ဆီးချိုရောဂါ တိုက်ဖျက်ရေး အတွက် စိုးရိမ်စရာ အကောင်းဆုံး အစားအစာမှာ ဆန်ဖြူထမင်းဖြူ ဖြစ်ကြောင်း စင်ကာပူ ကျန်းမာရေး ပညာရှင်များက သတ်မှတ်ကြသည်။ ဆန်ဖြူသည် ဆိုဒါ အချိုရည်ထက်ပင် ဆီးချိုရောဂါကို ပိုမိုးဆိုးရွား စေသည်ဟုလည်း ဆိုသည်။
ဆီးချိုတိုက်ဖျက်ရေး အစီအစဉ်ကို မျှဝေသည့် အနေဖြင့် စင်ကာပူ ကျန်းမာရေး မြှင့်တင်မှု ဘုတ်အဖွဲ့ အမှုဆောင်ချုပ် ဇီးယောင်ကန် (Zee Yoong Kang) က သကြားဓာတ် လွန်ကဲသော အချိုရည်များအပါအဝင် အချိုဓာတ် လွန်ကဲစွာ စားသုံးမှုကြောင့် အဝလွန်ပြီး အနောက်နိုင်ငံများတွင် ဆီးချို အဓိက ဖြစ်ပွားစေလျှက် ရှိကြောင်း ရှင်းပြသည်။
အာရှတိုက်သားများ အတွက်မူ ဥရောပနိုင်ငံများထက် အဝလွန်မှု အန္တရာယ် မရှိ။ သို့သော် အာရှသားအများ အတွက် ဆန်ဖြူစားသုံးခြင်းကြောင့် သွေးထဲ သကြားဓာတ်များလာကာ ဆီးချိုပိုဖြစ်စေနိုင်သလို ကိုယ် အလေးချိန်လည်း တက်စေကြောင်း လေ့လာတွေ့ရှိရသည်။
ယင်း ကောက်ချက်အတွက် မစ္စတာဇီးယောင်ကန်ထံတွင် ခိုင်လုံသည့် အချက်အလက်များ ရှိသည်။
ဟားဗတ်ပြည်သူ့ ကျန်းမာရေး ကျောင်းမှ သုတေသနပြု ထားသည့် စစ်တမ်းလေးခုမှာ လူပေါင်း ၃ သိန်း ခွဲကို နှစ်ပေါင်း ၂၀ ကြာ ဆန်းစစ်ခဲ့ပြီး ယင်းစစ်တမ်းများအရ ပုံမှန် တနေ့လျှင် ထမင်းဖြူ တပန်းကန် စားခြင်းဖြင့် လူဦးရေ အားလုံး၏ ၁၁ ရာခိုင်နှုန်းမှာ ဆီးချို အန္တရာယ် မြင့်တက်စေကြောင်း ဗြိတိသျှ ဆေးပညာ ဂျာနယ်တွင် ရေးသားဖော်ပြသည်။
သို့သော် မစ္စတာဇီးယောင်ကန် အနေဖြင့် ဆန်စားသုံးမှု ရပ်တန့်စေရန် တိုက်တွန်း၍ မရချေ။ အကြောင်းမှာ အာရှတိုက်သားများအတွက် ဆန်သည် နေ့စဉ် စားသုံးနေကျ အစာအာဟာရ ဖြစ်နေ၍ ဖြစ်သည်။ သူက လူအများ သည့်ထက်ပို၍ ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်စေလိုသော ဆန္ဒရှိနေသည်။
အနှံရှည်သည့် ဆန်ဖြူသည် အနှံတို ဆန်ဖြူထက်ပို၍ သွေးထဲတွင် သကြားဓာတ် တိုးပွားစေသည်။ သကြားဓာတ်ပမာဏ မြင့်မားလာခြင်းသည် ပန်ကိရိယကို အင်ဆူလင် ပိုမို ထုတ်လုပ်စေပြီး ဆီးချိုရောဂါ ဖြစ်ဖို့ အလားအလာကောင်းသည်။
ထို့အတွက် လူတွေကို ဆန်ဖြူထဲတွင် ဆန်လုံးညို ပမာဏ ၂၀ ရာခိုင်နှုန်းဖြည့်စွက်၍ မစ္စတာဇီးယောင်ကန်က စားသုံးစေလိုသည်။ ယင်းပမာဏသည် ဆီးချိုအန္တရာယ် ၁၆ ရာခိုင်နှုန်းကို လျော့ပါးသက်သာစေသည်။ “အခုစားနေကျ ဖြစ်နေတာကို အပြည့်အ၀ အစားထိုးဖို့ မလိုပါဘူး။ ဆန်လုံးညို ပိုစားပေးရုံနဲ့ လုံလောက်ပါတယ်” ၎င်းက ဆိုသည်။
ပြီးခဲ့သည့်လက စင်ကာပူ ကျန်းမာရေးဝန်ကြီး ဂန်ကင်ယောင် (Gan Kim Yong) က ပြောကြားရာတွင် ဆီးချိုရောဂါကြောင့် တိုင်းပြည်မှာ နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံ ကုန်ကျနေရကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ စင်ကာပူတွင် ဆီးချိုသည် မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကိုယ်အင်္ဂ ါအစိတ်အပိုင်းများ ဖြတ်တောက်ခွဲစိတ် ရခြင်းတို့ ဖြစ်စေသည့် အဓိကတရားခံ ဖြစ်နေသည်။
ရာဖယ်ဆေးရုံမှ ဆီးချိုရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ စတန်လေးလျူး (Stanley Liew) က ဆန်ကို လျှော့စားရန် အကြံပြုသည်။ ဆိုဒါနှင့် အာဟာရ ပါဝင်မှု နည်းပါးပြီး ကိုလက်စထရော ပိုများသော အစားအစာများကို လျှော့ချ စားသုံးသင့်ကြောင်း သူက ဖြည့်စွက် ပြောကြားသည်။
ကိုးကား ။ ။ The Strait Times သတင်းစာပါ Diabetes: The rice you eat is worse than sugary drinks