Health

လူဟာ ရေ မသောက်ဘဲ ဘယ်လောက်ကြာ နေနိုင်လဲ

လူတွေ အသက်ရှင်သန်နိုင်ဖို့ အတွက် အဟာရစာ အစားအစာနဲ့ ရေ လိုအပ်ပါတယ်။ အရွယ်ရောက်ပြီး လူတယောက်ရဲ့ ခန္ဓာကိုယ် တခုလုံးက အနည်းဆုံး ရေဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာပါ။ လူတယောက်ဟာ အစာ မစားဘဲ ၃ ပတ် (၂၁ ရက်) လောက်ထိ ရှင်သန်နေထိုင်နိုင်တယ်လို့ ဆိုပါတယ်။ ရေ မရရှိဘဲနဲ့ရော ဘယ်နှစ်ရက်မှ ရှင်သန်နိုင်မှာလဲ။ လေ့လာကြည့်ရအောင်ပါ။

မြန်မာ စကားမှာတော့ ထမင်းအသက် ၇ ရက်၊ ရေအသက် တမနက်လို့ ဆိုပါတယ်။ တကယ်တမ်းတော့ ရေမသောက်ဘဲ တမနက် နေရုံနဲ့ မသေနိုင်သေးပါဘူး။ ဒါပေမယ့် ရေမှန်မှန ်သောက်ဖို့တော့ လိုအပ်ပါတယ်။

လေနဲ့ နေရောင်ခြည် ရှိရုံနဲ့ အပင်တွေလို လူတွေက အသက် မရှင်နိုင်ပါ။ အပင်တွေနဲ့ အတူ ရေရော အဟာရ အတွက် အစားတွေပါ စားပေးရမှာပါ။ အထက်မှာ ပြောခဲ့သလို ရေဓာတ် အနည်းဆုံး ၆၀ ရာခိုင်နှုန်း ရှိနေတဲ့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓာတ် ပြန်ဖြည့်၊ ပြန်ရဖို့ ရေပုံမှန် သောက်ဖို့ လိုုအပ်ပါတယ်။

အရိုးအဆစ်တွေ အကြားမှာ ရေဟာ ချောဆီ အဖြစ် ပြောင်းလဲ လုပ်ဆောင်ပေးပါတယ်၊ ခန္ဓာကိုယ် အပူချိန် မှန်ကန်ဖို့ အတွက် ချွေး အပါအဝင် အနွေးဓာတ်၊ အအေးဓာတ်ကို ရေက မှန်ကန်စေပါတယ်။ အညစ်အကြေးစွန့် စနစ် အတွက် ချွေးပေါက်တွေ ကနေ ရေဟာ စွန့်ပစ်တဲ့ အရာတွေကို သယ်ထုတ်သွားပေးပါတယ်။ ဒီလိုနဲ့ နေရာစုံမှာ ပုံစံအစုံနဲ့ ရေက ခန္ဓာကိုယ်ကို အကျိုးပြုနေတာပါ။

လူတယောက် အနေနဲ့ ရေ လုံး၀ မသောက်ရဘဲ အလွန်ဆုံး နေနိုင်မယ့် အချိန်ကတော့ ၁ ပတ် (၇ ရက်) ပဲ ဖြစ်ပါတယ်။ ဒါဟာ ခန့်မှန်းချက် တခု ဖြစ်ပြီး အဆိုပါ ၇ ရက်အကြာမှာ ရေလိုအပ်ချက်ကြောင့်ပဲ သေဆုံးရလိမ့်မယ် လို့ ယူဆရပါတယ် လို့ ဂျော့ဝါရှင်တန် တက္ကသိုလ်က ဇီဝဗေဒ ပညာရှင် ပါမောက္ခ Randall K. Packer က ၂၀၁၃ ခုနှစ် အတွင်းက NBC News က တင်ဆက်တဲ့ Maggie Fox အစီအစဉ်မှာ ပြောပါတယ်။

ဒါပေမယ့် ထင်မြင် ယူဆချက် အရ ရေမရဘဲ အချိန် ၁ ပတ်ထိ နေနိုင်မယ်ပေါ့။ ဒါပေမယ့် ပုံမှန်ကတော့ တကယ်ဆို ၃ ရက်ကနေ ၄ ရက်အထိပဲ ရှင်သန်နိုင်ဖို့ ရှိပါတယ်။ ဒါကလည်း ပတ်ဝန်းကျင် ရာသီဥတုနဲ့ ဆိုင်ပါလိမ့်မယ်။ ပူတဲ့ နေရာမှာ ရေ မသောက်ရရင် မြန်မြန် သေဆုံးနိုင်ပြီး အေးတဲ့ နေရာမှာ ဆိုရင် အများဆုံး ၁ ပတ် (၇ ရက်) ထိ နေနိုင်မယ် ပေါ့။

