ငွေကြေး ဥစ္စာ ချမ်းသာခြင်းက အချစ်ရေးမှာ အဆင်ပြေစေတာလား။ ဒါပေမယ့် အရာတိုင်းကရော ငွေနဲ့ ဝယ်လို့ ရနိုင်ပါရဲ့လား။ eHarmoney က အမေရိကန်မှာ ရှိတဲ့ ပျော်ရွှင် အဆင်ပြေတဲ့ စုံတွဲတွေနဲ့ ပတ်သက်ပြီး လေ့လာချက် တခု ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်တွေကို ထုတ်ပြန်လာတာ တွေ့ရပါတယ်။
လူပေါင်း ၂၀၀၀ ထောင်ကျော်ကို လူတွေ့ မေးမြန်းပြီး အခု လေ့လာချက်ဖြစ်ပြီး လက်ရှိ အမေရိကန်မှာတော့ စုံတွဲ ၆၄ ရာခိုင်နှုန်းက ပျော်ရွှင်ကြတယ်၊ ၁၉ ရာခိုင်နှုန်းလောက်ကပဲ ဆက်ဆံရေး အဆင်မပြေ မပျော်ရွှင်ဘူး လို့ ဆိုပါတယ်။ သူတို့တွေ ဘာကြောင့် အဆင်ပြေ ပျော်ရွှင်နေကြပါသလဲ။ အဆင်ပြေ ပျော်ရွှင်တဲ့ ချစ်သူတွေ ဖြစ်ဖို့ ဘယ်လို အချက်တွေ လုပ်အပ်မလဲ ဆိုတာ လေ့လာရအောင်ပါ။
(၁) သူတို့ဟာ ချမ်းသာသူတွေ ။ ။ ကိုယ်တိုင် ချမ်းသာသူတွေလည်း ဖြစ်မယ်၊ မဟုတ်ရင်လည်း မိဘက ချမ်းသာသူ တွေ ဖြစ်တယ်။ အမေရိကန်မှာတော့ အသက် ၂၅ ကနေ ၃၄ နှစ် အတွင်း စုံတွဲတွေဟာ ကိုယ့်အလုပ်နဲ့ကိုယ်၊ ဘ၀ ရပ်တည်ရေး ခိုင်မာပြီး အချစ်ရေးမှာ အဆင်ပြေနေတယ် လို့ ဆိုပါတယ်။
(၂) အားသာချက်ကိုယ်စီရှိတယ် ။ ။ ချစ်သူနှစ်ဦးကြား ပျော်ရွှင် အဆင်ပြေစေတဲ့ အချက် တခုက အားသာချက် ကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့ အချက်လို့ ဆိုပါတယ်။ စိတ်ကူးစိတ်သန်း ကောင်းမွန်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်း၊ လှုမှု ဆက်ဆံရေး ကောင်းမွန်ခြင်းနဲ့ အကောင်းမြင်စိတ် ရှိပြီး သဘောထားကြီးခြင်းလိုု အားသာချက် တခုစီက အချင်းချင်း ပိုမို အဆင်ပြေစေတယ် လိုု့ ဆိုပါတယ်။
(၃) ဝင်ငွေကောင်းတယ် ။ ။ လူလတ်ပိုင်း အရွယ် ရောက်လာပြီ ဖြစ်သလို ကိုယ့်အလုပ်နဲ့ ကိုယ် ဖြစ်လာပြီး အောင်မြင် တိုးတက်ဖို့ ကြိုးစားနေကြချိန်မှာ တဦးချင်း ဝင်ငွေရော၊ နှစ်ဦးပေါင်း ဝင်ငွေပါ ကောင်းကြတယ်။ ငွေဟာ အဆင်ပြေမှု အတိုင်းအတာ တခုထိအောင် ရှိစေတာလည်း တွေ့လာရပါတယ်။ အနာဂါတ်အတွက် ကြိုတင်စုဆောင်းမှုကနေ လက်ရှိ ကာလမှာပါ ဝင်ငွေကောင်းခြင်းက ချစ်သူတွေကို ပိုမို အဆင်ပြေစေတာလည်း ဖြစ်ပါတယ်။
(၄) ရင်းနှီးမှု ပိုအောင် ကြိုးစားယူကြတယ် ။ ။ လက်ရှိ ချစ်သူနဲ့ တွဲဖက်နေတဲ့ အနေအထားမှာ ဘယ်အဆင့်ထိ ရှိနေပြီလဲ ဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင် အသိဆုံး ဖြစ်ပေမယ့် အဆင်ပြေ ပျော်ရွှင်နေတဲ့ စုံတွဲတွေမှာတော့ ဆက်ဆံရေးကို ကောင်းသည်ထက် ကောင်းအောင်၊ ရင်းနှီးသည်ထက် ရင်းနှီးအောင် ရယူ ကြိုးစား နေထိုင်ကြတယ်လို့ ဆိုပါတယ်။ အလွယ်ဆုံး ပြောရရင် တသက်လုံး အတူနေဖို့ ရည်မှန်းထားသူ အချင်းချင်း လက်မထပ်ရသေးတဲ့တိုင် လက်ထပ်ပြီး အတူ နေသလို အနီးဆုံးနဲ့ အပွင့်လင်းဆုံး ဖြစ်အောာင် နေထိုင် ဆက်ဆံံကြတယ်။ ဒီလိုနဲ့ သံယောဇဉ်ရော နွေးထွေးမှုရော အဆင်ပြေ ပျော်ရွှင်မှုတွေပါ ပိုမို ကောင်းမွန်လာတာ ဖြစ်နိုင်ပါတယ်။
