဝန် Melissa Piliang က ဆိုပါတယ်။
“အဲဒီ ဆဲလ်လေးတွေဟာ မယ်လနင် အရောင်ခြယ်ဆေးကို ထုတ်လုပ်တာ ရပ်တန့်သွားပါတယ်။ ရလာဒ်ကတော့ ဆံပင်တွေ စဖြူလာတယ်။ ပြီးတော့ အချိန်ကြာတာနဲ့အမျှ ဖြူဖွေးလာတော့တယ်” လို့ အရေးပြားအထူးကု ဆရာဝန် Melissa က ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ ဆံပင်ရဲ့ဖိုင်ဘာအမျှင်တွေကို ထုတ်လုပ်ပေးတဲ့ keratinocytes ဆဲလ်လေးတွေ အပေါ်တော့ အကျိုးသက်ရောက်မှု မရှိပါဘူး။ ဒါကြောင့် ဆံပင်ဖြူတဲ့အခါ ကျနော်တို့ရဲ့ ဆံပင်တည်ဆောက်ပုံက ပြောင်းလဲမသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်သား ပိုမိုကြမ်းတမ်းလာတာမျိုး အပြောင်းအလဲ ရှိလာနိုင်ပါတယ်။
ကျနော်တို့ အသက် ၃၀ ကျော်လာတဲ့အချိန်မှာ ကျနော်တို့ရဲ့ အထက်တန်းတုန်းက သူငယ်ချင်းရဲ့ဆံပင်က ပိတုန်းရောင်ကေသာ ဖြစ်နေဆဲ ဖြစ်ပေမယ့် ကျနော်တို့ရဲ့ဆံပင်ဖြူလာတာကို ကြည့်မယ်ဆိုရင် အသက်အရွယ်တူတဲ့ လူတိုင်းဟာ တချိန်တည်းမှာ ဆံပင်ပြိုင်တူ မဖြူနိုင်ဘူးလို့ သိလိုက်ရပါတယ်။
Wayne State အရေပြား ရောဂါဗေဒဌာနမှ လက်ထောက်ပါရဂူနဲ့ အစီအစဉ်ညွှန်ကြားရေးမှူး Steve Daveluy က “ဆံပင်ဖြူခြင်းရဲ့ ကွဲပြားမှု ၉၀ ရာခိုင်နှုန်း အထိဟာ မျိုးရိုးလိုက်တာကြောင့်လို့ ရှင်းပြလို့ရပေမယ့် ကျနော်တို့ဟာ တကယ့်မျိုးရိုးဗီဇရဲ့ လုပ်ဆောင်ချက်အကြောင်း အကန့်အသတ်နဲ့သာ သိနိုင်ပါသေးတယ်” လို့ ဆိုပါတယ်။ ဒါကြောင့် ကျနော်တို့ ဆံပင်မြန်မြန်ဖြူရခြင်းရဲ့ အကြောင်းပြချက် တခုဟာ မျိုးနွယ်နဲ့လည်း ဆိုင်ပါတယ်။
Steve က “ဆံပင်စဖြူတဲ့ ပျှမ်းမျှသက်တမ်းဟာ ဥရောပနွယ်ဖွားတွေအတွက် အသက် ၃၅ နှစ်ပတ်ဝန်းကျင်၊ အာရှနွယ်ဖွားတွေအတွက် အသက် ၄၀ မတိုင်ခင်နဲ့ အာဖရိက-ကာရေဗီယမ် နွယ်ဖွားတွေ အတွက် အသက် ၄၅ ပတ်ဝန်းကျင်ဆိုပြီး ကွဲပြားပါတယ်” လို့ဆိုပါတယ်။
ဒါ့အပြင် ဆံပင်ဖြူခြင်းအတွက် အခြားသတ်မှတ်ချက် အချို့လည်းရှိသေးတယ်လို့ဆိုပါတယ်။ ဒေါက်တာ Piliang က “ ကမ္ဘာ့လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းခန့်ဟာ အသက် ၅ဝ အရွယ်မှာ ဆံပင် ၅၀ ရာခိုင်နှုန်းလောက် ဖြူနေကြပါပြီ” လို့ ဆိုပါတယ်။
ဒါပေမယ့် ကျနော်တို့ဟာ အဲဒီအချိန်ကာလ သတ်မှတ်ချက် မတိုင်မီ ဆံပင်ဖြူနေတယ် ဆိုရင်တော့ ကျနော်တို့ရဲ့ ခန္ဓာကိုယ်ဟာလည်း လျင်မြန်စွာ အိုမင်းရင့်ရော်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေသလား စဉ်းစားရပါမယ်။ ပြီးတော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနေပြီဆိုတဲ့ အဓိပ္ပါယ်ရော ဖြစ်နိုင်မလား။ဒါဟာ ယေဘုယျကျတဲ့ မေးခွန်းဖြစ်ပါတယ်။
ပြီးတော့ ဒါဟာ သုတေသီတွေ ဖြေဆိုရမယ့် မေးခွန်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆံပင်စောစော ဖြူလာတာဟာ နှလုံးရောဂါလိုမျိုး ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို နမိတ်ပြနေတယ်ဆိုတဲ့ သက်သေ ဖြစ်နိုင်ပါတယ်။
