အသေးစား ပြတ်ရှမှုတွေရဲ့ချုပ်ရိုးသားတွေအတွက်ကတော့ အမာရွတ်ကျန်မယ်ဆိုရင်လည်း မကြီးသလို တချို့လည်း ချုပ်စရာမလိုလို့ အမာရွတ်တောင် မဖြစ်တတ်ကြပါဘူး။ ဒါပေမယ့် ချုပ်ရိုးသား ၅ ချက်နဲ့ အထက် ချုပ်ရပြီဆိုရင်တော့ အမာရွတ်ကျန်ဖို့ သေချာသလောက် ရှိနေပါပြီ။ ဒီလို အမာရွတ်ကျန်ရှိမှုတွေအတွက် ဖြေဆေးက ဘာများပါလဲ။
အလွယ်ပြောရရင်တော့ အမာရွတ်ပျောက်အောင် ချုပ်ရိုးအနေနဲ့ ချုပ်နိုင်မှု မရှိသေးပါဘူး။ နောက်ပိုုင်း Bio-oil လို ဆီတွေပုံမှန်လိမ်းပေးရင် သက်သာမှုရှိတယ်လု့ိတော့ စာရေးသူကြားဖူးပါတယ်။ ထားပါတော့၊ အခု ဆေးပညာရှင်တွေက အမာရွတ်မထင်အောင် ပြတ်ရှနေရာတွေကို ချုပ်ရိုးချုပ်နိုင်မယ့် နည်းလမ်း ရှာဖွေ လေ့လာထားတာ တွေ့ရပါတယ်။
သူတို့က လက်ရှိအမာရွတ်ထင်နေတဲ့ အရင် ချုပ်ရိုးသားရှိခဲ့ဖူးသူတွေကို ခေါ်ယူလေ့လာမှု လုပ်ခဲ့ပါတယ်။ နဂို အရေပြား ပြန်လည်ဖြစ်တည်ရေး၊ ပုံမှန်မဟုတ်တဲ့ အမာရွတ်ပုံစံ တစ်ရှုးဖြစ်တည်မလာရေးတွေကို လေ့လာခဲ့တာပါ။ ကနဦးပိုင်း သိရှိချက်တွေအရတော့ နို့တိုက်သတ္တဝါတန်းဝင် ကျနော်တို့ လူသားတွေမှာ အမာရွတ်မဖြစ်အောင် ချုပ်နိုင်မယ့် သဘာဝ မရှိဘူးလို့ သိထားရတာပါ။
ကျနော်တို့ အဓိကသိဖို့ လိုအပ်တာက ပြတ်ရှဒဏ်ရာ ပမာဏအတွက် ပုံမှန်အရေပြား ဖြစ်တည်ရေး စွမ်းအင် ဘယ်လောက် လိုအပ်တယ်ဆိုတာကို သိဖို့ပဲ ဖြစ်ပါတယ်လို့ လေ့လာရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ ပန်ဆီဗေးနီးယား တက္ကသိုလ်၊ အရေပြားရောဂါဌာနကပညာရှင် George Cotsarelis က ပြောပါတယ်။
နဂိုအရေပြား ပြန်လည်ဖြစ်တည်ရေးအတွက် အဓိကလိုအပ်တဲ့အချက်က အမွှေးဆဲလ် ပြန်လည်ဖြစ်တည်မှုပါ။ ပြတ်ရှနေရာမှာ အမွှေးဆဲလ်တွေ ပြန်လည်ရှင်သန်လာရင် သူ့မှာရှိတဲ့ အဆီက နဂို အရေပြားပြန်ဖြစ်ဖို့ အားရှိသွားစေတယ်လို့ ဂျော့က ရှင်းပြပါတယ်။
သင့်အနေနဲ့လည်း သတိထားမိနိုင်တာ တခုရှိပါတယ်။ အမာရွတ်နေရာဟာ တခြား အရေပြားနေရာတွေလို မဟုတ်ဘူး။ သက်ဆိုင်ရာ အမွှေးပေါက်ရောက်မှု မရှိပါဘူး။ ဒီတော့ အဆိုပါ အမွှေးကနေ အဆီစုဖွဲ့မှုလည်း မရှိဘဲ ပုံမှန်အရေပြားအဖြစ် ရှိမနေတာပါလို့ ဆိုပါတယ်။
