ခန္ဓာကိုယ်ရဲ့ အလှအပအတွက် နေ့စဉ်နေ့တိုင်း ပြင်ဆင် ခြယ်သရသလို တကိုယ်ရေ သန့်ရှင်းရေးဟာလည်း လူတိုင်းအတွက် အရေးကြီးပါတယ်။ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး စာရေးသူတို့ ကိုယ်တိုင် သတိမထားမိဘဲ ပြုလုပ်မိတတ်တဲ့ အမှားတချို့ကို ဧရာဝတီ စာဖတ် ပရိသတ်တွေ သိရှိအောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) အမှားကြီးမှားနေတဲ့ အလေ့အထ တခုကတော့ ခေါင်းလျှော်တဲ့အခါ အများစု ပြုလုပ်လေ့ရှိတာက ခေါင်းလျှော်ရည်နဲ့ အရင်လျှော်ပြီးမှ ဆံပင်ပျော့ဆေး (သို့မဟုတ်) ဆံပင်ပေါင်းဆေး သုံးတတ်ကြပါတယ်။ ဆံသားအတွက်တော့ ဒီနည်းလမ်းဟာ မထိရောက်တဲ့ အပြင် ဆံသားကပ်စေးခြင်းကို အလျင်အမြန် ပြန်လည် ဖြစ်ပေါ်စေနိုင်ပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ ပျော့ဆေးသုံးပြီးမှ ခေါင်းပြန်လျှော်တာပဲ ဖြစ်ပါတယ်။
(၂) အပြင်က ပြန်လာတဲ့ အခါမျိုးတွေနဲ့ ညအိပ်ရာ ဝင်ခါနီးတွေမှာ မျက်နှာသစ်ခြင်း တမျိုးတည်းနဲ့ အသားအရေကို သန့်စင်သွားပြီလို့ မယူဆနိုင်ပါဘူး။ အရင်ဦးဆုံးအနေနဲ့ Makeup Remover ကို အသုံးပြုပြီးမှ မျက်နှာသစ် သင့်ပါတယ်။ Makeup Remover အသုံးပြုခြင်းဟာ အညစ်အကြေးနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။
(၃) ရေချိုးတဲ့အခါမှာ ဆပ်ပြာ အလွန်အကျွံသုံးစွဲခြင်းဟာ အသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်။ ခန္ဓာကိုယ် သန့်ရှင်းအောင်ဆိုပြီး ဆပ်ပြာတွေကို အလွန်အကျွံသုံးစွဲတာကို ရှောင်ကြဉ်သင့်ပါတယ်။ ရေချိုးဆပ်ပြာဝယ်ယူတဲ့အခါမျိုးမှာ Moisture ပါတာမျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
(၄) ရေနွေးနဲ့ ရေချိုးတာဟာ ခန္ဓာကိုယ်ကို အကြောပြေစေတယ်ဆိုပေမယ့် ရေအေးနဲ့ ချိုးတာလောက်တော့ ခန္ဓာကိုယ်ကို ကောင်းကျိုး မပေးနိုင်ပါဘူး။ ရေအေးနဲ့ ရေချိုးပေးခြင်းဟာ ကိုယ်တွင်းအင်္ဂါတွေကို သွေးလှည့်ပတ်မှု ကောင်းစေပြီး အိပ်ယာ မဝင်ခင် ရေအေးနဲ့ ရေချိုးပေးခြင်းဟာ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။
(၅) ရေချိုးတဲ့အခါမှာ အသုံးပြုတဲ့ သပွတ်အူလို ဖော့မျိုးတွေမှာ ဘက်တီးရီးယားတွေ ဝင်ရောက် ခိုအောင်းနိုင်တာကြောင့် အသုံးမပြုသင့်ပါဘူး။ ရေချိုးခန်းသုံး သပွတ်အူတွေဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တယ် ဆိုတာကလည်း မှားယွင်းတဲ့ အယူအဆပဲ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – မနက်ဘက် ရေချိုးခြင်းနဲ့ ညဘက် ရေချိုးခြင်းတို့ရဲ့ ကောင်းကျိုးများ
Ref ; bustle.com