လက်ရှိ ကမ္ဘာမှာ တွင်ကျယ်လာနေတာက စိတ်အပန်းဖြေဖို့၊ စိတ်ကို တည်ငြိမ်အောင် ကျင့်ကြံဖို့ အတွက် တရားထိုင်သလိုမျိုး ကမ္မဌာန်းထိုင် ယောဂ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ဒီယောဂလေ့ကျင့်ခန်း လုပ်တဲ့ အခါ မထင်မှတ်ဘဲ ပုံစံအမှားတွေ ဖြစ်နေတတ်ပါတယ်။ ဘယ်လို အမှားတွေ မှားတတ်ပါလဲ။ လေ့လာကြည့်ရ အောင်ပါ။
(၁) အိပ်ပျော်သွားခြင်း ။ ။ တနေ့တာ လုပ်ငန်းဆောင်တာတွေ ပြီးလို့ ညဘက် အိပ်ယာဝင်ခါနီးမှာ လုပ်လေ့ ရှိသူတွေ အမျာဆုံး ကြုံတွေ့ရတဲ့ မှားယွင်းမှုပါ။ ပုံစံ အတိုင်းတော့ ထိုင်လိုက်တယ်၊ မျက်လုံးကိုလည်း မှိတ်ထားတယ်၊ မိနစ် ၂၀ လောက်လည်း ကြာရော… စိတ်ကို စုစည်းလို့ မရဘဲ ဖြစ်နေတယ်၊ ဒါမှ မဟုတ် အိပ်ချင်စိတ် ဖြစ်လာတယ် ဆိုရင် ဒါဟာ စိတ်အပန်းပြေတာမျိုး မဖြစ်စေပါ။ သို့ပေမယ့် တဖက်က ပြန်တွက်ရင် တော့ အိပ်ချင်စိတ် ပေါက်လာတယ်၊ အိပ်ပျော်သွားတယ် ဆိုရင်လည်း ကောင်းပါတယ်။ စိတ် တည်ငြိမ်မှု မရပေမယ့် အိပ်ချင်စိတ် ဖြစ်လာပြီး အိပ်ပျော်လွယ်စေတယ် ပေါ့။
(၂) အာရုံစူးစိုက်မရခြင်း ။ ။ အခြေခံ စိတ်အပန်းဖြေခြင်းရဲ့ အစက ခေါင်းထဲမှာ ဘယ် အကြောင်းအရာ ကိုမှ မတွေးဘဲ ဖယ်ထုတ်ထားခြင်းပါ။ ဝင်လေ၊ ထွက်လေ မှတ်တဲ့ နည်းနဲ့ စိတ်ကို တနေရာမှာ စုစည်းထားရှိကြ တာလည်း ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း ဦးခေါင်းထဲမှာ ဘာမှ မတွေးဘဲ နေနိုင်ဖို့က မလွယ်ကူပါ။ ဒါကြောင့် အာရုံစူးစိုက် မရရင်၊ ဇွတ်အတင်း စူးစိုက်ဖို့ မကြိုးစားဘဲ စိတ်က ဘာကိုတွေးနေမိသလဲ၊ စဉ်းစား နေမိသလဲ ဆိုတာ စိတ်ရှည်ရှည် စောင့်ကြည့်ပါ။ စောင့်ကြည့်နေရင်းနဲ့ တဖြည်းဖြည်း စိတ်တည်ငြိမ်လာမှာပါ။
(၃) အားစိုက်လွန်းခြင်း ။ ။ ဆိုလိုတာက ဘယ်နေရာမှာပဲ စိတ်တည်ငြိမ်အောင် ကမ္ပဌာန်းယောဂ ထိုင်မယ်၊ ဘယ်လို အချိန်မှန် ထိုင်မယ်၊ ဘယ်လိုပုံစံ ထိုင်မယ်၊ ဘယ်လောက်ကြာအောင် ထိုင်မယ် ဆိုတာမျိုး တင်းတင်းကျပ်ကျပ် သတ်မှတ် ပြဋ္ဌာန်း လုပ်ဆောင်တာမျိုး မလုပ်ဖို့ပါ။ စိတ်ကို သက်သာ အေးချမ်းအောင် လုပ်ဆောင်တာ ဖြစ်လို့ အဆင်ပြေတဲ့ နေရာမှာ၊ ရတဲ့ အချိန်လေးအတွင်း တရားထိုင်နိုင်ပါတယ်။ စိတ်အေးချမ်းပြီး အပန်းပြေသွားဖို့ အဓိကပါ၊ စည်းတွေ၊ ဘောင်တွေနဲ့ ချည်နှောင် ကျဉ်းကျပ်မသွားဖို့ လိုပါတယ်။
(၄) အရမ်းမျှော်လင့်ထားခြင်း ။ ။ ကမ္မဌာန်းယောဂ ထိုင်ခြင်းကနေ ပြန်ထလိုက်ချိန်မှာ ဘယ်လို စိတ် အေးချမ်းမှု၊ ဘယ်လောက်ထိ စိတ်သက်သာမှု ရချင်တယ် ဆိုတာမျိုး ကြိုတင် မျှော်လင့်မထားပါနဲ့။ သင် လေ့ကျင့် အားထုတ်နေချိန် အတိုင်းအတာမှာ သင် ဘယ်လောက် အေးချမ်းအောင် နေထိုင်သလဲ ဆိုတဲ့ အပေါ် မူတည်ပြီးတော့ အေးချမ်းမှု ရပါလိမ့်မယ်။ ကမ္မဌာန်းယောဂ ထိုင်လိုက်လို့ လုံး၀ ပေါ့ပါး လွတ်လပ်သွားမယ် လို့ ယူဆပြီး ထိုင်တယ်၊ ပြီးမှ စိတ် မတည်ငြိမ်မှုနဲ့ အတူ စိတ်သက်သာရာ မရရင်တော့ ကမ္မဌာန်းယောဂ ထိုင်နေလဲ အပိုပါပဲ။
