တနေ့တာလုံး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မယ့် နည်းလမ်း ၃ ခု
လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို နိစ္စဓူဝ အလုပ်တွေ လုပ်လာရတဲ့အခါ ငြီးငွေ့လာတတ်ပါတယ်။ သမရိုးက ဘဝကြီးကနေ လွတ်မြောက်ဖို့အတွက် ငွေကုန်ကြေးကျခံပြီး ပျော်ရွှင်မှုကို ဖန်တီးတာက မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။
စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရရှိပြီး တနေ့တာလုံး ပျော်ရွှင်စွာ ဖြတ်နိုင်မယ့် နည်းလမ်း ၃ ခုကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် မျှဝေရေးသားလိုက်ပါတယ်။
(၁) မှန်ကန်တဲ့အရာ တခုလုပ်ဖို့ မိနစ် ၃၀ အချိန်ပေးပါ
စိတ်ထားကောင်းကောင်းထားခြင်း၊ မှန်ကန်တဲ့အပြုအမူကို ပြုခြင်းဟာ သင့်ကို စိတ်ချမ်းမြေ့စေပါလိမ့်မယ်။ တစုံတယောက်ကို အားပေးစကားပြောခြင်း၊ နှစ်သိမ့်ပေးခြင်းဟာလည်း သင့်ကို ပျော်ရွှင်စေပါတယ်။ ဥပမာ – ပရဟိတ လုပ်ငန်းမျိုးပေါ့။
သင့်အနေနဲ့ မတွေ့တာကြာတဲ့ သူငယ်ချင်းကို ဖုန်းနဲ့ ဆက်သွယ်ပြီး စကားပြောတာမျိုး၊ လုပ်ဖော်ကိုင်ဖက် တယောက်ကို ချီးကျူးပေးတာမျိုး၊ သူ့အလုပ်အတွက် လိုအပ်တဲ့ သတင်းအချက်အလက် စုဆောင်းပေးလိုက်တာမျိုး (သို့မဟုတ်) အလုပ်သစ် စဝင်တဲ့ ဂျူနီယာ တယောက်ကို ကူညီရှင်းပြပေးတာမျိုးက အားစိုက်ထုတ်စရာ မလိုဘဲ အချိန်အနည်းငယ် ပေးရုံနဲ့ လုပ်လို့ရတဲ့ ပရဟိတ အလုပ်ပါ။
(၂) ခေါင်းကိုက်စေမယ့် အရာတွေကို ရှောင်ရှားပါ
မလိုအပ်တဲ့ အရာအတွက် လိုက်စဉ်းစားပြီး ခေါင်းကိုက် မခံပါနဲ့။ သင်ဟာ Presentation တခု ဒီနေ့ လုပ်ရတော့မယ် ဆိုကာမှ Memory stick ပျောက်လို့ ခေါင်းကိုက်လာတာမျိုး မဖြစ်အောင် သတိပြုပါ။ ပစ္စည်း အသေးအမွှားလေးတွေ ပျောက်လို့ ပျာယာခတ်နေရတာမျိုးက သင့်ကိုယ်သင် ယုံကြည်မှု ပျောက်ဆုံး လာတတ်ပါတယ်။
အရေးသိပ်မကြီးတဲ့ အရာတခုကို စဉ်းစားတော့မယ်ဆိုရင် ခေါင်းအေးအေး ထားပြီး ၅ မိနစ်လောက် စဉ်းစားရုံနဲ့ အဖြေထွက်ပါတယ်။ အရေးကြီးတာနဲ့ အရေးမကြီးတာ ခွဲခြားသိပြီး ကြိုတင် ပြင်ဆင်နိုင်မယ်ဆိုရင် တနေ့တာကို အဆင်ပြေပြေနဲ့ ဖြတ်သန်းနိုင်မှာပါ။
(၃) သင့်ပျော်ရွှင်စေတဲ့ အရာတွေလုပ်ဖို့ ကြိုတင်စီစဉ်ပါ
လူအများစုဟာ အားတဲ့အခါ ရုပ်ရှင်ကြည့်တာတို့ စာအုပ်ဖတ်တာတို့ ပြုလုပ်လေ့ ရှိကြပါတယ်။ ပြဿနာ ကတော့ မိနစ် ၂၀၊ ၃၀ လောက် ကိုယ်နှစ်သက်တဲ့ ဇာတ်လမ်း၊ စာအုပ်ကို ရှာဖို့ အချိန်ပေး ရတာပါပဲ။ ဘယ်ဇာတ်လမ်းကို ကြိုက်တယ်၊ မကြိုက်ဘူး ဆုံးဖြတ်နေရတာက စိတ်သက်သောင့်သက်သာ သိပ်မရှိလှ ပါဘူး။ အဲဒီလို ရွေးရင်းရွေးရင်းနဲ့ အားလပ်ချိန် ကုန်ဆုံးပြီး အပြည့်အဝ မပျော်လိုက်ရတာမျိုး ကြုံဖူးမှာပါ။
ဒီလိုလုပ်မယ့်အစား သင်ကြည့်ချင်တဲ့၊ သဘောကျတဲ့ စာအုပ်တွေ ရုပ်ရှင်တွေကို အစဉ်လိုက် ချရေးထားပါ။ ပြီးမှ တခုချင်းစီ ပြီးမြောက်အောင် အဆုံးသတ် ကြည့်နိုင်ပါတယ်။ တနေ့တာမှာ ကိုယ်သဘောကျတဲ့ အရာ တခုလောက်ကို လုပ်ကြည့်ဖို့ ကြိုတင်အစီအစဉ် ရေးဆွဲထားတာက တကယ်အလုပ်ဖြစ်သလို အချိန်မရှိလို့ ဒီနေ့တော့ ဝါသနာပါတာ မလုပ်လိုက်ရဘူး ဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး။
အခု ရေးသားထားတဲ့ နည်းလမ်းတွေနဲ့ သင့်ရဲ့ တနေ့တာကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ အကြံပြု လိုက်ပါတယ်။