အရေပြားဟာ လိုအပ်ချက်အရ သူ့ကိုယ်သူ ပြန်လည်ပြင်ဆင်ဖို့ Adipocytes ဆိုတဲ့ ဆဲလ်တွေ ထုတ်လွှတ်မှု ရှိပါတယ်။ ဒီဆဲလ်တွေက သင့်အနေနဲ့ အရေပြား ပွန်းပဲ့၊ ပြတ်ရှမှုရှိရင် နဂိုအရေပြား ပြန်ဖြစ်အောင် ပြင်ဆင်မှု လုပ်ပါတယ်။
အမာရွတ်ဖြစ်စေတဲ့ ဆဲလ်ကတော့ Myofibroblasts ဖြစ်ပြီး သူူ့မှာတော့ အဆီပါဝင်မှု လုံးဝမရှိပါဘူး။ ဒီတော့ ပြတ်ရှမှုများလို့ Myofibroblasts ထွက်လာရင်တော့ အရေပြားပြန်ပြည့်သွားသည့်တိုင်အောင် အမွှေး ပေါက်ရောက်မှုလည်း မရှိတော့သလို မူလအရေပြားနဲ့လည်း မတူတော့တာ ဖြစ်ပါတယ်။
အထူးသဖြင့်တော့ အသက်အရွယ်က စကားပြောပါတယ်။ ကျနော်တို့ အသက်ကြီးလာလေလေ Adipocyte က လျော့နည်းလာပါတယ်။ သူ့မှာ ရောင်ခြယ်ဆဲလ်လည်း ပါပါတယ်။ ဒီတော့ အသက်ကြီးလာလေလေ အမာရွတ်ကျန်ဖို့ လွယ်လေလေ၊ မူလ အသားအရေ အရောင်ပြန်ရဖို့ ခက်လေလေ ဖြစ်လာပါတယ်။
အခု လေ့လာမှုမှာ ပညာရှင်တွေ တွေ့လာရတဲ့ တွေ့ရှိချက်တခုကတော့ Adi ထွက်ရှိမှုနည်းသည့်တိုင်အောင် Myo ကို Adi အဖြစ် ပြောင်းလဲနိုင်တယ်ဆိုတာပါပဲ။ Myo ကတော့ အသက်အရွယ်မရွေး ထွက်ရှိနှုန်း သိပ်မကွာတာကြောင့် သူ့ကိုသာ Adi အဖြစ် ပြောင်းလဲ လိုက်နိုင်မယ်ဆိုရင် အမာရွတ်ထင်စရာ မရှိတော့ဘဲ ဘယ်လို ပြတ်ရှနာဖြစ်ဖြစ် မူလ အသားရေပြန်ရတော့မှာပါ။
ကျနော်တို့အတွက် အခွင့်အလမ်းကောင်းတခု တွေ့ခဲ့ရတာကတော့ လိုအပ်တဲ့ Adi ဆဲလ်ရဖို့ Myo ကနေ ပြေင်းလဲယူလု့ိ ရတယ်ဆိုတာပါပဲလို့ လေ့လာရေးအဖွဲ့ဝင် ကယ်လီဖိုးနီးယားတက္ကသိုလ်က Maksim Plikus က ဆက်ပြောပါတယ်။
လေ့လာချက်တွေအရ အဆီဆဲလ်နဲ့ အမွှေးဆဲလ်တွေက ပူးပေါင်းပြီး မူလ အရေပြားပြန်ဖြစ်အောင် ပြင်ဆင်တယ်လို့ သိခဲ့ရပေမယ့် တကယ်တမ်း အရေပြား ပြင်ဆင်မှုအပိုင်းမှာ အမွှေးဆဲလ်က အရင်ဖြစ်တည်မှု ရှိတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ အမွှေးဆဲလ်ဖြစ်တည်ပြီးမှ အဆီဆဲလ်ကို အားပေးတယ်။ မူလ အရေပြား ပြန်ဖြစ်လာစေတယ်လို့ ရှင်းပြပါတယ်။
