လူ့ ဦးနှောက်ပိုင်း ဆိုင်ရာ သိပ္ပံနည်းကျ လေ့လာတွေ့ရှိလာချက်သစ် အရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး သဘောထားကြီးတယ် လို့သိလာရပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်း နိုင်စွမ်းနဲ့ အကောင်းမြင်စိတ် ပိုတာကြောင့် နားလည်ပေးနိုင်မှု၊ ခွင့်လွှတ်မှုတွေ ပိုအားကောင်းပြီး သဘောထားကြီးတာ ဖြစ်တယ် လို့ ဆိုပါတယ်။
သိပ္ပံနည်းကျ လေ့လာချက်တွေ အရရော အခု နောက်ပိုင်း ကျား၊ မ အရေအတွက် အရ အလှူအတန်း၊ မျှဝေမှု၊ လူမှုရေး လုပ်ဆောင်ချက်တွေ အရပါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ထားပိုပြီး နူးညံ့တာ၊ ပေးလှူတာ၊ မျှဝေမှုတွေနဲ့ သဘောထား ကြီးမြတ်မှုတွေကို မြင်တွေ့နိုင်နေတယ် လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ၊ စီးပွားရေး ဌာနက အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေဟာ လေ့လာချက် တခု လုပ်ဆောင်ထားပြီး ရလဒ်ကို Nature Human Behaviourမှာ ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။ အဆိုပါ လေ့လာဖော်ပြချက် အရ အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ ဆုံးဖြတ်ချက် တခုခု ချမှတ်ဖို့ အတွက် တဖက်သား အတွက်ကိုပါ ထည့်တွက် စဉ်းစားမှု လုပ်ဆောင်တယ် ဆိုတာ တွေ့ရကြောင်း ပြောထားပါတယ်။
လေ့လာချက် လုပ်ဆောင်ပုံကတော့ စေတနာ့ဝန်ထမ်း ကျား၊ မတွေကို သူတို့ စိတ်ထဲမှာ ရှိတဲ့ အသိမိတ်ဆွေတွေကနေ မြင်ဖူး သိဖူး၊ မှတ်မိနေသူတွေ အပါအဝင် လူ ၁၀၀ ကို ချရေး မှတ်သားစေတယ်၊ ပြီးတော့မှာ ဒီလို ရင်းနှီးသူတွေရော မြင်ဖူးရံလောက်ပဲ ရှိသူတွေကိုရော မိမိမှာ ရှိတဲ့ ငွေကြေး၊ ပိုင်ဆိုင်မှု၊ စတဲ့ အရာတွေကို အတတ်နိုင်ဆုံး ဘယ်လောက် မျှဝေမယ် ဆိုတာ မေးမြန်းပြီး ဖြေဆိုစေတာ ဖြစ်ပါတယ်။
လူ ၁၀၀ ကို မိမိပိုင် အရာတချို့ မျှဝေမှု အတွက် လူတဦးကို မျှဝေမယ် ဆိုရင် ၁ မှတ်ကနေ အားလုံုးကို မျှဝေမယ် ဆိုရင် ၁၀၀ မှတ်ရရှိမှာ ဖြစ်ပါတယ်။ ဒီလို ဖြေဆိုနေချိန် အတွင်း စေတနာ့ဝန်ထမ်း ဖြေဆိုသူတွေကို Amisulpride ဆိုတဲ့ ဆေးကို တိုက်ထားတယ်၊ ဒီဆေးက ဦးနှောက်ဆီကို ထိတွေ့ သက်ရောက်မှု ရှိစေပြီး ဆုံးဖြတ်ချက် တခု အတွက် ဦးနှောက်ရဲ့ ဘယ်နေရာက၊ ဘယ်လို၊ ဘယ်လောက်ကြာ စဉ်းစားတယ် ဆိုတာကို ကူညီ ဖော်ပြပေးမယ့် ဆေးပါ။
