Health

ရေကူးခြင်းမှ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူး ၅ ခု

Want create site? Find Free WordPress Themes and plugins.

ရေကူးခြင်းဟာ အခြားသော ကျန်းမာရေး လှုပ်ရှားမှုတွေထက် အကျိုးများလှတာကြောင့် လူတိုင်းအတွက် သင့်လျော်တဲ့ အားကစားနည်း တမျိုးပဲ ဖြစ်ပါတယ်။ ရေကူးခြင်းအားဖြင့် ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ဧရာဝတီ စာဖတ်ပရိသတ်တွေ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) ရေကူးတာဟာ ခန္ဓာကိုယ်က ကြွက်သားတွေ အားလုံးကို အားစိုက်ထုတ်ရတာ ဖြစ်တဲ့အတွက် ကြွက်သားတွေကို သန်မာစေပြီး ကိုယ်ခံအား ကောင်းစေပါတယ်။ ကိုယ်အလေးချိန်ကို လျော့ကျစေရုံသာမက ခန္ဓာကိုယ် အချိုးအစား လှပစေတာမို့ အမျိုးသမီးတွေအတွက် အထူးသင့်တော်ပြီး ဆယ်ကျော်သက် အရွယ်တွေကိုလည်း အရပ်ရှည်စေ ပါတယ်။

(၂) ရေကူးခြင်းဟာ အဆီပိုတွေကို လျှော့ချပေးနိုင်တာကြောင့် ဝိတ်လျှော့ချင်သူတွေအနေနဲ့ ပုံမှန် ရေကူးသင့်ပါတယ်။ ပုံမှန် ရေကူးပေးခြင်းအားဖြင့် သက်လုံ ကောင်းမွန်စေပြီး ရုတ်တရက် သေဆုံးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၃) ရေကူးခြင်းဟာ ဦးနှောက်အာရုံကြော ဟော်မုန်းတွေကို ပြေလျော့စေတဲ့အတွက် စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျ စေနိုင်ပါတယ်။ သုတေသနပညာရှင်တွေ အဆိုအရ ရေကူးခြင်းဟာ စိတ်ကျရောဂါကိုပါ သက်သာစေနိုင်ပြီး ဦးနှောက်ဆဲလ် အသစ်တွေ ဖြစ်ထွန်းလာစေတဲ့အတွက် ဉာဏ်ရည်ကိုလည်း မြင့်မားစေနိုင်ပါတယ်။

(၄) တပတ်မှာ ၂ နာရီခွဲခန့် ပုံမှန်ရေကူးပေးခြင်းဟာ ဆီးချို၊ သွေးချို၊ နှလုံးရောဂါနဲ့ အရိုးအကြောရောဂါတွေကို ကာကွယ် ပေးနိုင်တယ်လို့ သုတေသနပညာရှင်တွေက သုံးသပ်ပြောဆို ထားပါတယ်။

(၅) ရေကူးတဲ့အခါ ခြေ၊လက်တွေကို တလှည့်စီ ဆန့်ထုတ်ပြီး ကူးခပ်ရတာဖြစ်တဲ့ အတွက်အရိုးအဆစ်တွေကို ပိုမို သန်မာ လာစေနိုင်ပါတယ်။

ရေကူးခြင်းဖြင့် နှလုံးသွေးကြောကျဉ်းခြင်းနဲ့ အဆီပိတ်ခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပြီး ရေကူးခြင်းဟာ ခန္ဓာကိုယ် တခုလုံးကို အသုံးချရတာ ဖြစ်တဲ့အတွက် အကြောအချင် ပြေစေပါတယ်။

ဒါကြောင့်မို့လို့ ရေကူးခြင်းအားဖြင့် အကျိုးကျေးဇူးများစွာ ရှိတာကြောင့် နွေရာသီ၊ ကျောင်းပိတ်ရက်၊ အားလပ်ရက်တွေမှာ ဆယ်ကျော်သက်အရွယ်နဲ့ ကလေးငယ်တွေအနေနဲ့ ရေကူးသင်ပြီး ရေကူးသင့်သလို ဝိတ်ချချင်သူတွေ အတွက်လည်း ပုံမှန် ရေကူးကြဖို့ အကြံပြုတိုက်တွန်း ရေးသားလိုက်ပါတယ်။

ဆက်စပ်သတင်းလင့်ခ် – ရေမကူးခင်နှင့် ရေကူးပြီးလျှင် ပြုလုပ်သင့်သော အချက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading