အပြင်ကနေ တွေ့ကရာ ဝယ်လာတဲ့ ခေါင်းလျှော်ရည်တွေနဲ့ သင်တို့ လျှော်နေတုန်းပဲလား။ အဲဒီလို လုပ်တာဟာ သင်တို့ရဲ့ ဆံသားကို ပိုကောင်းမလာစေဘဲ ပိုပြီး ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒီတော့ ပိုမို ကျန်းမာသန်းစွမ်းတဲ့ ဆံသားရရှိနိုင်စေဖို့ နေ့စဉ်လုပ်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးပါမယ်။
“ခေါင်းလျှော်ရည်နဲ့ အမြှုုပ်ထအောင် လျှော်တယ်၊ ရေနဲ့ဆေးတယ်၊ ထပ်လျှော်တယ်” ဆိုတာက နှစ်ပေါင်း များစွာကြာ သမားရိုးကျ ခေါင်းလျှော်နည်းလမ်းတခု ဖြစ်ကောင်းဖြစ်ပေမယ့် ကျန်းမာသန်စွမ်းတဲ့ ဆံသားရရှိဖို့ ဒါဟာ အကောင်းဆုံး နည်းလမ်းတော့ မဟုတ်ပါဘူး။
ကြမ်းတမ်းတဲ့ သန့်စင်ဆေးတွေ အပြည့်ပါတဲ့ ခေါင်းလျှော်ရည်နဲ့ ပုံမှန် ခေါင်းလျှော်တာဟာ ကျန်မာသန်စွမ်း၊ ချောမွတ်ပြီး စတိုင်ကျနေစေဖို့လိုအပ်တဲ့ ကျနော်တို့ဆံသားရဲ့ သဘာဝ အဆီတွေ ကျွတ်ထွက်သွားစေနိုင်သလို ဦးရေပြားကိုလည်း နာကျင်စေပါတယ်။ ဒီတော့ ပိုပြီးပြည့်ဝ၊ ကျန်းမာ သန်စွမ်းတဲ့ ဆံသားရရှိဖို့အတွက် ခေါင်းလျှော်ရမယ့် နည်းလမ်းလေးတွေ ဘယ်လိုပြောင်းလဲရမယ် ဆိုတာ ပြောပြပါမယ်။
(၁) ဆာလဖိတ် မပါတာ ရွေးသုံးပါ
အပြင်ဈေးမှာ သက်သက်သာသာနဲ့ ရနိုင်တဲ့ ခေါင်းလျှော်ရည်အချို့က ကျနော်တို့ဆံပင်တွေကို တကယ်ပဲ ကောင်းမွန် စေသလား။ “ကုန်ကျစရိတ် ချွေတာတယ်”လို့ ဆိုနိုင်ပေမယ့် အလွယ်တကူ အမြှုပ်ထစေတဲ့ ဆိုဒီယမ်လော်ရယ် ဆာလဖိတ် (sodium lauryl sulfate) ၊ ဆိုဒီယမ်လော်ရက် ဆာလဖိတ် (sodium laureth sulfate) နဲ့ ဆိုဒီယမ်လော်ရယ် အီစတာ ဆာလဖိတ် (sodium lauryl esther sulfate) တို့လို ဆာလဖိတ် သန့်စင်ပစ္စည်းတွေ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဓာတုပစ္စည်းတွေ အပြည့်နဲ့ပါ။
အဲဒီ သန့်စင်ပစ္စည်းတွေဟာ သူတို့ပါဝင်တဲ့ ထုတ်ကုန်တွေကို အမြှုပ်ထွက်စေတဲ့အတွက် ကျနော်တို့ရဲ့ ဆံသားထဲကနေ ကျန်းမာသန်စွမ်းစေတဲ့ ဆီတွေကို ဖယ်ရှားလိုက်ပြီး ခြောက်သွေ့ ကျိုးပဲ့လွယ်စေတာကနေ ထိန်းသိမ်းရ ခက်ခဲစေတဲ့အထိ ဖြစ်သွားစေပါတယ်။ အဲဒီအကျိုးဆက်တွေကို ရှောင်ရှားလိုတယ်ဆိုရင်တော့ ဆီကိုမဖယ်ရှားဘဲ ဆံပင်ကိုသန့်စင်ပေးတဲ့ ဆာလဖိတ်နည်းပါးတဲ့ ဒါမှမဟုတ် မပါဝင်တဲ့ ခေါင်းလျှော်ရည်ကို ရှာဝယ်ပါ။
ဆာလဖိတ်မပါတဲ့ ခေါင်းလျှော်ရည်တွေဟာ ဈေးဆိုင်တွေမှာတော့ ရှာဖွေရတာခက်ပါလိမ့်မယ်။ ဒါဆိုရင်တော့ ကျနော်တို့ရဲ့ ဆံသဆရာဆီကနေ အကြံဉာဏ်တောင်းတာမျိုး ကိုယ်သုံးစွဲဖို့ သတ်မှတ်ထားတဲ့ စာရင်းနဲ့ ကိုက်ညီတဲ့ ထုတ်ကုန်ကို ကိုယ်တိုင်ရှာသုံးဖို့ပဲ ဖြစ်ပါတယ်။
(၂) တပတ်ကို အများဆုံး နှစ်ကြိမ်သာ ခေါင်းလျှော်ပါ
