အကြောင်းအရာ တစုံတခု၊ ဒါမှမဟုတ် အခြေအနေ တခုခုကို ပုံမှန်ထက်ပိုပြီး ကြောက်ရွံ့ခြင်းကို အကြောက်လွန်ရောဂါ (Phobia) လို့ ခေါ်ပါတယ်။ အကြောက်လွန်ရောဂါ (Phobia) ဆိုတာ Anxiety Disorder (စိုးရိမ်စိတ် လွန်ကဲတဲ့ ရောဂါ) တမျိုးဖြစ်ပြီး လူတယောက်နဲ့ တယောက် Phobia ဖြစ်တတ်တဲ့ အကြောင်းအရာတွေကလည်း မတူပါဘူး။
အကြောက်လွန်ရောဂါ အမျိုးအစားတွေကို အကြမ်းဖျင်း အားဖြင့် ရိုးရိုး အကြောက်လွန်ရောဂါ (Simple or Specific Phobia) ၊ လူမှုဆက်ဆံရေး အကြောက်လွန်ရောဂါ (Social Phobia) နဲ့ ဟင်းလင်းပြင် အကြောက်လွန်ရောဂါ (Agoraphobia) ဆိုပြီး ဆေးပညာအရ ၃ မျိုး ခွဲခြားထားပါတယ်။
(၁) ရိုးရိုး အကြောက်လွန်ရောဂါ (Simple or Specific Phobia)
“ရိုးရိုး အကြောက်လွန်ရောဂါ” ဆိုတာကတော့ အခြေအနေတခုခု (သို့မဟုတ်) အကောင် တကောင်ကောင်ကို ပုံမှန်ထက် ပိုမိုကြောက်ရွံ့တာကို ဆိုလိုတာပါ။ ဥပမာ- ပင့်ကူကြောက်တာ၊ ဖားကြောက်တာနဲ့ အမြင့်ကြောက်တာမျိုးပါ။
(၂) လူမှုဆက်ဆံရေး အကြောက်လွန်ရောဂါ (Social Phobia)
“လူမှုဆက်ဆံရေး အကြောက်လွန်ရောဂါ” ဆိုတာကတော့ လူအများနဲ့ ပြောဆိုဆက်ဆံရမှာ၊ လူစုလူဝေးတွေကို ကြောက်တတ်တာကို ဆိုလိုတာပါ။ Social Phobia ဟာ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ဆက်စပ်မှု ရှိတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။
(၃) ဟင်းလင်းပြင်အကြောက်လွန်ရောဂါ (Agoraphobia)
“ဟင်းလင်းပြင် အကြောက်လွန်ရောဂါ” ဆိုတာကတော့ လှောင်ပိတ်နေတဲ့ အခန်းလို နေရာမျိုးနဲ့ အခြေအနေမျိုးကို ကြောက်ရွံ့တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဓာတ်လှေကား စီးရတာမျိုးကို ကြောက်ရွံ့တာပဲ ဖြစ်ပါတယ်။
ဒီ Phobia ၃ မျိုးဟာ အကြမ်းဖျင်းအနေနဲ့ ခွဲခြားထားတာဖြစ်ပြီး ဒီခေါင်းစဉ် ၃ မျိုးအောက်မှာမှ Phobia (အကြောက်လွန် ရောဂါ) အမျိုးအစားတွေ များစွာရှိပါသေးတယ်။
Phobia ရဲ့ လက္ခဏာရပ်တွေကတော့ ကြောက်တတ်တဲ့အရာ တခုခု (သို့မဟုတ်) အခြေအနေ တခုခုနဲ့ ကြုံတွေ့လာရင် အသက်ရှု မြန်လာခြင်း၊ နှလုံးခုန် မြန်လာခြင်း၊ ချွေးစေးများ ပြန်လာခြင်းနဲ့ ခြေဖျားလက်ဖျားများ အေးစက်လာခြင်းတို့ပဲ ဖြစ်ပါတယ်။
အကြောက်လွန်ရောဂါ (Phobias) အများစုဟာ ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်တဲ့ ရောဂါတွေပဲဖြစ်ပြီး အလွန် ဆိုးဆိုးရွားရွား မဖြစ်ရင် ကုသစရာ မလိုပေမယ့် ကြောက်လန့်မှုဟာ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ Phobia မျိုး ဖြစ်ပြီးတော့ လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးကိုပါ ထိခိုက်လာရင်တော့ ကုသသင့်ပါတယ်။
Ref : wiki/Phobia