အခုလို ပူပြင်းတဲ့ နွေရာသီမှာ ရာသီဥတုကြောင့် ချွေးထွက်လွန်ပြီး ရေဓာတ် ခမ်းခြောက်တာမျိုး ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်မို့လို့ နွေရာသီကာလမှာ များများစားသုံးသင့်တဲ့ အစားအစာတွေရှိသလို ချင့်ချိန်ပြီး စားသင့်တဲ့ အစားအစာတွေ ရှိပါတယ်။
ဒါကြောင့်မို့လို့ ပူပြင်းတဲ့ နွေရာသီမှာ ချင့်ချိန် စားသုံးသင့်တဲ့ အစားအသောက် ၅ မျိုးကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ဗဟုသုတအနေနဲ့ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ငရုတ်သီး
ရာသီဥတု ပူပြင်းတဲ့အချိန်မှာ ငရုတ်သီးကို ပုံမှန်ထက် များများစားမိပါက ဝက်ခြံပေါက်ခြင်း၊ ပါးစပ်တွင်း အပူနာများ ပေါက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာအိမ်နာခြင်းနဲ့ ဆီးဝမ်း ပူခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် ချင့်ချိန်စားသုံး သင့်ပါတယ်။
(၂) အသီးခြောက်
အသီးအနှံတွေကို ခြောက်အောင် ပြုလုပ်ထားတဲ့ အသီးခြောက်တွေဟာ သာမန်အချိန်တွေမှာတော့ ကျန်းမာရေးကို အကျိုးပြုတာ မှန်ပေမယ့် ရာသီဥတုပူချိန်မှာ မစားသုံးသင့်ပါဘူး။ အသီးခြောက်တွေကို စားသုံးခြင်းဟာ ကိုယ်တွင်း အပူချိန်ကို ပုံုမှန်ထက် ပိုမိုမြင့်တက်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
(၃) ကော်ဖီ ၊ လက်ဖက်ရည်
ကော်ဖီနဲ့ လက်ဖက်ရည်တို့မှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေနိုင်ပြီး ရေဓာတ် ခမ်းခြောက် စေနိုင်တာကြောင့် ရာသီဥတု ပူချိန်မှာ လျှော့သောက်သင့်ပါတယ်။
(၄) အကင်များနှင့် ဆီကြော် အစားအစာ
ရာသီဥတုပူချိန်မှာ မီးကင်ထားတဲ့ အစားအစာတွေနဲ့ ဆီကြော် အစားအစားတွေ စားသုံးမိရင် အစာခြေစနစ်ကို နှောင့်နှေး စေပြီး ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို နှောင့်နှေး စေနိုင်ပါတယ်။
(၅) အရက်၊ ဘီယာ
အရက်၊ ဘီယာအစရှိတဲ့ Alcohol ပါဝင်တဲ့ အရည်တွေကို နွေရာသီလို အပူချိန်မြင့်မားတဲ့ အခြေအနေမှာ အထူး ရှောင်ကြဉ်သင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို လျော့ကျစေပြီး မြင့်မားတဲ့ အပူရှိန်ကြောင့် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု စနစ်တွေကို မူမမှန် ဖြစ်စေပါတယ်။
ဆက်စပ် သတင်းလင့်ခ် – နွေရာသီမှာ စားသုံးသင့်တဲ့ ရေဓာတ်ပြည့်ဝ အသီးအနှံ ၅ မျိုး
Ref ; www.indiatoday.in