နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှားနေသူတွေမှာ စိတ်ဖိစီးမှုတွေနဲ့ ကိုယ်ရောစိတ်ပါပင်ပန်းကြပါတယ်။ ဒီဒဏ်တွေ ကြောင့် ကြာလာရင် ကိုယ်ခန္ဓာနဲ့အသားရေကို ထိခိုက်နိုင်လို့ ဂရုမစိုက်ပဲ ပစ်ထားလို့မရပါဘူး။
ညအိပ်ရာမဝင်ခင် တနေကုန် ပင်ပန်းထားသမျှတွေ ပြေပျောက်အောင် လုပ်ပြီးမှ အိပ်ရာဝင်သင့်ပါတယ်။ သင့် ကိုယ်ထဲက အဆိပ်တောက်တွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။
ခန္ဓာကိုယ် နာကျင် ကိုက်ခဲမှုတွေကို ဖြေလျော့နိုင်ပြီး အိမ်တွင်း လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့် နည်းလမ်း ၃ ခုကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် မျှဝေရေးသား လိုက်ပါတယ်။
(၁) ဆားနဲ့ အညောင်းအညာ ဖြေလျော့ခြင်း
ရေခပ်နွေးနွေး ထည့်ထားတဲ့ ဇလုံထဲ ပင်လယ်ဆားနဲ့ မုန့်ဖုတ်ဆိုဒါကို အချိုးတူ ရောစပ်ပြီး Epsom Salt နည်းနည်း၊ နှစ်သက်ရာ အဆီနည်းနည်း ထပ်ဖြည့်ပြီး မိနစ် ၃၀ လောက် ခြေထောက်စိမ်ပေးပါ။ တနေကုန် လှုပ်ရှားထားလို့ ညောင်းညာ ကိုက်ခဲနေတာတွေ ယူပစ်သလို ပျောက်သွားပါလိမ့်မယ်။ တကယ်လို့ ဒီနည်အတိုင်း အကုန် မလုပ်နိုင်ရင် ပင်လယ်ဆားကြမ်းနဲ့ ခြေဖဝါးကို မအိပ်ခင် နာနာ ပွတ်တိုက်ပြီး ပြန်သန့်စင်ပေးလိုက်လည်း ရပါတယ်။
(၂) ရွှံစေးနဲ့ ကိုက်ခဲမှုတွေကို ဖြေလျော့ခြင်း
ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် ရွှံစေးက အသားရေအတွက် အသုံးပြုနိုင်အောင် ပြုပြင်ဖန်တီးထားတဲ့ Bentonite Clay ဖြစ်ရပါမယ်။ ရေချိုးမယ့် ဇလုံထဲကို ရွှံစေးမှုန့် ခွက်တဝက်လောက်ကို ရေနွေးနဲ့ ရောဖျော်လိုက်ပါ။ နှစ်သက်ရာ အဆီ နည်းနည်း၊ Epsom Salt ဆား ခွက်တဝက်လောက် ထပ်ထည့်ပြီး မိနစ် ၂၀ လောက် စိမ်ပေးပါ။ ကိုက်ခဲမှု ဝေဒနာတွေ ပြေပျောက် သွားပါလိမ့်မယ်။
(၃) ဟိုက်ဒရိုဂျင် ပါရာအောက်ဆိုဒ်နဲ့ ကိုယ်တွင်း အဆိပ်တောက် ဖြေခြင်း
ဟိုက်ဒရိုဂျင် ပါရာအောက်ဆိုဒ် (Hydrogen Peroxide) မှုန့် ၂ ခွက်စာလောက်ကို ဂျင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောပြီး ရေချိုးမယ့် ရေထဲ မွှေထည့်ပေးပါ။ ဒီရေထဲ မိနစ် ၃၀ လောက်စိမ်ပေးရင် ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကြောင့် မည်းညစ် ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည် သန့်စင်ပေးပြီး စိုပြည်ချောမွတ် စေပါတယ်။
ဒီနည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် သုံးမယ့် ရေပူလေလေ အာနိသင် ပိုရှိလေလေမို့ ချိုးမယ့်ရေကို ကိုယ်ခံနိုင် သလောက် ခပ်ပူပူလေးထားတာ ပိုကောင်းပါတယ်။ ထည့်ရမယ့် ပစ္စည်းတွေကိုလည်း အချိုး အတိအကျ မသိလို့ စိတ်ပူစရာ မလိုပါဘူး။ လက်မှန်းပြီး များသွားလည်း ဆိုးကျိုး မရှိတာမို့ စိတ်ချလက်ချ သုံးနိုင်ပါတယ်။
Ref: Better Me