ဥပမာအားဖြင့် “(၆၉) ကြိမ်မြောက် အိန္ဒိယနှလုံးရောဂါကုအသင်း” ရဲ့ နှစ်ပတ်လည် ညီလာခံတခုမှ တင်သွင်းတဲ့ လေ့လာချက် တခုအရ အရွယ်မတိုင်ခင် ဆံပင်ဖြူတဲ့ အသက် ၄ဝ အောက် အမျိုးသားတွေဟာ အသက်အရွယ်တူ ဆံပင်မဖြူသေးတဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် နှလုံးရောဂါ ရတဲ့အထိ ဖြစ်စေနိုင်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ ၅ ဆကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၂ ခုနှစ်မှာ ယူကေနိုင်ငံမှ သုတေသီတွေက ဆံပင်ဖြူခြင်းကို ဖြစ်စေတဲ့ melanocytes ဆဲလ်လေးတွေ အိုမင်းရင့်ရော်လာတာဟာ ကျန်းမာတဲ့ ဆဲလ်တွေနဲ့တစ်သျှူးတွေကို ထိခိုက်စေနိုင်တဲ့ ဇီဝဗေဒ ဖြစ်စဉ်တခုဖြစ်တဲ့ ဓာတ်တိုးဖိအားကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆံပင်ဆဲလ်လေးတွေထဲမှာ အလားတူ ဖြစ်စဉ်ရှိခြင်းဟာ ကျနော်တို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း အလားတူဖြစ်နေနိုင်ပါတယ်။
ဒါပေမယ့် အရမ်းကြီး ထိတ်လန့်သွားစရာတော့ မလိုသေးပါဘူး။ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းဟာ ကျနော်တို့ နှလုံးထိခိုက်နေပြီဆိုတဲ့ သက်သေခိုင်မာလာတာ မဟုတ်ဘူးလို့ ဒေါက်တာ Daveluy ကဆိုပါတယ်။ ဒါဆိုရင် ဆံပင်တွေ ဆက်ပြီးဖြူလာနေတယ်ဆိုရင်တော့ ကျနော်တို့ဟာ ကာကွယ်ရေး လုပ်ဆောင်ကြရပါမယ်။
ဒေါက်တာ Daveluy က “တကယ်လို့များ အသက် ၃၅ မတိုင်ခင် သိသိသာသာ ဆံပင်ဖြူလာမယ်ဆိုရင် ဆရာဝန်ဆီ သွားပြီးတော့ Diet လုပ်တာ၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်၊ သွေးတိုးနဲ့ သွေးတွင်းအဆီများတာ လိုမျိုး နှလုံးရောဂါအတွက် ထိခိုက်မှုဖြစ်စေတဲ့ အကြောင်းအချက်တွေကို ဆွေးနွေး တိုင်ပင်ကြည့်ရမှာဖြစ်ပါတယ်” လို့ဆိုပါတယ်။
တကယ်လို့များ ကျနော်တို့ရဲ့ ဆံပင်တွေ ဖြူလာမယ်ဆိုရင် နှလုံးကျန်းမာရေးနဲ့ပတ်သက်လို့ နိုးနိုးကြားကြားနေတာ မမှားဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါပေမယ့် ဆံပင်ဖြူတာနည်းခြင်းဟာလည်း ကိုယ်အလေးချိန် တက်လာတာ၊ ဆေးလိပ်သောက်တာ၊ ကိုလက်စထရောများတဲ့ အစားအစာတွေ စားတာနဲ့ အားကစားမလုပ်တာမျိုး နှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့ အလေ့အကျင့်တွေလိုမျိုး နှလုံးအတွက် အန္တရာယ်များနေပြီလို့တော့ မဆိုလိုပါဘူး။
တကယ်လို့များ ဆံပင်ဖြူလာတဲ့အချိန်မှာ အဲဒါတွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် ကျနော်တို့ရဲ့ နှလုံးအကြောင်း စဉ်းစားပြီး အလေးထား လုပ်ဆောင်ရမယ့် အဲဒီကိစ္စရပ် တွေအတွက်လည်း ကျနော်တို့ဟာ တာဝန်ရှိပြန်ပါတယ်။
Ref ; menshealth.