လူအများစုမှာ ဖြစ်လေ့ရှိတဲ့ အကြောပြတ်ခြင်းဆိုတာဟာ သဘာဝအလျောက် ဖြစ်ပေါ်လာတာမျိုးဖြစ်ပြီး အမျိုးသမီးတွေမှာ အဖြစ်များလေ့ ရှိပါတယ်။ အကြောပြတ်တယ်ဆိုတာဟာ ခန္ဓာကိုယ် အရေပြားပေါ်မှာ အစင်းကြောင်းတွေ ထင်တာမျိုး ဖြစ်ပြီး ဒူး၊ ပေါင်၊ လက်မောင်း၊ ဝမ်းဗိုက်နဲ့ ခြေသလုံး နေရာတွေမှာ ဖြစ်လေ့ရှိပါတယ်။
ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်း အရေပြား လျင်မြန်စွာ ဆွဲဆန့်ခံရတဲ့ အခြေအနေ (အဝလွန်သူတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်) တွေမှာ ဖြစ်လေ့ရှိပြီး ကာကွယ်လို့ မရပေမယ့် ပျောက်ကင်း သက်သာ အောင်တော့ ပြုလုပ်လို့ရပါတယ်။ ဒါကြောင့်မို့လို့ အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်ပြီး အကြောပြတ်ခြင်းကို သက်သာပျောက်ကင်း စေနိုင်မယ့် သဘာဝ နည်းလမ်း ၃ ခုကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ရှားစောင်းလက်ပပ်
အသားအရေ ကျန်းမာရေးအတွက် အလွန်အသုံးတည့်လှတဲ့ ရှားစောင်းလက်ပပ်ပင်မှ ရှားစောင်းလက်ပပ် ဂျယ်လ် အနည်းငယ်ကို အကြောပြတ်တဲ့ နေရာပေါ်မှာ လိမ်းပေးပြီး မိနစ်၂၀ ခန့် အကြာမှာ ရေနဲ့ပြန်လည် ဆေးကြောပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။
(၂) သံလွင်ဆီ
ခန္ဓာကိုယ် ကျန်းမာရေးအတွက် အလွန် အသုံးဝင်တဲ့ သံလွင်ဆီဟာ အကြောပြတ်ခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။ သံလွင်ဆီ အနည်းငယ်ကို အပူပေးပြီး အကြောပြတ်တဲ့ နေရာပေါ်မှာ လိမ်းပေးခြင်းအားဖြင့် အကြောပြတ်ခြင်း သက်သာ ပျောက်ကင်းစေ နိုင်ပါတယ်။
(၃) ကိုကိုးထောပတ်
သွေးလည်ပတ်မှု အားကောင်းစေတဲ့ Cacoa Butter (ကိုကိုးထောပတ်) ကို ခန္ဓာကိုယ်ပေါ်ရှိ အကြောပြတ်တဲ့ နေရာပေါ်မှာ လိမ်းပေးပြီး နှိပ်နယ်ပေးခြင်းဖြင့်လည်း အကြောပြတ်ခြင်းကို သက်သာစေနိုင်ပါတယ်။
အထက်မှာ ရေးသား ဖော်ပြပေးခဲ့တဲ့ သဘာဝနည်းလမ်းတွေကို တပတ်မှာ ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ်ခန့် ပုံမှန် ပြုလုပ် ပေးမယ်ဆိုရင် အကြောပြတ်ခြင်းကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။
Ref : beautyepic.com