သိလာရတာကတော့ အခုလို မေးခွန်းတွေ အတွက် စဉ်းစား ဆုံးဖြတ်မှုမှာ ဦးနှောက်ရဲ့ ဗဟိုက အဓိက အလုပ်လုပ်ဆောင် ဆုံးဖြတ်တယ်၊ စဉ်းစားချိန်မှာ အမျိုးသမီးတွေရဲ့ စဉ်းစားမှုက ပိုများပြီး တပါးသူကို မျှဝေလိုမှု၊ သဘောထားကြီးမှု ပိုတာ တွေ့ရပြီး အမျိုးသားတွေကတော့ အမျိုးသမီးတွေတွေနဲ့စာရင် မျှဝေလိုစိတ် နည်းတယ်လိုု့ ဆိုပါတယ်။ လေ့လာချက် အရ ဖြေဆိုစေမှုမှာလည်း အမျိုးသမီးတွေက ရမှတ်ပိုများ ပါသတဲ့။
အခုလို ဆေးအကူအညီ၊ သိပ္ပံနည်းကျ နည်းလမ်းတွေနဲ့ လေ့လာချက် လုပ်ဆောင်ရခြင်းက တိကျတဲ့ အဖြေရဖို့ပါ၊ တကယ်တော့ နှုတ်ဖြေ စစ်ဆေးချက်နဲ့ လက်တွေ့ ပြင်ပ လူမှုရေး ကဏ္ဍတွေ အရ အမျိုးသမီးတွေက သဘောထား ပိုကြီးတယ် ဆိုတာ သိထားပြီးသားပါလို့ အခု လေ့လာချက် လုပ်ဆောင်ရေး အဖွဲ့ထဲမှာ ပါတဲ့ ဇူးရစ် တက္ကသိုလ်က စိတ်ပညာရှင် Alexander Soutschek က ပြောပါတယ်။
အခု စမ်းသသပ်ချက်နဲ့ အတူ နောက်ထပ် အသစ် တခု သိလာရတာလည်း ရှိသေးတယ် လို့ ဆိုပါတယ်။ အဲဒါကတော့ ကျား၊ မ ကွဲပြားမှုနဲ့ အတူ စိတ်ခံစားမှုနဲ့ စဉ်းစား ဆုံးဖြတ်မှု အပိုင်းမှာ ဇီ၀ ဖြစ်စဉ် အနည်း၊ အများ ကွာခြားချက် ဆိုတာပဲ ဖြစ်ပါတယ်။
တကယ်တော့ ဦးနှောက် ဖွဲ့စည်းမှု ပုံစံ အပေါ်မှာပဲ မူတည်ပြီး သဘောထားကြီးမှု၊ မကြီးမှု ကွဲသွားမယ် လို့ ထင်ခဲ့ရပေမယ့် အခုတော့ ကျား၊ မ ကွဲပြားရုံနဲ့တင် ဦးနှောက်ရဲ့ လုပ်ဆောင်ပုံလည်း ကွဲပြားပြီး စိတ်နေ သဘောထားလည်း ကွဲပြားသွား တာလို့ ဆိုပါတယ်။ တကယ်တော့ အကြောင်းအရာ တခုကို ခံစား တွေးတောခြင်းက ဦးနှောက်ရဲ့ အလုပ်တခု ဖြစ်ပြီး ဆုံးဖြတ်ချက်ကိုတော့ ဦးနှောက်ရဲ့ အလယ်ဗဟိုကနေ ဆုံးဖြတ်တယ်၊ အမျိုးသမီးတွေမှာ ဒီလို စဉ်းစားမှုနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက် ပိုမို များပြားပြီး တပါးသူ၊ တဖက်သား အတွက် ထည့်တွက် စဉ်းစားမှုတွေနဲ့ အတူ သဘောထားကြီးတဲ့၊ မျှဝေလိုတဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်တယ် လို့ ဆိုပါတယ်။
Ref: www.businessinsider.com