ဆံသပညာရှင်နဲ့ စတိုင်ပညာရှင် အများစုကတော့ တပတ်မှာ တကြိမ်ကနေ နှစ်ကြိမ်ပဲ ခေါင်းလျှော်ဖို့ အကြံ ပေးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆာလဖိတ်နည်းတဲ့ ခေါင်းလျှော်ရည်တွေနဲ့ နေ့စဉ် ခေါင်းလျှော်တာဟာ ကျနော်တို့ရဲ့ ဆံပင်တွေထဲက ဆီတချို့ကို ကျွတ်သွားစေပြီး ဆံသားနဲ့ ဦးရေပြားကို ခြောက်သွေ့စေပါတယ်။
ရေမှာ အလွယ်တကူ ပျော်ဝင်စေတဲ့ Gel နဲ့ ဆံပင်မှှုတ်ဆေးလိုမျိုး စတိုင်ကျစေမယ့် ထုတ်ကုန်ပစ္စည်းအများစု အတွက်ကတော့ ဆံပင်ကိုခေါင်းလျှော်ရည်နဲ့ လျှော်ဆေးဖို့ မလိုအပ်ပါဘူး။ တပတ်မှာ တစ်ခါကနေ နှစ်ခါပဲ ခေါင်းလျှော်တဲ့ အကြိမ်ရေကို ပြောင်းလဲလိုက်တာကြောင့် ပထမပိုင်းမှာတော့ ကျနော်တို့ရဲ့ ဆံပင်တွေက ဆီအလိမ်းလိမ်းနဲ့ ဖြစ်နေနိုင်ပေမယ့် နောက်သီတင်းပတ်ကြာတဲ့အခါ အဲဒီလိုမဖြစ်တော့ဘဲ ကျနော်တို့ရဲ့ ဆံသားတွေဟာ ပိုပြီးကျန်းမာသန်စွမ်း ပျော့ပျောင်းနေမှာပါ။
(၃) နေ့တိုင်း ဆံပင်ပျော့ဆေး သုံးပါ
ဆံပင်ပျော့ဆေးကို အရင်မသုံးဘဲ ခေါင်းမလျှော်သင့်ပါဘူး။ ဆံသားကို နေ့စဉ် ပျော့ဆေးသုံးပေးမယ်ဆိုရင် ဆံချည်မျှင်ချောင်းလေးတွေ ဘေးမှာရှိတဲ့ ကြမ်းတမ်းတဲ့ ရေယုံနာလိုမျိုး အကြေးခွံ ဖြစ်တဲ့ ကြမ်းတမ်းမှုတွေကို ကာကွယ်ပြီး ရေဓါတ်ဖြည့်ပေးရာ ရောက်ပါတယ်။
“လူတွေက နှစ်တော်တော်များများ နောက်ကြောင်းပြန် လုပ်နေကြတုန်း ဖြစ်ပါတယ်။ ကျနော်တို့ဟာ နေ့တိုင်း ဆံသားပျော့ဆေး သုံးသင့်ပြီး တပတ်ကို ခေါင်းလျှော်ရည် နှစ်ကြိမ်လောက် သုံးသင့်ပါတယ်” လို့ New York City မှ အကြီးတန်းဆံသပညာရှင် Shorty Maniace က ပြောပါတယ်။
ဆံပင်ကောက်တဲ့ အမျိုးသားတွေဟာ နေ့စဉ် ဆံပင်ပျော့ဆေးသုံးရင် အကျိုးတော်တော်များများ ရရှိနိုင်ပြီး ကွေးကောက်နေတဲ့ ဆံသားကို ချောမွေ့အောင်လုပ်ပေးတာဟာ ဆံပင်စုပ်ဖွား ဖြစ်တာကို ကာကွယ် ပေးနိုင်တယ်လို့ သူကထပ်လောင်းပြောပါတယ်။ ဆံပင်ပျော့ဆေး သုံးနည်းကတော့ ရေချိုးတဲ့အချိန်မှာ ဆံပင်ကို ရေစိုအောင်လုပ်၊ ဆံပင်ပျော့ဆေး နည်းနည်းလောက်လိမ်း၊ ပြီးရင်ရေဆေးလိုက်ရုံပါပဲ။
(၄) ခေါင်းလျှော်ရည် သတိပြု ရွေးချယ်ပါ
ဆာလဖိတ် နည်းပါးတာပဲဖြစ်ဖြစ်၊ ဆာလဖိတ် မပါဝင်တာပဲ ဖြစ်ဖြစ် ခေါင်းလျှော်ရည်တွေ အားလုံးဟာ ဆံသား အားလုံး အတွက် သင့်လျော်ပြီးသား ဖြစ်ပါတယ်။ တကယ်လို့များ ကျနော်တို့ ဆံပင်အရောင်က မီးခိုးရောင် ဖြစ်မယ်ဆိုရင် အဲဒီ ဓာတုဆေးတွေနဲ့ တွေ့ထိထားတဲ့ ဆံသားအတွက် အထူးဖော်စပ်ထားတဲ့ ဆာလဖိတ် မပါဝင်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်ဖို့ အဓိကကျပြီး ဆာလဖိတ်နဲ့ အခြားပေါင်းစပ် ပစ္စည်းတွေကလည်း အရောင်ကျွတ်စေတယ်ဆိုတာ သတိပြု ရွေးချယ်သင့်ပါတယ်။
Ref : mensjournal