မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ နှလုံးသွေးကြောရုတ်တရက်ပိတ် ရောဂါ ဖြစ်ပွားသူများပြားလာပြီး နှလုံးသွေးကြောချဲ့ ကုသနည်းဖြင့် အချိန်မီကုသပေးလျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
“မြန်မာနိုင်ငံမှာ နှလုံးသွေးကြော ရုတ်တရက်ပိတ်ရောဂါ ဖြစ်နှုန်းက တနှစ်ထက် တနှစ် ပိုများလာပါတယ်။ အထွေထွေ ရောဂါကုဆေးရုံကြီးရဲ့ နှလုံးရောဂါကုဌာနမှာ တနှစ်ကို ဦးရေ ၄၀ ကျော်လောက်တိုးလာတယ်။ ပြောချင်တာက နှလုံးရောဂါ အဖြစ် များလာတယ်။ ကာကွယ်လို့တော့ ရပါတယ်။ ကျန်းမာရေးဗဟုသုတ မြင့်လာလို့ရှိရင် လူနေမှုဘဝပုံစံ ပြောင်းပြီး ကုလို့ရပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
အဆိုပါကဲ့သို့ ပြောကြားမှုကို မတ်လ ၁၀ ရက်နေ့က မန္တလေးမြို့ မြို့တော်ခန်းမတွင် ကျင်းပသော မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီး၊ နှလုံးရောဂါအထူးကုဌာန၏ အရေးပေါ်နှလုံးသွေးကြောချဲ့ကုသမှု (Primary PCI) ၅ နှစ်ပြည့် အထိမ်းအမှတ်နှင့် နှလုံးသွေးကြောကျဉ်း/သွေးကြောပိတ်ရောဂါ ကျန်းမာရေး အသိပညာပေးဟောပြောပွဲတွင် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြားခဲ့ခြင်းဖြစ်သည်။
မန္တလေးဆေးရုံကြီး၌ နှလုံးသွေးကြော ရုတ်တရက်ပိတ်ရောဂါ ကုသပေးမှုမှာ ငါးနှစ်အတွင်း သုံးပုံ တပုံခန့် တိုးလာသည်ဟု ဆိုသည်။
နှလုံးသွေးကြောပိတ်ရောဂါသည် ယခင်က ဖွံ့ဖြိုးပြီးနိုင်ငံများ၌ အဖြစ်များသော ရောဂါဖြစ်ခဲ့သော်လည်း ယခုအခါ ပြောင်းလဲ လာသည့် စီးပွားရေးစနစ်၊ လူမှုနေထိုင်စားသောက်မှုပုံစံများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ပါ ဖြစ်ပွားမှုနှုန်း နှစ်စဉ် မြင့်တက် လာလျက်ရှိရာ ကမ္ဘာတဝှမ်းလုံး၌ နှစ်စဉ် လူဦးရေ ၁၇ သန်းခန့် သွေးကြောပိတ်ဝေဒနာခံစားနေပြီး ယင်းလူနာများအနက်မှ ၄၀ ရာခိုင်နှုန်းမှာနှစ်စဉ် သေဆုံးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်လည်း နှလုံးသွေးကြော ရုတ်တရက်ပိတ်ရောဂါ ဖြစ်နှုန်းမှာ များပြားလျက်ရှိပြီး မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီး၌ ၂၀၁၃ခုနှစ်က တက်ရောက်ကုသသူ ၄၉၁ ဦးရှိပြီး ၂၀၁၇ ခုနှစ်တွင် ၆၇၁ ဦးရှိကြောင်း ဆေးကုသမှု မှတ်တမ်းများအရ သိရသည်။
“နှလုံးသွေးကြောပိတ် ရောဂါဖြစ်သူ အားလုံးမှာ ထက်ဝက်ခန့်လောက်ပဲ အသက်ရှင်ရန် အခွင့်အလမ်းရှိပါတယ်။ သေဆုံးတဲ့သူ ထက်ဝက်ခန့်ကလည်း မည့်သည့်ဆေးကုသမှုမခံရမီ အသက်ဆုံးရှုံးရတတ်ပါတယ်။ ကျန်တဝက်ကတော့ ဆေးရုံ ရောက်ရှိပြီးနောက် ဆေးကုသမှုခံယူဆဲမှာပဲ အမောဖောက်၊ နှလုံးခုန်ချက် ဖောက်ခြင်းတို့နဲ့ အခြားနောက်ဆက်တွဲဆိုးကျိုး တွေကြောင့် သေဆုံးရတတ်ပါတယ်” ဟု ဝန်ကြီးချုပ်က ဆက်လက် ပြောသည်။
အဆိုပါရောဂါဖြင့် မသေပဲ ကျန်ရစ်သူများတွင် နှလုံးညှစ်အား နည်းခြင်း၊ အခြားနောက်ဆက်တွဲပြဿနာများကြောင့် မ ကျန်းမမာဖြစ်ရသူများ ဖွံ့ဖြိုးဆဲနိုင်ငံများအတွင်း၌ ပိုမို တိုးတက်များပြားလာနေကြောင်း၊ သေဆုံးမှုဖြစ်ပွားခြင်းမရှိသည့် လူနာများသည် မူလသွေးကြောမပိတ်မှီကဲ့သို့ ပုံမှန်သွားလာ လုပ်ကိုင်နိုင်သော်လည်း အချို့မှာ နှလုံးကြွက်သားပျက်စီးမှု များပြားခဲ့လျှင် မူလပုံမှန်ဘဝအား ပြန်လည်ရရှိနိုင်ရန် မလွယ်ကူတော့ဟု သိရသည်။
