သင်ဟာ အိမ်မွေး တိရစ္ဆာန် မွေးရတာ ကြိုက်နှစ်သက်သူ တယောက်ဆိုရင် သူတို့လေးတွေကို ဘယ်လို ဂရုစိုက်ရမယ်ဆိုတာ သိထားသင့်ပါတယ်။ အခြေခံကျန်းမာရေး ဗဟုသုတကစပြီး သူတို့တွေကို ဘယ်လိုမျိုး ထိန်းသိမ်း စောင့်ရှောက် ရမယ်ဆိုတာ သိထားရင် သက်တမ်းရှည်ရှည်နဲ့ ရောဂါကင်းစင်တဲ့ အချစ်တော်လေးတွေ ပိုုင်ဆိုင်နိုင်မှာပါ။
အိမ်မွေး တိရစ္ဆာန် တွေထဲကမှ ကြောင်လေးတွေနဲ့ ပတ်သက်ပြီး ဘယ်လို စောင့်ရှောက်ရမယ်ဆိုတာ နည်းလမ်းတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ကျန်းမာရေး စောင့်ရှောက်မှု ပုံမှန်လုပ်ပေးပါ
သင့်ကြောင်လေးဟာ သာမန်ကြည့်ရင် ကျန်းမာတယ် ထင်ရပေမယ့် မျိုးရိုးလိုက် ရောဂါတွေ ရှိနိုင်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှု ပုံမှန်လုပ်ပေးပါ။ ဥပမာ- အချို့ ကြောင်တွေမှာ မွေးရာပါ အသက်ရှူ ခက်ခဲတဲ့ ပြဿနာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကြောင်လေးတွေရဲ့ ကျန်းမာရေးကို အမြဲ စောင့်ကြည့်ပြီး စောင့်ရှောက်မှု ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။
(၂) သူတို့အတွက် အချိန်ပေးပါ
သင်ဟာ အလုပ်တွေ တအားများတတ်ပြီး ကြောင်မွေးထားတယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ ကြောင်လေးတွေဟာ သီးသန့်နေတတ်တယ် ထင်ရတာကြောင့် ဂရုစိုက်စရာ မလိုဘူးလို့ မထင်ပါနဲ့။ သူတို့တွေဟာလည်း ဆော့ကစားရတာကို သဘောကျပြီး တယုတယ ပွတ်သပ်ပေးတာမျိုး ဂရုစိုက်မှု လိုအပ်ပါတယ်။
(၃) ကြောင်လေးတွေအတွက် ငွေဖယ်ထားပါ
သင့်ဝင်ငွေထဲက အနည်းငယ်လောက်ကို ကြောင်လေးတွေ အရေးပေါ်ကိစ္စအတွက် သုံးလို့ရအောင် ဖယ်ထားပေးပါ။ သူတို့အတွက် ပုံမှန် ဆေးကုသမှုတွေ၊ အစားအသောက်နဲ့ အရုပ်စတဲ့ ပစ္စည်းလေးတွေ ပေးနိုင်ဖို့ ဝင်ငွေကို ဖယ်ထားတာမျိုး လုပ်သင့်ပါတယ်။
(၄) အစားအသောက် ကျွေးတာကို ဂရုစိုက်ပါ
အစာခြောက်နဲ့ စည်သွပ်စာတွေက သူတို့အတွက် ပုံမှန်အစာပါ။ အစာဝယ်တော့မယ်ဆိုရင် အမဲသား၊ ငါးစတဲ့ အသား များများပါတဲ့ အစာခြောက်မျိုး ရွေးချယ်ပါ။ အစား အလွန်အကျွံ ကျွေးတာမျိုးက သူတို့ကို အဝလွန်ရောဂါ၊ နှလုံးရောဂါ စတဲ့ အခြား ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
(၄) သန့်ရှင်းရေး ဂရုစိုက်ပါ
ကြောင်လေးတွေရဲ့ အမွှေးကို ဘီးနဲ့ ပုံမှန်ဖြီးပေးပါ။ ကြောင်ပေါက်လေးတွေ မွေးထားရင် ဆေးခန်းကို ပုံမှန်သွားပါ။
(၅) သွားကျန်းမာရေး ဂရုစိုက်ပါ
ကြောင်လေးတွေမှာလည်း သွားနဲ့ပတ်သက်တဲ့ ရောဂါ ခံစားရနိုင်တဲ့အတွက် အပေါ်သွားလေးတွေကို တိုက်ပေး သင့်ပါတယ်။
ကြောင်လေးတွေ မွေးတော့မယ်ဆိုရင် ဒီလိုအချက်တွေကို လိုက်လုပ်ရတာ နည်းနည်းတော့ အလုပ်ရှုပ်တယ် ထင်ရပေမယ့် ကိုယ်မွေးထားတဲ့ ကြောင်လေး ကျန်းမာပျော်ရွှင်ဖို့နဲ့ ကျန်းမာသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကောင်းလေး ဖန်တီးနိုင်ဖို့ဆိုရင် ဒီအချက်လေးကို လိုက်နာဖို့ အကြံပြုလိုက်ပါတယ်။