စာဖတ်သူတွေ နေ့စဉ် မနက်ဘက် ရေချိုးလေ့ ရှိသူလား။ ညဘက် ရေချိုးလေ့ ရှိသူလား။ ဒါမှမဟုတ် မနက်၊ ည တနေ့ကို နှစ်ကြိမ် ရေချိုးလေ့ရှိသူလား။
ကျွမ်းကျင်သူတွေကတော့ မနက်ဘက်ပဲ ဖြစ်ဖြစ်၊ ညဘက်ပဲ ဖြစ်ဖြစ် ဘယ်အချိန် ရေချိုးချိုး ကောင်းကျိုးနဲ့ ဆိုးကျိုး နှစ်ခုလုံးမှာ ရှိတယ်လို့ ဆိုပါတယ်။ ဒါဆိုရင် မနက်ဘက် ရေချိုးခြင်းနဲ့ ညဘက် ရေချိုးခြင်းတို့ရဲ့ ကောင်းကျိုးတွေကို ဧရာဝတီမှ စာဖတ်ပရိသတ်တွေ သိနိုင်အောင် မျှဝေရေးသား ပေးလိုက်ပါတယ်။
ညဘက် ရေချိုးခြင်းရဲ့ ကောင်းကျိုးများ
(၁) လန်းဆန်းစေတယ်၊ ပိုးမွှားများ သန့်စင်ပေးတယ်
ညဘက် ရေချိုးတာက တနေကုန် ပင်ပန်းထားသမျှ ပြေပျောက် လန်းဆန်းသွားသလို၊ ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ဘတ်တီးရီးယား ပိုးမွှားတွေ၊ ပတ်ဝန်းကျင် ညစ်ညမ်းရာက ထွက်လာတဲ့ အမှုန်အမွှားတွေကို သန့်စင်ပြီးသား ဖြစ်စေပါတယ်။
(၂) အိပ်ခါနီး ရေချိုးတာက ပိုအိပ်ပျော်စေတယ်
ကျန်းမာရေး သတင်းတခုမှာ အိပ်ခါနီး ရေချိုးတာက ကိုယ်တွင်းအပူချိန် မြင့်တက်နေတာကို အေးမြသွားအောင် လုပ်လိုက်တာ ဖြစ်တဲ့အတွက် အလျင်အမြန်ပဲ အိပ်ပျော်သွားစေတာပါတဲ့။ မအိပ်ခင် မိနစ် ၉၀ လောက်မှာ ရေချိုးတာက Cortisol Level လျော့ချပေးလိုက်လို့ စိတ်ဖိစီးမှု လျော့ကျသွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတာပါ။
(၃) ညဘက်ရေချိုးတာ ဆဲလ် အသစ်တွေ ပိုထုတ်ပေးတယ်
ညဘက် ရေချိုးပေးတာက အရေပြားဆဲလ် အသစ်တွေကို ပိုထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အရေပြားက ညဘက် အိပ်နေစဉ်မှာ လိုအပ်တဲ့ ဆဲလ်အသစ် ဖန်တီးခြင်း လုပ်ငန်းကို လုပ်ပါတယ်။ မအိပ်ခင် ညဘက် ရေချိုးထားတဲ့အခါ ဆဲလ်အဟောင်းတွေ သန့်စင်ပြီးရာ ရောက်တာမို့ အသစ်တွေ အလျင်အမြန်အစားထိုးစေနိုင်ပါတယ်။ ဒါကြောင့် ရေချိုးဖို့ အရမ်းပင်ပန်းနေတယ် ဆိုရင်တောင် အိပ်ရာမဝင်ခင် မျက်နှာကို သေချာ သန့်စင်သင့်တယ်လို့ အရေပြားဆရာဝန်တွေက အကြံပြုထားပါတယ်။
မနက်ဘက် ရေချိုးခြင်းရဲ့ ကောင်းကျိုးများ
(၁) မနက် ရေချိုးတာ လန်းဆန်း တက်ကြွစေတယ်
မနက် ရေချိုးတဲ့သူတွေမှာလည်း ညအိပ်ရာမဝင်ခင် ရေချိုးတဲ့သူတွေလို ဟော်မုန်းဓာတ်တွေ ထိန်းညှိနိုင်လို့ စိတ်ဖိစီးမှု ကင်းဝေးပြီး တနေကုန် လန်းဆန်း တက်ကြွစေပါတယ်။ ဒါကြောင့် မနက်ဘက် ရေချိုးတာကလည်း သင့် ကို အတွေးအခေါ်ကောင်းတွေ၊ အတွေးအမြင်သစ်တွေ ထွက်စေပါတယ်။
(၂) အမျိုးသားတွေ အတွက် မနက် ရေချိုးတာ ပိုကောင်းတယ်
အမျိုးအသားတွေ အတွက်တော့ မနက်ဘက် ရေချိုးတာ ပိုကောင်းပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုရင် မနက်ဘက် ရေချိုးပြီးမှ မုတ်ဆတ်မွှေး၊ ပါးသိုင်းမွှေးတွေ ရိတ်ပေးရင် အမွှေးအမျှင်သန်တာ နှေးကွေးသွားစေလို့ပါ။
“မနက် ရေချိုးရမလား၊ ညမှပဲ ရေချိုးမလား” ဝေခွဲမရဖြစ်ပြီး စိတ်ရှုပ်ခံပြီး စဉ်းစားနေတာထက် ဘယ်အချိန်ပဲ ရေချိုးချိုး ရေပူနဲ့ ချိုးတဲ့သူတွေဟာ ၁၀ မိနစ်ထက်ကြာအောင် ပိုမချိုးသင့်ပါဘူး။ အကြောင်းကတော့ ရေပူကြောင့် သင့်အရေပြား အပေါ်က သဘာဝ အဆီဓာတ်တွေ ခမ်းခြောက်သွားနိုင်လို့ပါပဲ။
Ref: CNA/ BK