နွေရာသီကို ဝင်ရောက်လာပြီး ရာသီဥတုကလည်း ပူပြင်းစ ပြုလာပြီမို့လို့ အသားအရေ မပျက်စီးအောင် ဂရုစိုက် ထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။
အသားအရေ ကျန်းမာ လှပစေဖို့အတွက် မျက်နှာ အသားအရေ ဂရုစိုက်သူတိုင်း Facial Mask (မျက်နှာပေါင်းတင်ခြင်း) တပတ်တခါ မှန်မှန်လုပ်ပေး သင့်ပါတယ်။ ဒါကြောင့်မို့လို့ နွေရာသီမှာ အသားအရေ ကြည်လင်စေမယ့် အလွယ်တကူ မျက်နှာပေါင်းတင် နည်းလမ်း ၃ ခုကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသား ဖော်ပြလိုက်ပါတယ်။
(၁) နနွင်းမှုန့်၊ ပျားရည်၊ သံပုရာ Mask
နနွင်းမှုန့်၊ ပျားရည်နဲ့ သံပုရာရည်တို့ကို ဆတူရောပြီး အနှစ်ဖြစ်အောင် မွှေထားတဲ့ အရောကို မျက်နှာမှာ လိမ်းပေးပြီး အနည်းဆုံး မိနစ် ၂၀ ခန့် ထားပြီးမှ ရေဆေးချလိုက်ပါ။ ဒီ Mask ကိုတော့ နေပူထဲ မကြာခဏ သွားရသူတွေ တပတ်ကို နှစ်ခါလောက် ပြုလုပ်ပေးသင့်ပြီး နေလောင်ထားတဲ့ အသားအရေတွေကို ပြန်လည် ဖြူဝင်းစေနိုင်ပါတယ်။
(၂) ငှက်ပျောသီး၊ ပျားရည်၊ သံပုရာ Mask
ငှက်ပျောသီး အမှည့်တလုံး၊ ပျားရည် တဇွန်းနဲ့ သံပုရာရည် အနည်းငယ်ကို ရောထည့်ပြီး သမအောင်မွှေကာ မျက်နှာမှာ လိမ်းပေးပြီး နာရီဝက်ခန့် အကြာမှာ ရေဆေးချလိုက်ပါ။ ဒီ Mask ကတော့ နွေရာသီ ကာလမှာ အသားအရေကို ရေဓာတ် ပြည့်ဝနေစေမှာ ဖြစ်ပြီး အဆီပြန်ခြင်းကို သက်သာစေကာ ကြမ်းတမ်းတဲ့ အသားအရေကို ချောမွေ့စေမှာပါ။
(၃) ဒိန်ချဉ်၊ ဖရဲသီး Mask
ဒိန်ချဉ်နဲ့ ဖရဲသီးကို ညက်အောင် ချေထားပြီးသား အရောကို မျက်နှာမှာ လိမ်းပေးပြီး နာရီဝက်ခန့် အကြာမှာ ရေဆေး ချလိုက်ပါ။ ဒိန်ချဉ်ဟာ ချွေးပေါက် ကျဉ်းစေနိုင်တဲ့ အစွမ်းရှိပြီး အသားအရေကို စိုပြည် တင်းရင်းစေပါတယ်။ ဖရဲသီးကတော့ အေးမြပြီး ရေဓာတ် ပြည့်ဝတဲ့ ဂုဏ်သတ္တိရှိတာမို့ နွေရာသီမှာ နေလောင်ဒဏ်က အကောင်းဆုံး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – နွေရာသီမှာ ဂရုစိုက်သင့်တဲ့ ခရမ်းလွန်ရောင်ခြည် (UV Rays) ရဲ့အန္တရာယ်
နွေရာသီမှာ အသားအရေ မပျက်စီးအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်း ၅ ခု
Ref : www.femina.in