ပလတ်စတစ်ကို ယနေ့ခေတ် ကမ္ဘာပေါ်မှာ အတော်လေး တွင်တွင်ကျယ်ကျယ် သုံးနေကြပေမယ့် တကယ့်တကယ်တော့ ပြီးပြည့်စုံတဲ့ကုန်ပစ္စည်းမဟုတ်ပါဘူး။ ပလတ်စတစ်အတော်များများမှာ BPA လို့ အတိုကောက်ခေါ်တဲ့ လူကို သေစေ နိုင်သည်အထိပြင်းထန်တဲ့ bisphenol-A ဒြပ်ပေါင်းအပါအဝင် အဆိပ်ဓာတ်များစွာ ရောနှောပါဝင်နေပါတယ်။ ဒီနေရာမှာ ပလတ်စတစ်ထဲက ကျန်းမာရေးထိခိုက်စေတဲ့ အန္တရာယ် ၇ ချက်ကို တင်ပြလိုပါတယ်။
၁။ ပလတ်စတစ်မှ ဓါတုပစ္စည်းများက မျိုးပွားအင်္ဂါထိခိုက်စေခြင်း
ဒီအိုင်ဆွန်နောဖသာလိပ်(DiNP) ဟာ ဗီနိုင်းထုတ်ကုန်တွေမှာ အများအားဖြင့်တွေ့ရတဲ့ ဖသာလိပ်တမျိုးပါ။ အဲဒီဓာတ်ဟာ DEHP လို အလားတူအဆိပ်အတောက်ပါပဲ။ အဲဒီအဆိပ်ဟာ သားယောက်ျားလေးဆိုရင် မျိုးပွားအင်္ဂါထိခိုက်စေပါတယ်။
တကယ်တမ်းမှာလည်း DiNP အဆိပ်ဟာ အမျိုးသားများရဲ့မျိုးပွားမှုအပေါ် သက်ရောက်မှုရှိတာ အမှန်ပဲဖြစ်ပါတယ်။ မမွေးဖွားမီ ကိုယ်ဝန်မှာကတည်းက ကလေးငယ်မှာ ချို့ယွင်းချက်တွေပါလာအောာင် ဒီအဆိပ်က ဒုက္ခပေးပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ ဒီ အဆိပ်ဓာတ်နဲ့ထိတွေ့မိရင် ကလေးကို သေချာပေါက် အဆိပ်သင့်စေနိုင်ပါတယ်။
၂။ ပလတ်စတစ်မှ ကလေးဘဝကတည်းက ပန်းနာရပ်ကျပ်ရောဂါစွဲကပ်စေခြင်း
ပလတ်စတစ်ပစ္စည်းတွေနဲ့ ကလေးတွေရဲ့ပန်းနာရင်ကျပ်ဖြစ်ပွားမှု ဆက်စပ်နေတယ်လို့ လေ့လာမှုများအရ သိရပါတယ်။ ကိုလံဘီယာတက္ကသိုလ်က ထုတ်ပြန်တဲ့အစီရင်ခံစာအရ ကလေးငယ်များ မီးမဖွားမီ မိခင်မှာ ပလတ်စတစ်အဆိပ်သင့်ရင် ကလေးငယ်မှာ ပန်းနာရင်ကျပ်ဖြစ်စေနိုင်ပါတယ်။
ပညာရှင်များရဲ့စူးစမ်းမှုအရ ဆယ်စုနှစ်တခုအတွင်း ကိုယ်ဝန်ဆောင်မိခင် ပလတ်စတစ်အဆိပ်သင့်လို့ ကလေးငယ်မှာ မီးဖွားပြီးတာနဲ့ မွေးရာပါပန်းနာရင်ကျပ်စွဲကပ်နေတာ ယခင်ကထက် သုံးဆ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။ ဘာကြောင့် အဲဒီလောက်အထိ ပလတ်စတစ်အန္တရာယ်တိုးပွားလာမှန်း ဘယ်သူမှ မရှင်းပြနိုင်သေးပါဘူး။ သီအိုရီ တခုကတော့ အသက်ရှုလမ်းကြောင်း ဖသာလိပ်တိုးပွားလာမှုကို သုတေသနလုပ်ဖို့ အကြံပြုထားပါတယ်။ ပန်းနာ ရင်ကျပ်ဖြစ်စေနိုင်တဲ့နည်းလမ်းတခုအနေနဲ့ ထည့်သွင်းစဉ်းစားရန် သင့်၊ မသင့်ပါ။