(၅) အလွယ်တကူ လက်လျော့ခြင်း ။ ။ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာဟာ ထိန်းချုပ်ဖို့၊ တည်ငြိမ်ဖို့ ခက်ခဲပါတယ်။ တပါးသူတွေရဲ့ လမ်းညွှန်ချက်၊ ကြားဖူးသမျှ သတင်းတွေကြောင့် စိတ်သက်သာရာ ရဖို့ ကမ္မဌာန်းယောဂ ထိုင်တယ်၊ နည်းလမ်းတကျလည်း မထိုင်တတ်ဘူး။ စိတ်လည်း မတည်ငြိမ်ဘူး၊ ထိုင်ခြင်းရဲ့ ကောင်းကျိုး ကိုလည်း မသိဘဲ သိပ်မထူးပါဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ လွယ်လွယ် လက်လျှော့ပြီး တရား မထိုင်တော့တာ ကလည်း မှားယွင်းမှု တခုပါပဲ။
(၆) သဘောတရားကို မသိခြင်း ။ ။ ကမ္မဌာန်းယောဂ ထိုင်ခြင်း ဆိုတာ စိတ်ကို စုစည်းခြင်း၊ တည်ငြိမ်အောင် ထားခြင်း၊ အဲဒီကနေ အခက်အခဲတွေ ရင်ဆိုင်လာရချိန်မှာတောင် စိတ်ကို အကောင်းဆုံး စုစည်း ရင်ဆိုင်နိုင် လာခြင်း ဆိုတဲ့ သဘောတရားကို မသိသူတွေ အတွက်တော့ တရားထိုင်ခြင်းက အပြ သက်သက်ပဲ ဖြစ်နေနိုင် ပါတယ်။ ဘာသာရေး ကိုးကွယ်မှု ပုံစံမျိုး အားထုတ်ခြင်း မဟုတ်လို့ ရည်ရွယ်ရင်းက လတ်တလော စိတ်ကို အေးချမ်းဖို့၊ စိတ်ကို စုစည်းနိုင်ဖို့နဲ့ တည်ငြိမ်ဖို့ အတွက် ဦးတည် လုပ်ဆောင်တာ ဖြစ်ပါတယ်။
(၇) သက်သာရာရှာဖွေခြင်း ။ ။ ကမ္မဌာန်းယောဂ ထိုင်တယ် ဆိုတာ စိတ်ကို စုစည်းမှုနဲ့ တည်ငြိမ်မှုကို ရှာဖွေလေ့ကျင့် တာဖြစ်တယ်။ ဒါပေမယ့် ထိုင်ရာမှာ အောက်က အခင်းတွေ၊ ခြင်၊ ယင်လို အရာတွေနဲ့ ဝေးရာ နေရာတွေ၊ တိတ်ဆိတ်ရာ နေရာတွေ၊ ဒီလို နေရာ ရွေးချယ်ပြီး ကျင့်ကြံတာက မှားနေတယ် လို့ ဆိုပါတယ်။ သင့် အနေနဲ့ စိတ်ကို ထိန်းနိုင်ဖို့သာ အဓိက ဖြစ်ပြီး အိပ်ယာဝင်ခါနီး အိပ်ယာပေါ်မှာ ပေါ်မှာလည်း လေ့ကျင့် ယူနိုင်သလို အခြား အဆင်ပြေ အဆင်သင့်တဲ့ နေရာတွေမှာ ထိုင်နိုင်ပါတယ်။ သင့် ဘေးက ဖြစ်စေ၊ သင့် ပတ်ဝန်းကျင်ကဖြစ်စေ ဆူညံနေရင်တောင် တရားထိုင်နိုင်ပါတယ်။ သင့် စိတ်ကို သင် ဂရုတစိုက်စောင့်ကြည့်ဖို့နဲ့ ဘာကိုမှ မတွေးတော၊ မပူပင်ဖို့ပဲ လိုအပ်ပါတယ်။
(၈) အဆင်ပြေမှ တရား ထိုင်ခြင်း ။ ။ ကမ္မဌာန်းယောဂ ထိုင်ချင်စိတ်ရှိမှ ထိုင်တာ၊ အမြဲတမ်း မထိုင်ဘဲ စိတ်သက်သာရာ ရလိုချိန်မှ ထိုင်တာ၊ ထိုင်နေကျ နေရာ၊ အချိန်၊ အနေအထား၊ အားလုံး ပြည့်စုံမှ ထိုင်တာမျိုး တွေက တကယ်တော့ နည်းလမ်း မကျပါဘူး။ နံပါတ် ၃ မှာ ပြောခဲ့သလိုမျိုး တပါးသူကို နှောက်ယှက်မှု မရှိစေဘဲ မိမိစိတ် အေးချမ်းမှုကို ရှာဖွေတဲ့ ကမ္မဌာန်းယောဂထိုင် စိတ်စုစည်းခြင်းကို အလျဉ်းသင့် အဆင်ပြေရာ နေရာမှာ အဆင်ပြေ သလောက် အချိန်တခုကြာ ထိုင်လို့ ရပါတယ်။ ။
Ref: www.rd.com