ဦးခေါင်းပိုင်းရှိ နာကျင်ကိုက်ခဲခြင်း အားလုံးကို ခေါင်းကိုက်ခြင်းလို့ ခေါ်ပါတယ်။ ခေါင်းရဲ့ တစိတ်တပိုင်း ဖြစ်စေ၊ ခေါင်းတခုလုံး ဖြစ်စေ၊ ဘေးနှစ်ဖက်က ဖြစ်စေ အချွန်နဲ့ ထိုးနေသလို ဒါမှမဟုတ် တခုခုနဲ့ ညှပ်ထားသလို ခံစားရတဲ့ နာကျင်မှုမျိုး ဖြစ်ပါတယ်။
ခေါင်းကိုက် သက်သာစေဖို့ ခေါင်းကိုက် ပျောက်ဆေး အလွယ်တကူ သောက်လိုက်ရင် သက်သာတာ မှန်ပေမယ့် ဘေးထွက် ဆိုးကျိုးများ ရှိတဲ့အတွက် ဘေးထွက်ဆိုးကျိုး မရှိတဲ့ သဘာဝကုထုံး နည်းလမ်းတွေကို ဧရာဝတီ စာဖတ် ပရိသတ်များ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ခေါင်းကိုက် ဝေဒနာ အများစုဟာ ရေဓာတ် နည်းခြင်းကြောင့် ဖြစ်ပွားတတ်တာမို့ ခေါင်းကိုက်နေစဉ်မှာ ရေများများ သောက်ပေးဖို့နဲ့ ရေဓာတ်ကြွယ်ဝတဲ့ ဖရဲသီးလိုမျိုး အသီးအနှံကို စားပေးဖို့ လိုအပ်ပါတယ်။
(၂) ဆေးပညာ လေ့လာချက်တွေအရ ကော်ဖီဟာ ခေါင်းကိုက်ခြင်းကို သိသိသာသာ သက်သာစေတဲ့အတွက် ကော်ဖီ သောက်သုံးသင့်ပါတယ်။
(၃) ရေခဲဝတ် ဒါမှမဟုတ် ရေနွေးဝတ်ကပ်ပေးခြင်းဟာ ပြင်းထန်တဲ့ ခေါင်းကိုက် ဝေဒနာမျိုးကိုတောင် သက်သာစေ နိုင်ပါတယ်။ ဒီနည်းလမ်းဟာ ခေါင်းကိုက်ပျောက်ဆေး သောက်တာထက် ပိုမိုထိရောက် စေပါတယ်။
(၄) ခေါင်းတခြမ်းကိုက် ဝေဒနာတွေအတွက် အကောင်းဆုံး သဘာဝဆေးနည်းကတော့ ဂျင်းလက်ဖက်ရည် သောက်သုံးခြင်းပဲ ဖြစ်ပါတယ်။ ဂျင်းပြုတ်ရည် သောက်သုံးပေးခြင်းကလည်း ခေါင်းကိုက်ခြင်းကို သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။
(၅) သံပုရာသီးကို နှစ်ခြမ်းခြမ်းပြီး အတွင်းသားကို နားထင်နဲ့ နဖူးမှာ ပွတ်ပေးမယ်ဆိုရင် ခေါင်းကိုက်ဝေဒနာ ပျောက်ကင်း စေနိုင်ပါတယ်။
Ref : purewow.com