ကိုယ်အလေးချိန် ထိန်းဖို့အတွက် Gym မသွားချင်သူတွေလည်း ရှိပါတယ်။ ဒါဆို ဘယ်လိုနည်းလမ်းမျိုးတွေ သုံးပြီး ကိုယ်အလေးချိန် လျော့ချမလဲ။ တနေ့ နာရီဝက် လမ်းလျှောက်ပေးရုံနဲ့ ကိုယ်အလေးချိန်ကျတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လူတိုင်းလုပ်နိုင်လောက်တဲ့ နည်းလမ်းမို့ သင့်မှာ Trainer ဖိနပ် ကောင်းကောင်း တရံရှိဖို့ပဲ လိုပါတယ်။
တနေ့ မိနစ် ၃၀ လမ်းလျှောက်တာဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အထောက်အကူ ဖြစ်စေပါတယ်။ အသက်အရွယ်မရွေး လုပ်နိုင်တဲ့ ကျန်းမာရေး လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်။ သုတေသီတွေနဲ့ ဆရာဝန်တွေ အကုန်လုံးက လမ်းလျှောက်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဝေမျှပေးခဲ့ ကြပါတယ်။
တနေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက် ပေးရုံနဲ့ တနေ့တာအသုံးပြုနိုင်မယ့် စွမ်းအင်ကို ရနိုင်သလို၊ စိတ်ဖိစီးမှုကိုလည်း လျော့ချပေးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုတိုးစေပါတယ်။ ဖန်တီးနိုင်မှု စွမ်းအား မြင့်လာပြီး တွေးခေါ်မြော်မြင်နိုင်စွမ်း တိုးတက်လာတယ်လို့ ဆိုပါတယ်။
တပတ် ဆယ်ရက်လောက် လုပ်ကြည့်ရုံနဲ့ မသိသာပေမယ့် နေ့စဉ် ဇွဲကောင်းကောင်းနဲ့ ကြိုးစားမယ်ဆိုရင် တလ၊ နှစ်လ အတွင်းမှာ လမ်းလျှောက်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ခံစားသိမြင်လာမှာပါ။ ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီပိုတွေကို လျော့ချလိုက်လို့ အရင်ဝတ်နေကျ အဝတ်အစားတွေ ချောင်လာတာ အရင် သတိပြုမိကြမှာပါ။
စမ်းသပ်လေ့လာ တွေ့ရှိချက်တွေအရ နေ့စဉ် မိနစ် ၃၀ လောက် ပုံမှန်လမ်းလျှောက်သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ ၃၁ ရာခိုင်နှုန်း လျော့ကျသွားပြီး၊ နှလုံးအမောဖောက်လို့ သေဆုံးနိုင်ခြေ ၃၂ ရာခိုင်နှုန်းလောက် လျော့ကျသွားတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် လမ်းလျှောက်ခြင်းဟာ အစာခြေစနစ် ပိုကောင်းစေလို့ အစာအိမ်နဲ့ ပတ်သက်တဲ့ ရောဂါဖြစ်နိုင်ခြေ နည်းသွားစေပါတယ်။
တနေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်တာ အချိန်ကြာလာလေ သင့်ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို ခံစားမိစေပြီး ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွ စေပါတယ်။ ပေါ့ပါးလန်းဆန်းပြီး အဆီပိုတွေ လျော့ချပေးလို့ ကိုယ်ခန္ဓာ အချိုးအစား လှချင်ပေမယ့် Gym သွားရမှာ ပျင်းနေတယ်ဆိုရင် နေ့စဉ် မိနစ် ၃၀ လောက် လမ်းလျှောက်ပေးဖို့ အကြံပြုချင်ပါတယ်။
Ref: Better Me