ရောဂါဖြစ်ပွားသူများအား သွေးခဲပျော်ဆေးရည်ဖြင့် ကုသခြင်း၊ အရေးပေါ် နှလုံးသွေးကြောချဲ့၍ ကုသခြင်း၊ အရေးပေါ် နှလုံးသွေးကြော ခွဲစိတ်ကုသခြင်းတို့ဖြင့် ကုသမှုကို ဆောင်ရွက်ပေးလျက်ရှိပြီး လူနာများအတွက် အရေးပေါ် နှလုံးသွေးကြောချဲ့ ကုသခြင်းမှာ အထိရောက်ဆုံး နည်းလမ်းတခုဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုသမှုနည်းစနစ်ဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးကုသမှုအား ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလအတွင်းက မန္တလေး အထွေ ထွေရောဂါကုဆေးရုံကြီး၊ နှလုံးရောဂါဌာနတွင် စတင်၍ ကုသပေးခဲ့ပြီး ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်နေ့တွင် Primary PCI ကုသမှုစတင်ခြင်း ၅နှစ်ပြည့်အထိ အရေးပေါ် နှလုံးသွေးကြောပိတ်လူနာပေါင်း ၆၀၆ ဦးအား အရေးပေါ်နှလုံးသွေး ကြောချဲ့ကုထုံးဖြင့် ကုသမှုပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
“ပြည်သူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်နေတဲ့အချိန်မှာ ကုသမှုအပြင် ကာကွယ်လို့ရတဲ့ရောဂါတွေကို ကာကွယ်ဖို့ လိုအပ် တယ်။ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးက နှလုံးသွေးကြောချဲ့ကုသပေးလို့ အသက်ရှင်ခဲ့တဲ့ လူတွေအများကြီး ရှိ လာပါပြီ၊ ရောဂါဖြစ်လာရင် အလုပ်မလုပ်နိုင်တော့ တိုင်းပြည်အတွက်လုပ်အား ဆုံးရှုံးပါတယ်။ သေတဲ့သူတွေကို ကြည့်ရင် ဆေးရုံရောက်တာ နောက်ကျလို့ ဆေးရုံရောက်တော့လည်း နှလုံးသွေးကြော မချဲ့ခင်မှာ သေသွားတာမျိုးပါ။ ဒီလိုကုသ နည်းကို မန္တလေးဆေးရုံကြီးမှာ ကုသနိုင်တယ်ဆိုတဲ့ အချက်တချက်ကိုဂုဏ်ယူပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင် က ဆက်လက် ပြောသည်။
အရေးပေါ် နှလုံးသွေးကြောချဲ့ ကုသနည်း (Primary PCI) ဆိုသည်မှာ ရုတ်တရက် နှလုံးသွေးကြောပိတ် ပြီးနောက် ၁၂ နာရီ အတွင်း ရောက်ရှိလာသော လူနာများအား သွေးကြောပွင့်ဆေး လုံးဝမသွင်းပဲ အမြန်ဆုံး နှလုံးသွေးကြော ဓာတ်မှန်ရိုက်၍ သွေးခဲစုပ်ထုတ်ခြင်း၊ ဘောလုံးဖြင့်ချဲ့ခြင်း၊ သွေးကြောထောက် ကိရိယာထည့်ခြင်းဖြင့် သွေးကြော ပွင့်သွားအောင် ကုသသော နည်းစနစ်ဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ မန္တလေးဆေးရုံကြီးမှာ နှလုံးသွေးကြောကျဉ်းရောဂါကို ဆေးကုသမှု ခံယူခဲ့တယ်။ ဆရာဝန် ကြီးတွေက နှလုံးသွေးကြောချဲ့ကုသရမယ်ဆိုပြီး ကုန်ကျစရိတ်တွေကအစ အသက်သာဆုံးဖြစ်အောင် လုပ်ပေးခဲ့တယ်။ ကုသမှုတွေခံယူပြီးတဲ့နောက်မှာ နှလုံးပြန်လည်သန်စွမ်းရေးစင်တာမှာ ဆက်ပြရတယ်။ ညွှန်ကြားချက်တွေအတိုင်း လိုက်နာခဲ့လို့ အခုဆိုရင် အရင်လိုလူကောင်းအတိုင်း ပြန်ဖြစ်နေပါပြီ” ဟု Primary PCI ဖြင့် ကုသမှုခံယူခဲ့သော ချမ်းမြသာ စည်မြို့နယ်တွင်နေထိုင်သူ အသက် ၅၁နှစ် အရွယ် ဦးဝင်းမြိုင်က ပြောသည်။
နှလုံးသွေးကြော ရုတ်တရက်ပိတ်ရောဂါဖြစ်ပွားမှု လျော့ကျနိုင်စေရန်အတွက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေရှိသော အသက် ၄၀ ကျော်သူများ၊ မိသားစုမျိုးရိုးအတွင်း နှလုံးသွေးကြောရောဂါရှိဖူးသူများ၊ ဆေးလိပ်သောက်သူများ၊ ကွမ်းစားသူများ၊ သွေးတိုးရောဂါရှိသူများ၊ သွေးချို ဆီးချို ရောဂါရှိသူများ၊ သွေးတွင်းအဆီဓာတ်များသူများ၊ အဝလွန်သူများ၊ ကိုယ်လက် လှုပ်ရှားမှုအားနည်းသူများ၊ အရက် ဘီယာ အလွန်အကျွံ သောက်သုံးသူများ၊ စိတ်ဖိစီးမှုများသူများအနေဖြင့် မိမိတို့၏ နေထိုင်စားသောက်မှု အကျင့်စရိုက်များကို ပြုပြင်ပြောင်းလဲခြင်းဖြင့် နှလုံးသွေးကြောရောဂါကို ကြိုတင်ကာကွယ်နိုင် ကြောင်း သိရသည်။