Facebook အသုံးပြုတဲ့အခါ သင့်ရဲ့ Newfeed မှာ ဘယ်လိုမျိုး အကြောင်းအရာတွေက အရင်ဆုံး ပေါ်လာတတ်ပါသလဲ။ သင့် Friend List ထဲက လူတချို့ရဲ့ ခရီးသွားပို့စ်တွေ၊ Online Shopping တွေရဲ့ ကြော်ငြာပို့စ်တွေ … ဒါတွေဟာ သင့်ကို စိတ်ဓာတ်ကျ စေနိုင်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။
Facebook ပေါ်က ပို့စ်တွေကို ကြည့်ပြီး “ငါကလွဲပြီး အားလုံးဟာ ပျော်ရွှင်နေကြတယ်။ သူများတွေရဲ့ ဘဝဟာ ငါ့ဘဝထက် ပိုပျော်စရာ ကောင်းတယ်” ဆိုပြီး အစရှိတဲ့ အနှုတ်သဘောဆောင်တဲ့ အတွေးအခေါ်တွေကို ဝင်လာ စေပါတယ်။ ဒီလို မိမိရဲ့ဖြစ်တည်မှုနဲ့ တခြားသူတွေရဲ့ ဘဝကို လိုက်လံနှိုင်းယှဉ်ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ စိတ်ကျရောဂါ ဖြစ်လာနိုင်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက သုံးသပ်ပြောဆိုထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေ တုန်းကတော့ Facebook သုံးသူ အများစုဟာ Facebook ကို သတင်းနဲ့ ဖျော်ဖြေရေးကဏ္ဍ အတွက်သာ သုံးကြပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းတွေမှာတော့ Facebook ဟာ သတင်းအမှားတွေ ဖြန့်ဝေဖို့နဲ့ အချင်းချင်း နှိုင်းယှဉ်ပြိုင်ဆိုင်တဲ့အနေနဲ့ အသုံးပြုသူတွေသာ များလာခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး Facebook တီထွင်သူ Mark Zuckerberg က “Facebook ကို အဓိပ္ပာယ်ရှိတဲ့ အဆက်အသွယ်ပြုမှုတွေ အတွက်သာ အသုံးပြုစေချင်တယ်”လို့ ဆိုပါတယ်။
သင့်အနေနဲ့ မိမိရဲ့စိတ်ပိုင်းဆိုင်ရာကို ပိုမိုကောင်းမွန်ပြီး စိတ်ဓာတ်ကျတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ သင့်ရဲ့ Facebook အသုံးပြုချိန်တွေကို လျှော့ချပြီး သင့်မိသားစုနဲ့ သင်ချစ်ခင်ရသူတွေအတွက် အချိန်ပေးပြီး သင့်ရဲ့ လက်တွေ့ဘဝကို အဓိပ္ပာယ်ရှိရှိနဲ့ ဖြတ်သန်းလိုက်ပါ။
Ref ; psychologytoday