ဆံကေသာအတွက် အုန်းဆီရဲ့ အကောင်းဆုံး အကျိုးကျေးဇူး အာနိသင် ၅ ခု
အုန်းဆီဆိုတာ အရင်ခေတ်ကတည်းက ဆံပင်သန်အောင် အသုံးပြုလာခဲ့တဲ့ သဘာဝ အဆီတမျိုးပါ။ အုန်းဆီ ပုံမှန် လိမ်းပေးရင် ဆံပင်တွေ နက်မှောင်သန်စွမ်းတယ်လို့ လက်ခံကြပြီး ခေတ်အဆက်ဆက် သုံးလာကြပေမယ့် အခုခေတ် လူငယ်တွေက တခြားခေတ်မီပစ္စည်းတွေ ပေါ်လာတာနဲ့အမျှ အုန်းဆီ သိပ်မသုံးကြတော့ပါဘူး။
အုန်းဆီမှာ တခြား ဓာတုပစ္စည်းတွေထက် ဆံပင်အတွက် အကျိုးရှိတဲ့ အာနိသင်တွေ အများကြီးရှိပါတယ်။ ပျက်စီးသွားတဲ့ ဆံသား တချောင်းချင်းစီကို ပြန်လည် အားဖြည့်ပေးမယ့် အာဟာရဓာတ်တွေပါလို့ တခြား ခေါင်းလိမ်း ဆီတွေထက် ဆံသားအတွင်းပိုင်း အထိရောက်အောင် အားဖြည့်ပေးနိုင်ပါတယ်။

ဒါကြောင့်မလို့ ဆံကေသာအတွက် အကောင်းဆုံး အုန်းဆီရဲ့ အကျိုးကျေးဇူး အာနိသင် ၅ ခု ကို စာဖတ် ပရိသတ်ကြီး အတွက် ဧရာဝတီမှ အကြံပြုရေးသား လိုက်ပါတယ်။
(၁) ပျက်စီးသွားတဲ့ ဆံသားတွေကို နက်မှောင်သန်စွမ်းစေတယ်
ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ပျက်စီးသွားရတဲ့ ဆံသားတွေကို ၁၆ ပတ်အတွင်း ပြန်နက်မှောင် သန်စွမ်းအောင် လုပ်ပေးနိုင်စွမ်းရှိတယ်လို့ လေ့လာချက်တခုမှာ ဖော်ပြထားပါတယ်။
(၂) ဗောက် မထအောင် ကာကွယ်ပေးတယ်
ဦးရေပြား အစိုဓာတ် ထိန်းပေးထားလို့ ဗောက် မထအောင် ကာကွယ်ပေးနိုင်သလို အတွင်းပိုင်းအထိ ခြောက်သွေ့မှု မရှိအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဗောက်ထလို့ စိတ်ညစ်နေရင် အုန်းဆီပုံမှန်သုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၃) အရေပြား ပိုးဝင်မှု မရှိအောင် ကာကွယ်ပေးတယ်
ဗောက်ထလို့ ယားတဲ့ နေရာတွေကို ကုတ်လိုက်မိလို့ ဦးရေပြား ပေါက်ပြဲသွားတဲ့အခါ အုန်းဆီကို အရေပြားထဲ စိမ့်အောင် လိမ်းပေးရင် အရေပြား ပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အုန်းဆီမှာပါတဲ့ Lauric acid က ဘတ်တီးရီးယား ပိုးမွှားတွေကို သေစေနိုင်တယ်လို့ သိရပါတယ်။
(၄) ဆံပင်ပါး၊ ဆံပင်ကျွတ် သက်သာစေတယ်
အုန်းဆီကို ပုံမှန် လိမ်းပေးမယ်ဆိုရင် ဆံပင်ပါးသူတွေ၊ ပုံမှန်ထက် ဆံပင်ပိုကျွတ်တဲ့သူတွေ ဆံကေသာ နက်မှောင် သန်စွမ်းပြီး ဆံပင် ပြန်ထူလာနိုင်ပါတယ်။
(၅) ဆံသားကို ကျန်းမာ သန်စွမ်းစေတယ်
အုန်းဆီကို ဦးရေပြား အတွင်းပိုင်းထိ စိမ့်အောင်လိမ်းပြီး သေချာနှိပ်ပေးရင် သွေးလည်ပတ်နှုန်း ကောင်းပြီး ဆံသားကို ကျန်းမာသန်စွမ်းစေတယ်လို့ သိရပါတယ်။

အခုနောက်ပိုင်း အုန်းဆီကို ဆံသားအတွက် အပြင် မျက်နှာအသားရေအတွက် Cleanser, Moisturizer, Make-up Remover စတဲ့ အလှကုန်ပစ္စည်းတွေမှာပါ ထုတ်လုပ်လာတာ တွေ့ရပါတယ်။ အုန်းဆီမှာ ပြည့်ဝဆီ ပါဝင်လို့ ဝိတ်ချ ချင်သူတွေအတွက် ဟင်းချက်တဲ့နေရာမှာ ထောပတ်အစားထိုး သုံးနိုင်ပါတယ်။
ကဲ အုန်းဆီက ဆံပင်အတွက် ဒီထက်မက အများကြီး အသုံးဝင်တာမလို့ ဆံကေသာအလှကို ထိန်းသိမ်းချင်သူတွေ အုန်းဆီ မှန်မှန်လိမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
Ref: Healthline