ချစ်သူတွေ အိမ်ထောင်သည်တွေ အကြား လိင်ဆက်ဆံမှု အခြေအနေအပေါ်ကို လေ့လာချက် တခု ပြုလုပ်ခဲ့ပြီး Journal of Personality and Social Psychology မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဘယ်လို လေ့လာချက်လဲ ဆိုတော့ ချစ်သူ နှစ်ဦးကြားနဲ့ အိမ်ထောင်သည် နှစ်ဦးကြား လိင်ဆက်ဆံမှု ဘယ်လောက်များသလဲ၊ လိင်ဆက်ဆံမှု များတာ၊ နည်းတာနဲ့ အချင်းချင်း အကြား ဆက်ဆံရေး အနေအထားတွေကို လေ့လာထားတာပါ။
လေ့လာချက်အရ သိရှိရတာက ချစ်သူတွေကြားမှာ လိင်ဆက်ဆံမှု အကြိမ်ရေ များတဲ့ သူတွေက အချင်းချင်း နှစ်ကိုယ်ကြား အကြောင်းအရာတွေကို ပိုမို လိမ်လည် ဖုံးကွယ်ထားလေ့ ရှိတယ် လို့ သိလာရပြီး လိမ်ဆက်ဆံမှု နည်းတဲ့ ချစ်သူတွေမှာတော့ အချင်းချင်း လိမ်ညာမှု နည်းကြတယ် လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ တက္ကသိုလ်က လက်ထပ်ပြီးစ စုံတွဲပေါင်း ၂၃၃ တွဲကို မေးမြန်း သုတေသနပြု လေ့လာခဲ့တာ ပါ။ ဒီစုံတွဲတွေကို နောက်ဆုံး ၃ နှစ်ခွဲကာလ ချစ်သူ သက်တမ်း အတွင်း အနေအထိုင်နဲ့ ဆက်ဆံရေး အခြေအနေတွေကို မေးမြန်း လေ့လာခဲ့ကြတာလည်း ဖြစ်ပါတယ်။
မေးမြန်းချက်တွေ အတွင်း လိင်ဆက်ဆံမှု အကြောင်း အသေးစိပ် အကြောင်းအရာတချို့ အပါအဝင် လိင်ဆက်ဆံမှု အတွင်း အဆင်ပြေမှု၊ မပြေမှု၊ စိတ်ခံစားချက် အခြေအနေတွေ အပါအဝင် ဖွင့်ဟ ဝန်ခံချက်တွေ၊ အချင်းချင်းကြား လိမ်ညာခဲ့မှု အကြောင်းအရာတွေ ရှိ၊ မရှိ၊ အတူတကွ ဆက်လက် နေထိုင်နေခြင်း ရှိ၊ မရှိနဲ့ စိတ်သဘောထားတွေကိုပါ လေ့လာ ထားမေးမြန်းခဲ့တာပါ။
ရလဒ်ကတော့ ချစ်သူနှစ်ဦးကြား လိင်ဆက်ဆံမှု များတယ်၊ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု ပိုမို ရယူတတ်ကြတဲ့ စုံတွဲတွေမှာ အချင်းချင်း လိမ်ညာမှု ပိုမို လုပ်ဆောင် နေထိုုင်တတ်ကြတာ တွေ့လာရတယ် လို့ ဆိုပါတယ်။ အဓိက အနေနဲ့တော့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေး ပြေလည်တယ်၊ တခြား အကြောင်းအရာ တစုံတခု အတွက် အထင်မှားမှုတွေ၊ အဆင် မပြေမှုတွေ ရှိလာနိုင်မှာ စိုးတဲ့ အတွက် ဖုံးကွယ်မှု၊ လိမ်ညာမှုတွေ လုပ်ဆောင်လေ့ ရှိတယ် လို့ ဖြေကြတာ တွေ့ရပါတယ်။
ဒါ့အပြင် လိမ်ညာ ဖုံးကွယ်မှုတွေ အဓိက လုပ်ဆောင်မှုမှာ ချစ်သူ နှစ်ဦးကြား တခြားသူတွေကို စိတ်ဝင်စားမှု ရှိ၊ မရှိ အကြောင်း မေးမြန်းတာတွေ အတွက်လည်း လိမ်ညာတာတွေ ပိုကြတယ်လို့ ဆိုပါတယ်။ ပြီးတော့ တယောက်ကို တယောက် ဘယ်လောက် သတိရ လွမ်းဆွတ်ကြောင်း မေးမြန်းတာတွေ အတွက် လိမ်ညာတာတွေရှိကြောင်း ဆိုပါတယ်။ ဒါဆိုရင်တော့ လိမ်ညာမှုတွေ ရှိတာ မှန်ပေမယ့် ဖောက်ပြန်မှုလို ကြီးမားတဲ့ လိမ်ညာချက်တွေတော့ မဟုတ်လို့ တော်ပါသေးတယ်။