၃။ ပလတ်စတစ်မှာပါတဲ့ ဓါတုပစ္စည်းများက အမျိုးသမီးများ လိင်စိတ်လျော့ပါးစေခြင်း
ပလတ်စတစ်မှာပါတဲ့ ဖသာလိပ်ဟာ အမျိုးသမီးများလိင်စိတ်ဖြစ်ပေါ်မှုလျော့ပါးခြင်းနဲ့ ဆက်စပ်နေပါတယ်။ မကြာသေးမီက တွေ့ရှိရတဲ့သုတေသနတခုအရ ပလတ်စတစ်သုံးစွဲမှုများပြားတဲ့အမျိုးသမီးတွေမှာ လိင်စိတ်လျော့ပါးမှု နှစ်ဆ ဖြစ်လာ တယ်လို့ ဆိုပါတယ်။
သင် ဘယ်လိုပဲ ပလတ်စတစ်နဲ့ကင်းအောင်နေနေ နေ့စဉ်သုံးစွဲနေတဲ့ပစ္စည်းတွေမှာ ဖသာလိပ်ဓာတုပစ္စည်းကို မကြာခဏတွေ့နေရမှာပါပဲ။ ရေချိုးခန်းလိုက်ကာ၊ PVC ကြမ်းခင်း၊ ကားဒက်ရှ်ဘုတ်နဲ့ အစားအစာတွေမှာတောင် ဖသာလိပ်က ရှိနေပါတယ်။ ဒီအဆိပ်တွေက ဟော်မုန်းဓာတ်ကို ယုတ်လျော့ကျဆင်းစေတဲ့အတွက် ပလတ်စတစ် ပစ္စည်းတွေကို အသုံးပြုမှု နည်းသင့်ပါတယ်။
၄။ ပလတ်စတစ်မှ ရေထုညစ်ညမ်းစေခြင်း
သမုဒ္ဒရာကြီးများရဲ့တစ်ကီလိုမီတာပတ်လည်စီမှာ ပလတ်စတစ်ဘူးပေါင်း ၁၃၀၀၀ လောက် မျောပါနေတယ်လို့ ခန့်မှန်းရပါတယ်။ ကြီးမားတဲ့ကိစ္စတရပ်ကတော့ ပလတ်စတစ်ကော်အမှုန့်တွေ စုပုံများပြားလာတဲ့ပြဿနာဖြစ်ပါတယ်။ ဒီ ပလတ်စတစ်ကော်အမှုန့်တွေက သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး ညစ်ညမ်းစေပါတယ်။
အကယ်၍ ဒီ ပလတ်စတစ်ကော်အမှုန့်တွေဟာ သင့်သောက်သုံးရေထဲ တဖန်ပြန်ပါရင် အဆိပ်သင့်စေနိုင်ပါတယ်။ ပင်လယ်ရေကြောင်းသွားပြီး စီးပွားရှာနေရတဲ့သူဆိုရင် သူစားနေကျ အစားအသောက်ကွင်းဆက်မှာ ဒီအဆိပ်တွေက ပါနိုင်စရာအကြောင်းရှိပါတယ်။ ဒါပေမယ့် သမုဒ္ဒရာကိုတော့ ထိခိုက်စေမှာတော့မဟုတ်ပါဘူး။ အမေရိကန်မှာ ဒီ ပလတ်စတစ်အမှုန့် အမှိုက်တွေက အဆိပ်သင့်စေတဲ့အကြောင်း အသိပညာပေးပြီး ပြည်နယ်တွေမှာ ဒီအဆိပ်ရှင်းဖို့ ကြိုးစားနေကြပါပြီ။
၅။ ပလတ်စတစ်က အစားအစာတွေထဲ စိမ့်ဝင်နိုင်မှု
