အဲကွန်း (Air Con) ဟာ အခုလို နွေရာသီမှာ တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့ပစ္စည်း ဖြစ်ပါတယ်။ တိုးတက် ပြောင်းလဲလာတဲ့ လူနေမှုစနစ်မှာ အဲကွန်းကို လူအများစု အသုံးပြုလာကြပြီး အပူ၊ အအေး မျှတအောင် ထိန်းညှိပေးတဲ့အတွက် သက်သောင့်သက်သာ ရှိစေတာ မှန်ပေမယ့် တဖက်မှာလည်း ကျန်းမာရေးရှုထောင့်က ပြန်ကြည့်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနေပါသေးတယ်။
ဒါကြောင့်မို့လို့ အဲကွန်းနဲ့ ပက်သက်ပြီး သတိထားသင့်တဲ့ ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ သိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) အဲကွန်းခန်းထဲမှာ နေခြင်းဟာ ခန္ဓာကိုယ်က ရေဓာတ်တွေကို ခမ်းခြောက်စေနိုင်တယ်လို့ ဆေးသိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ရေဓာတ် ခမ်းခြောက်ခြင်းကြောင့် ခံစားရတဲ့ မူးဝေနုန်းချိခြင်း ဝေဒနာတွေ မဖြစ်ပေါ်အောင် အဲကွန်းကို အမြဲ အသုံးပြုသူတွေအနေနဲ့ ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။
(၂) အဲကွန်းကို အဆက်မပြတ် အသုံးပြုခြင်းကြောင့် နှာခေါင်း၊ ပါးစပ်အတွင်းရှိ ချွဲသလိပ် ထွက်တဲ့ အမြှေးပါးကို ရောင်ရမ်း စေနိုင်တာကြောင့် အသက်ရှုစနစ်ကို ထိခိုက်စေနိုင်ပါတယ်။
(၃) အဲကွန်း နေ့စဉ်အသုံးပြုခြင်းဟာ အရေပြား အလွှာအတွင်းမှာရှိတဲ့ အစိုဓာတ်ကို ခမ်းခြောက်စေနိုင်တာကြောင့် အသားအရေ ခြောက်သွေ့ခြင်းနဲ့ အရေပြား ယားယံခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) ဆေးသုတေသနပညာရှင်တွေရဲ့ သုံးသပ်ချက်အရ အဲကွန်းအသုံးပြုခြင်းကြောင့် သွေးပေါင်ချိန်ကျခြင်း၊ အဆစ် ရောင်ခြင်းနဲ့ အာရုံကြောရောင်ရမ်းခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၅) အဲကွန်းကို ရေရှည်အသုံးပြုသူတွေမှာ အဆုတ်ရောဂါနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်ပွားနိုင်ခြေ များတယ်လို့ ဆေးပညာမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
သင်ဟာ အဲကွန်းခန်းထဲမှာ အလုပ်လုပ်သူ၊ အဲကွန်းကို အမြဲ အသုံးပြုနေရသူဆိုရင် အဲကွန်းအသုံးပြုခြင်းရဲ့ ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုးတွေကို သိထားပြီး အဲကွန်းကို အချိန်တိုင်း အလွန်အကျွံအသုံးမပြုဖို့ အကြံပြုလိုက်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – အဲကွန်းကြောင့် ဖြစ်ရတဲ့ ကျန်းမာရေး ပြဿနာတွေ
Air Con ကြောင့် ဖြစ်ရတဲ့ ကျန်းမာရေး ပြဿနာတချို့
Ref : india.curejoy.com