ဒီနေရာမှာ ဆွဲဆောင်မှု များတဲ့ ပုံတွေကို ခဏပဲ ကြည့်သူတွေက သစ္စာဖောက်ဖိ့ု ခက်ခဲတယ် လို့လည်း လေ့လာချက် အရ သိရပါတယ်။ ဆိုလိုတာက မိမိ ချစ်သူ မဟုတ်တဲ့ တခြားသူ တယောက်ရဲ့ ဆွဲဆောင်မှု ကောင်းအောင် ရိုုက်ကူးထားတဲ့ ပုံတွေကို အလေးထား ဂရုမစိုက်ပဲ မြင်တယ် ဆိုရုံလောက်ပဲ ကြည့်တတ်သူတွေကို ဆိုလိုတာပါ။ ဒီလို ဆွဲဆောင်မှု ကောင်းတဲ့ ပုံတွေကို အချိန်ကြာကြာ ပိုကြည့်တတ်သူတွေကတော့ ချစ်သူနှစ်ဦးကြား ဆက်ဆံရေးမှာလည်း လိမ်ညာမှု လုပ်ဖို့ ရာခိုင်နှုန်း ၅၀ လောက် ပိုစေတယ် လို့ ဆိုပါသေးတယ်။
ဒါဆိုရင်တော့ Facebook မှာပဲ ဖြစ်ဖြစ်၊ လမ်းဘေးက ဆွဲဆောင်မှု ကောင်းအောင် ရိုက်ကူးထားတဲ့ ပုံတွေကိုပဲ ဖြစ်ဖြစ် အချိန်ကြာကြာ ကြည့်မိတတ်သလား ကိုယ်တိုင် ပြန်စဉ်းစားစရာ ဖြစ်လာပါပြီ။ သင်ရော ဆွဲဆောင်မှု ကောင်းတဲ့ ပုံတွေကို နှစ်သက်ပါသလား။ သင့်ချစ်သူကိုရော လိမ်ညာတာတွေ ရှိပါသလား။
တကယ်လည်း ကိုယ့်ချစ်သူ အပေါ်ကို လိမ်ညာမှု မရှိတတ်သူတွေက တခြားသူရဲ့ ပုံတွေကို အကြည့်နည်းတယ်၊ စိတ်ဝင်စားမှု နည်းတယ် လို့ ဆိုပါတယ်။ တချို့ဆိုရင် ဘယ်သူ၊ ဘယ်ပုံကို ကြည့်မိတယ်၊ လှတယ် ဆိုတာမျိုးကိုတောင် သူ့ချစ်သူကို ပွင့်ပွင့်လင်းလင်း ပြောပြ၊ ဝန်ခံပြီး အမှန်အတိုင်း ဆက်ဆံ နေထိုင်လေ့ရှိတယ် လို့ ဆိုပါတယ်။
အခု လေ့လာချက်ထဲမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ အဖြေတခုလည်း ရလာခဲ့ပါတယ်။ အဲဒါကတော့ မိန်းကလေး တယောက်ဟာ ပိုလှလေလေ သူ့ ကောင်လေး ချစ်သူအပေါ် သစ္စာ ရှိလေလေ ဆိုတာပဲ ဖြစ်ပါတယ်။ အရင်က ထင်ထားတဲ့ မိန်းကလေးတွေက လှလေလေ အလှမာန်တက်ပြီး ခြေများနိုင်မယ် ဆိုတဲ့ အတွေးနဲ့ ဆန့်ကျင်ဘက် ဖြစ်ေနေပါတယ်။
ဒါပေမယ့် ဆွဲဆောင်မှု ကောင်းတဲ့ အမျိုးသားတွေကတော့ သူတို့ ပိုခန့်လေလေ ချစ်သူ ကောင်မလေးတွေကို ပိုပြီး လိမ်ညာ ဖုံးကွယ်လို စိတ်များလေလေပဲ ဆိုတာ သိလာရပြန်ပါတယ်။ သင့် အနေနဲ့ ကိုယ့့်ကိုယ်ကို ရုပ်ဆိုးတယ် လို့ ထင်မိပါသလား၊ ဂုဏ်ယူလိုက်ပါ၊ သင်ဟာ သစ္စာရှိသူ၊ လိမ်ညာမှု ကင်းမဲ့သူ တယောက် ဖြစ်နေပါပြီ။
ဒါဆိုရင်တော့ လိင်မှု ရေးရာမှာ ပိုမို ကျေနပ်မှု ရယူတဲ့ စုံတွဲတွေက အချင်းချင်း လိမ်ညာ ဖုံးကွယ်မှု ပိုချင်တယ်၊ လက်ရှိ အဆင်ပြေနေမှု အနေအထားမှာ ပြဿနာ တခုခု ရှိလာမှာ စိုုးလို့ ဖုံးကွယ်မှု တချို့ ဖြစ်ပေမယ့် လိင်စိတ် တခုတည်းနဲ့တော့ ဆက်ဆံရင်းနှီး နေတာ မကောင်းဘူးလုု့ိ ဆိုချင်ပါတယ်။
လှပတဲ့ မိန်းကလေးတွေဟာ သစ္စာ ပိုရှိကြတယ်၊ ဆွဲဆောင်မှု ကောင်းတဲ့ အမျိုးသားတွေကတော့ လိမ်ညာလိုစိတ် ပိုချင်ကြတယ်။ မိမိရော ချစ်သူအပေါ်မှာ လိင်စိတ် ခံစားမှုပဲ ပိုနေပါ သလား။ ကြင်နာချစ်ခင်မှုလည်း ပေးဖို့ စဉ်းစားပါ။ လိမ်ညာမှု ဆိုတာလည်း မကောင်းပါဘူး။ သစ္စာမဲ့မယ် ဆိုရင်တော့ အဆိုးဆုံးပေါ့။ ။
Ref: www.maxim.com