လူ့ခန္ဓာကိုယ်က ရေဓာတ် ဆုံးရှုံးမှု အချိန်တိုင်း ဖြစ်နေတဲ့ သက်ရှိ ဖွဲ့စည်းမှုပါ။ ဒီလို ရေဓာတ် ဆုံးရှုံးမှုကြောင့်လည်း နေ့တိုင်း မဖြစ်မနေ ရေသောက် နေရတာ ဖြစ်ပါတယ်။ ချွေးထွက်ရင် ရေဓာတ်ဆုံးရှုံးတယ်၊ ရေချိုးနေချိန်မှာတောင် ရေဓာတ် ဆုံးရှုံးမှု အနည်းနဲ့ အများ ဖြစ်နေသလို အသက်ရှုနေရင်းနဲ့တောင် ခန္ဓာကိုယ်ကနေ ရေဓာတ် ဆုံးရှုံးမှု ဖြစ်နေပါတယ်။

အရမ်းပူပြင်းတဲ့ ရာသီ ဥတုမှာ ဆိုရင် အရွယ်ရောက်သူ တဦးဟာ တနာရီကို ရေ ၁ ဒသမ ၅ လီတာနှုန်းလောက် ချွေးထွက်ပါတယ်လို့ ၂၀၀၂ ခုနှစ်က Scientific American မှာ Pecker က ဆောင်းပါး ရေးသားထားတာ တွေ့ရပါတယ်။

ချွေးထွက်နည်းသွားတာနဲ့၊ ရေဓာတ်မရှိလို့ ချွေးထွက် ရပ်သွားတာနဲ့ ကိုယ် အပူချိန် တက်လာမယ်၊ သွေးလည်ပတ်မှု နှေးသွားမယ်၊ သေစေနိုင်လောက်အောင် ဖြစ်စေနိုင်ပါတယ် လို့ ဆိုပါတယ်။

ရိုချက်စတာ ဆေးပညာ တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက် အရလည်း ရေဓာတ် ခမ်းခြောက်ခြင်းက ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းလောက်ကို ချက်ချင်း ကျသွားစေနိုင်သလို မကြာခင် အချိန် အတွင်းမှာလည်း သေစေနိုင်လောက်တယ် လို့ ဆိုပါတယ်။

ဒီတော့ လူတွေ အတွက် ရေဟာ မဖြစ်မနေ လိုအပ်ပါတယ်။ တချို့ရေကို အစာကနေ ရပါတယ်။ တချို့ကို ရေကနေ တိုက်ရိုက် ရပါတယ်။ ရေသောက်ခြင်းက ကျန်းမာခြင်းနဲ့ အသက်ရှင်သန်ခြင်းရဲ့ ပင်မ ရေအရင်းအမြစ်ပါလို့ အမေရိကန် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ Website မှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

အချိုရည်နဲ့ နွားနို့တွေက နေလည်း ရေဓာတ် နည်းနည်း ရနိုင်ပါတယ်။ အရည် အနေနဲ့ ရှိပေမယ့် တကယ်တမ်း ရေဓာတ် ခမ်းခြောက်စေနိုင်တဲ့ အရာတခုတော့ ရှိပါတယ်။ သူကတော့ အရက်ပါ။ ပုံမှန်ထက်ကိုပဲ သင့် ခန္ဓာကိုယ်ကနေ ရေဓာတ် ခမ်းခြောက်ဖို့ လွယ်စေပါလိမ့်မယ်။ ရေသောက်ပါ၊ နို့နဲ့ အချိုရည်တွေ သောက်ပါ၊ ရေဓာတ် ပြည့်ဝစေပါလိမ့်မယ်။ အရက် ကိုတော့ ရေဓာတ် အတွက် မသောက်ပါနဲ့၊ အရက်သောက်လေလေ ရေပိုသောက်လေလေ ဖြစ်အောင်နေပါ၊ ရေဓာတ် ပြည့်ဝပါစေ ။

Ref: www.businessinsider.com

Loading