ဖသာလိပ် ၆ မျိုးကို ကလေးငယ်တွေသုံးတဲ့ပစ္စည်းတွေထဲ ထည့်သွင်းခြင်းမပြုဖို့ အမေရိကန်မှာ တားဆီးထားပါတယ်။ အဲဒီအဆိပ်ဆိုတာက ကျနော်တို့ရဲ့အစားအသောက်တွေထဲမှာလည်း ပါနိုင်ပါတယ်။ ရေမှာ ပျော်ဝင်နိုင်တဲ့ Acrylamide ဓာတ်ဟာ အစားအသောက်ထည့်တဲ့ ပလတ်စတစ်ဘူး၊ ခွက်ကနေ လူကို ဥပါဒ်ပေးနိုင်ပါတယ်။ အစားအသောက်ထဲ အဲဒီ အဆိပ်တွေ ဘယ်လောက်ပါနေမှန်း ဘယ်သူမှမပြောနိုင်ပါဘူး။
၆။ ပလတ်စတစ်မှ ဟော်မုန်းဓာတ် ထိန်းညှိမှု ပျက်စီးစေနိုင်
လူ့ကိုယ်တွင်းမှ အီထရိုဂျင်ဓာတ်ဟာ ပလတ်စတစ် အဆိပ် BPA ကြောင့် အတိုးအလျော့ဖြစ်စေနိုင်ပါတယ်။ မကြာသေးမီ က ထုတ်ပြန်ခဲ့တဲ့ သုတေသနတခုကတော့ BPA ကင်းစင်တဲ့ ပလတ်စတစ်တွေမှာတောင် ဟော်မုန်းဓာတ် ယုတ်လျော့စေမှု ဖြစ်စေနိုင်တယ်လို့ အကြံပြုထောက်ပြထားပါတယ်။ ပလတ်စတစ်ရေသန့်ဗူး၊ အစားအသောက်ထည့်တဲ့ကော်ဗူးတွေ သုံးနေတာဟာ လူကြီးတွေရော ကလေးငယ်တွေအတွက်ပါ ကျန်းမာရေးရှုထောင့်က ကြည့်ရင် မသင့်လျော်ပါဘူး။ ပလတ်စတစ်ပါကင်ဟာ အလွန်စိုးရိမ်စရာပါ။ ဒါပေမယ့် ဒီပလတ်စတစ်တွေကိုပဲ တကိုယ်ရည်သုံးပစ္စည်းတွေမှာတောင် မလွှဲမရှောင်သာ သုံးနေရတုန်းပါ။
၇။ ပလတ်စတစ် စက်မှုလုပ်ငန်းကို သင် ယုံစားလို့မရပါ
မကြာသေးမီကပဲ ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် (FTC) ကနေ ပလတ်စတစ်အိတ် ထုတ်လုပ်မှုတွေကို နှိမ်နင်းဖို့ ဆော်သြခဲ့ပါတယ်။ အောက်ဆီဂျင်နဲ့ထိတွေ့တဲ့အခါ ဇီဝဖြစ်စဉ်နိမ့်စေတဲ့ အိတ်မျိုးကိုသာ ထုတ်လုပ် သုံးစွဲကြဖို့လှုံ့ဆော်တာပါ။
အကယ်၍ ပလတ်စတစ်အိတ်တွေထိန်းမရသိမ်းမရဖြစ်လာရင် အဲဒီနေရာမှာ အောက်ဆီဂျင်ဆိုတာ နည်းနည်းလေးပဲ ကျန်တော့မှာပါ။ ဒီထက်ဆိုးတာက ပလတ်စတစ်ရဲ့သဘာဝအရ အပိုင်းပိုင်းအစစဖြစ်တဲ့အထိ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်နေဆဲဆိုတဲ့အချက်ပါ။
ဒါ့ကြောင့် ထုပ်ပိုးအိတ်တွေမှာ ဇီဝဖြစ်စဉ်နိမ့်စေတဲ့ဓာတုပစ္စည်းသာ ပါဝင်စေသင့်ပါတယ်။ ဒီထက် ပိုဆိုးတဲ့ အနေအထားရောက်လာရင်တော့ ပလတ်စတစ် ကုန်စည်ထုတ်တဲ့ စက်မှုလုပ်ငန်းတွေကို တင်းကျပ်ရတော့မှာပါ။
www.globalhealingcenter.com တွင်ဖော်ပြထားတဲ့ 7 Dangers of Plastic ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။