ခါးနာ သက်သာအောင် ဘယ်လိုပြုမူ နေထိုင်ရမလဲ
“ခါးနာတယ်”လို့ အလွယ်ပြောနေကြတဲ့ အကြောင်းရင်းက ခါးရိုးမကြီးရဲ့ အောက်ခြေ ထိခိုက်မိရာက စတာပါ။ ဒါကို ပေါ့ပေါ့ဆဆ နေမယ်ဆိုရင် ကြာလာတာနဲ့ ခါးရိုး၊ တင်ပါးဆုံရိုးနဲ့ ခြေထောက်တွေပါ နာကျင်မှု ဝေဒနာ ခံစားရပါလိမ့်မယ်။
ခါးအောက်ပိုင်း နာကျင်မှု အစကတော့ အလေးပင်တွေ မတာ၊ သတိ မထားမိဘဲ လှည့်လိုက်ရာက အစပြုပါတယ်။ အနေအထား မမှန်တဲ့ နေထိုင်ပုံတွေကြောင့်လည်း ဖြစ်တတ်သလို မကြာခဏ ထိခိုက်မိနေရင် ကြာလာတာနဲ့အမျှ ခါးနာ လာတတ်ပါတယ်။
ခါးရိုးအောက်ပိုင်းကို အဆစ် ၅ ဆစ်နဲ့ ဖွဲ့စည်းထားပြီး အောက်ဆုံး ၄ ဆစ်နဲ့ ၅ ဆစ်မြောက်မှာ ထိခိုက်မှု ပိုအဖြစ်များ ပါတယ်။ ခါးနာလာပြီဆိုရင် အဆစ်တွေ ပြန်သန်မာလာအောင် မပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးသင့် ပါတယ်။ လမ်းလျှောက်ခြင်းဟာ ကျောရိုးတလျှောက် သွေးလည်ပတ်မှု ကောင်းအောင် လုပ်ပေးလို့ နာကျင်မှု ဝေဒနာတွေကို သက်သာစေပါတယ်။

ကိုယ်ဟန် အနေအထား မှန်ကန်ဖို့ လိုပါတယ်။ ရုံးခန်းထဲ တချိန်လုံး ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူဆိုရင် ထိုင်တဲ့အခါ ခါးရိုး မထိခိုက်ခိုက်အောင် မတ်မတ်ထိုင်ပါ။ အနေအထား ဟန်ချက် မမှန်ဘဲ ကုန်းလိုက်တာမျိုး၊ လှည့်ယူလိုက်တာမျိုး မလုပ်မိ ပါစေနဲ့။ ပစ္စည်း အလေးတွေကို အမှတ်မထင် ကုန်းကောက်လိုက်တာမျိုးတွေက သင့်ခါးရိုးအဆစ် ထိခိုက်မိစေပါတယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာကလည်း ခါးနာခြင်းကို သက်သာစေပါတယ်။ ကိုယ်နဲ့အဆင်ပြေမယ့် ကိုယ်လက် လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ရင် ကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းပြီး ထိခိုက်နာကျင်မှုတွေကို သက်သာစေသလို အကြောအဆစ် ညောင်းညာခြင်းကိုပါ သက်သာစေပါတယ်။
ခရီး မကြာခဏ သွားသူတွေ၊ လေယာဉ်၊ ကား အချိန်ကြာကြာ စီးရသူတွေမှာ ခါးနာတတ်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ အချိန်ကြာကြီး ထိုင်မနေဘဲ အချိန်ရရင် ရသလို အောက်ဆင်းပြီး အညောင်းအညာပြေ လမ်းလျှောက်ပေးပါ။ လေယာဉ် ဆိုလည်း အိမ်သာ မကြာခဏ သွားတာမျိုး၊ ထိုင်နေရင်းနဲ့ လုပ်လို့ရတဲ့ အညောင်းပြေ အကြောလျော့ လေ့ကျင့်ခန်းမျိုး မကြာခဏ လုပ်ပေးပါ။
ခါးနာတဲ့သူတွေဟာ ခြေထောက် အကြောလျော့ လေ့ကျင့်ခန်းမျိုးလည်း ပုံမှန် လုပ်ပေးသင့်ပါတယ်။ မနက်နိုးနိုးချင်း ဒါမှမဟုတ် အိပ်ရာဝင်ခါနီးမှာ အထူးသဖြင့် ပေါင်ကြောပြေအောင် အကြော သေချာလျော့ပြီးမှ အိပ်ရာဝင်ပါ။ ဒါဆိုရင် ခန္ဓာကိုယ် ပေါ့ပါး လန်းဆန်းပြီး တနေကုန် ညောင်းညာနေသမျှ သက်သာသွားပါလိမ့်မယ်။
Ref: Spine Health