ဒီနေရာမှာ အမွှေးဆဲလ်ကနေ အသားဓါတ်တခုဖြစ်တဲ့ Bone Morphogenetic Protein(BMP) ကို ထုတ်လွှတ်တယ်။ ဒီဓါတ်ကပဲ မူလအရေပြား ရရှိစေတာ ဖြစ်ပါတယ်။ ဒီတော့ အမာရွတ်မကျန်အောင် အဆီဆဲလ်ကို အားပေးဖို့အတွက် ပထမစုဖွဲ့မှုဖြစ်တဲ့ အမွှေးဆဲလ်ဖြစ်တည်မှုကို အားပေးနိုင်ရင် အမာရွတ် ကျန်ရှိမှုကို ဖယ်ထုတ်လိုက်နိုင်မယ်လို့ သိလာရကြောင်း ရှင်းပြပါတယ်။
ဒါပေမယ့် ပြတ်ရှအနာအရွယ်အစား၊ အနေအထားနဲ့ အသက်အရွယ်တွေအရ လူတွေမှာ Adi ထွက်ရှိမှုထက် Myo က ပိုပြီး ထွက်လာတတ်ပါတယ်။ ဒီတော့ အမွှေးဆဲလ်ကို အားပေးဖို့ Myo ကနေ Adi ပြောင်းလဲနိုင်မယ့် နည်းလမ်းကို သူတို့ဆက်ပြီး လေ့လာထားကြတာ တွေ့ရပါတယ်။
လက်ရှိမှာ သူတို့က Myo ကနေ Adi ပြောင်းလဲနိုင်မယ့်နည်းကို ကြွက်တွေနဲ့ စမ်းသပ်အောင်မြင်ထားပြီလို့ ဆိုသလို လူ့အရေပြားနဲ့ စမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ ပြီးတော့ အရင်က သိထားသလို နု့ိတိုက်သတ္တဝါ တန်းဝင်တွေမှာ Myo ကနေ Adi ပြောင်းလဲလို့ မရနိုင်ဘူးဆိုတဲ့ သိရှိချက်ကိုလည်း ဖယ်ထုတ်လိုက်နိုင်ပြီ ဖြစ်တယ်လို့ ဆိုပါသေးတယ်။
လေ့လာရေးအဖွဲ့ရဲ့ပြောကြားချက်အရ လူတယောက်ဟာ ၂၄ နာရီ အချိန်တိုင်း ဆဲလ်ပေါင်း သန်း ၅၀၀ လောက် ဖန်တီးဖြစ်တည်မှုရှိနေသလို လိုအပ်သလို အစားထိုး အသုံးပြုမှုတွေ လုပ်ဆောင်နေကြောင်း၊ ဒီလို ဆဲလ်တွေကို လိုအပ်သလို ပြုပြင်နိုင်မှု ရှိလာမယ်ဆိုရင်တော့ လက်ရှိတွေ့ရှိချက်လို အမာရွတ် မကျန်ဘဲ ပြတ်ရှမှုတွေအတွက် နဂိုအရေပြား ရနိုင်သလို ကိုယ်ခန္ဓာအစိတ်အပိုင်းတွေရဲ့ဆုံးရှုံးမှုကို အကောင်းဆုံး ကာကွယ်မှု လုပ်လာနိုင်မယ်လို့ ဆိုပါတယ်။ ဂျော့နဲ့သူ့အဖွဲ့ကတော့ အမာရွတ်မကျန်ဘဲ မူလအရေပြား ရရှိရေးကို ကြွက်တွေကနေ လူသားစမ်းသပ်မှုတွေကို လုပ်ဆောင်နေပြီဖြစ်ပြီး မကြာခင်မှာ အတည်ပြု စတင် အသုံးပြုလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။
www.businessinsider.com တွင်ဖော်ပြထားတဲ့ Scientists have figured out how to make wounds heal without scars ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။