တနှစ်တာရဲ့ အပူဆုံးအချိန် ကာလဖြစ်တဲ့ နွေရာသီမှာ အသားအရေ မပျက်စီးအောင် ဂရုစိုက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်တာမျိုးတွေ မဖြစ်ရအောင် ပြုလုပ်သင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေး လိုက်ပါတယ်။
(၁) နွေရာသီကာလမှာ အပြင်သွားမယ်ဆိုရင် SPF (Sun Protection Factor) ၅၀ ဆပါတဲ့ Sunscreen ကို မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ပြင်းထန်လွန်းတဲ့အတွက် အသားအရေ နေလောင်ပြီး အရေပြားကင်ဆာ အထိ ဖြစ်စေနိုင်ပါတယ်။ ဒီအတွက်ကြောင့်မို့လို့ အပြင်မသွားခင် မိနစ် ၂၀ အလိုလောက်မှာ Sunscreen လိမ်းပေး သင့်ပါတယ်။
(၂) နေပူထဲကနေ ပြန်လာပြီး အိမ်ပြန်ရောက်တဲ့ အခါမှာလည်း မျက်နှာအသားအရေကို သဘာဝပစ္စည်းတွေ ဖြစ်တဲ့ သခွားသီးကပ်တာ၊ အာလူးကပ်ပေးတာမျိုးနဲ့ မျက်နှာအသားအရေကို ပြန်လည်အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။
(၃) ပူပြင်းလှတဲ့ နွေရာသီမှာ ရေဓာတ် ပြည့်နေတဲ့ အသားအရေ ပိုင်ဆိုင်နိုင်စေဖို့ဆိုရင် ရေများများ သောက်ပေးဖို့ လိုပါတယ်။ ရေများများ သောက်ပေးခြင်းအားဖြင့် နေပူရှိန်ကြောင့် အသားအရေ မွဲခြောက်တာနဲ့ အရေးအကြောင်း ထင်တာတွေကို သက်သာ စေနိုင်ပါတယ်။ ဒါ့အပြင် ရေများများ သောက်ပေးတာကြောင့် ခန္ဓာကိုယ် သွေးလှည့်ပတ်မှု စနစ်ကို ကောင်းစေပြီး အသားအရေ ကြည်လင်စေနိုင်ပါတယ်။
(၄) နွေရာသီမှာ အပူအစပ် အစားအစာတွေနဲ့ ဆိုဒါလိုမျိုး သောက်စရာ အရည်တွေ၊ သကြားလွန်ကဲစွာပါတဲ့ မုန့်အချိုတွေ စားသုံးခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၅) သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဒိန်ချဉ်နဲ့ အခွံမာသီးတွေ၊ Antioxidant ကြွယ်ဝစွာပါတဲ့ ခရမ်းချဉ်သီး အစရှိတဲ့ အစားအစာတွေကို နွေရာသီမှာ ပိုမိုစားသုံးပေးခြင်း အားဖြင့် အသားအရေကို ကျန်းမာလှပစေမှာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းလင့်ခ် – နွေရာသီမှာ စားသုံးသင့်တဲ့ ရေဓာတ်ပြည့်ဝ အသီးအနှံ ၅ မျိုး
Ref : prokerala.com