အမျိုးသမီးများ လစဉ်ကြုံတွေ့ရတဲ့ ရာသီသွေးဆင်းခြင်းဟာ နာကျင်ကိုက်ခဲမှု၊ ဗိုက်အောင့်ခြင်းနဲ့ စိတ်အပြောင်းအလဲ မြန်ခြင်းတွေကို ဖြစ်စေတတ်တဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်။ ဒီလိုကာလမှာ သတိ မထားမိဘဲ စားသောက်မိလိုက်တဲ့ တချို့သော အစားအစာတွေဟာ နာကျင်ကိုက်ခဲမှုနဲ့ ဗိုက်အောင့်ခြင်းတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
ရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ဖို့ အတွက် အခုဖော်ပြပေးမယ့် အစားအစာတွေကို ရှောင်ကြဉ်သင့် ပါတယ်။ အမျိုးသမီးများ ဓမ္မတာလာနေစဉ် အတောအတွင်း ရှောင်ကြဉ်သင့်တဲ့ အစားအစာများ အကြောင်း ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) အစားအစာကို အမြင်လှစေဖို့နဲ့ ပိုပြီး အရသာရှိစေဖို့ ပြုပြင်စီမံထားတဲ့ အစားအစာတွေကို ဓမ္မတာ လာစဉ်အတွင်း မစားသုံးသင့်ပါဘူး။ ဥပမာ- ရယ်ဒီမိတ် အာလူးကြော်နဲ့ သရေစာမုန့်လို အစားအစာတွေဟာ အငန်ဓာတ်နဲ့ ဓာတု ပစ္စည်းတွေ သုံးစွဲထားတဲ့အတွက် ဗိုက်အောင့်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
(၂) အဆီများတဲ့ ဆီကြော် အစားအစာတွေဟာ အက်စထရိုဂျင် ဟော်မုန်းပမာဏကို မြင့်တက်စေနိုင်ပါတယ်။ ရာသီ လာစဉ် နာကျင်ကိုက်ခဲမှုတွေဟာ အက်စထရိုဂျင် ဟော်မုန်းပမာဏနဲ့ ဆက်စပ်နေပါတယ်။ အက်စထရိုဂျင် ဟော်မုန်း ပမာဏကို တည်ငြိမ်အောင် ထိန်းညှိနိုင်ရင် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်မှာဖြစ်တဲ့အတွက် ဆီကြော် အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
(၃) ကဖင်းနဲ့ Alcohol (အယ်လ်ကိုဟော) ဓာတ်ဟာ ဆီးရွှင်စေပေမယ့် ကဖင်းဓာတ်ဟာ စိတ်ဖိစီးမှု ဟော်မုန်းပမာဏကို မြင့်တက် စေနိုင်တဲ့အတွက် ဓမ္မတာလာနေစဉ် အတွင်းမှာ ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် Alcohol ဓာတ်ဟာ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေကို ရက်ကြာရှည် စေနိုင်ပါတယ်။
(၄) အဆီများတဲ့ အနီရောင် အသားတွေမှာ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို ပိုမိဆိုးရွားစေနိုင်တဲ့ Arachidonic အက်ဆစ် ဓာတ်ပါဝင်ပြီး Prostaglandins တွေကို ထွက်ရှိစေနိုင်ပါတယ်။ Prostaglandins ဟာ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေနိုင်ပြီး သားအိမ်ကျုံ့စေခြင်းနဲ့ နာကျင်ကိုက်ခဲမှုတွေ ဖြစ်စေတတ်ပါတယ်။
(၅) နို့ထွက်ပစ္စည်းတွေဟာ သာမန်အချိန်မှာတော့ လူ့ခန္ဓာကိုယ်ကို အကျိုးပြုစေနိုင်တာ မှန်ပေမယ့် ဓမ္မတာ လာနေစဉ် မှာတော့ ရှောင်ကြဉ်သင့်ပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ Arachidonic အက်ဆစ်ပါဝင်ပြီး နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှု တွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – အမျိုးသမီးများ ဓမ္မတာ အချိန်မမှန်ရခြင်း အကြောင်းအရင်း ၅ ချက်
Ref ; www.avogel.co.uk