(၅) အတူတူပူးပေါင်း လုပ်ဆောင်ကြတယ် ။ ။ စိတ်ညီလက်ညီနဲ့ စုံတွဲတွေက တခြား သူတွေထက် ပိုပြီး အဆင်ပြေ ကြပါတယ်။ အတူတူ ဘုရားသွား ကျောင်းတက် ပုံစံကနေ မုန့် အတူစား၊ ရုပ်ရှင် အတူကြည့်တဲ့ အနေအထားထိ တယောက် လုပ်ချင်တာကို နောက်တယောက်က လိုက်ပါ လုပ်ဆောင်ပေးတယ်။ စိတ်ရော လူပါ အမြဲ အတူရှိနိုင်အောင် ကြိုးစားနေထိုင်တဲ့ သဘောပါ။ တခါတလေတော့လည်း ဝါသနာချင်း မတူရင်တောင် ညှိပြီး နေထိုင်တာမျိုး လုပ်ဆောင်ပါ။ သူ့ အကြိုက်၊ ကိုယ့် အကြိုက် တလှည့်စီ လိုက်ပါ လုပ်ဆောင်တာလည်း ကောင်းပါတယ်။
(၆) အသက်မကွာကြဘူး ။ ။ လေ့လာချက်မှာ တွေ့ရှိထားမှု အရ ရွယ်တူ ချစ်သူတွေက တခြားသူတွေထက် ပိုပြီး ပျော်ရွှင်ရတယ် လို့ ဆိုပါတယ်။ အသက် ၅ နှစ်နဲ့ အထက် အရွယ်ကွာဟတဲ့ စုံတွဲတွေမှာတော့ အဆင်မပြေမှုတွေ၊ မပျော်ရွှင်ရခြင်းတွေ ဖြစ်လာတယ် လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ အသက် သိပ်မကွာတဲ့ ချစ်သူကို ရွေးချယ်တာ ပိုပြီး မှန်ကန်ပါလိမ့်မယ်နော်။
(၇) ပညာတတ်ကြတယ်၊ အလုပ်ရှိကြတယ် ။ ။ နည်းပညာခေတ်မှာ ပညာတတ်မှ လူရာဝင်ဖို့ ပိုသေချာပါတယ်။ အမေရိကန်က အဆင်ပြေ ပျော်ရွှင်နေကြတဲ့ စုံတွဲတွေမှာတော့ အများစုက ပညာတတ်တွေ ဖြစ်ကြသလိုု အလုပ်လည်း ကိုယ်စီ ရှိကြတယ် လို့ ဆိုပါတယ်။ ကျနော်တို့ဆီမှာတော့ ဘွဲ့ရ ပညာတတ် များလာပေမယ့် အလုပ် ရဖို့၊ ဝင်ငွေကောင်းဖို့ နည်းနည်းခက်ခဲလို့ ချစ်သူနဲ့ အဆင်ပြေဖို့၊ အနာဂါတ်ဘ၀ သာယာဖို့ ပညာလည်း ကြိုးစားသင်၊ အလုပ်လည်း လုုပ်၊ ဝင်ငွေလည်း ကောင်းဖို့ လိုအပ်နေပြီပေါ့။
(၈) အရမ်းချစ်ကြတယ် ။ ။ တယောက်ကို တယောက် ချစ်ခင်တယ်။ နှစ်သက်တယ်။ သစ္စာရှိတယ် ပေါ့။ ဘဝအတွက် အချိန်တခု သတ်မှတ်ကြိုးစားမယ်။ နောက်ဆို လက်ထပ်မယ်။ တသက်လုံး အတူနေသွားမယ် ဆိုရင် ဒါဟာ အရမ်း ချစ်ကြတဲ့ စုံတွဲတွေရဲ့ ပုံစံပါပဲ။ သင့်မှာလည်း ဒီလို ချစ်သူရှိရင် တသက်လုံး ပျော်ရွှင်ရဖို့ သေချာနေပါပြီ။ အချိန်အများစုမှာ အတူ ရှိနေမယ်။ အထက်က အချက်တွေလိုလည်း ကြိုးစားမယ်။ ချစ်သူ ဘဝမှာရော အိမ်ထောင်သည် ဘဝမှာပါ ဖောက်ပြန်မှု မရှိဘူး ဆိုရင် အဆင်ပြေပျော်ရွှင်ရ ပါလိမ့်မယ်။
Ref: www.businessinsider.com