နွေရာသီမှာ ရာသီဥတု အပြောင်းအလဲနဲ့ လူထူထပ်တဲ့ နေရာတွေသွားရတဲ့အခါ လည်ချောင်းနာ တတ်ပါတယ်။ တအားပူပြင်းတဲ့ ရာသီဥတုဒဏ်ကြောင့် နွေရာသီမှာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းတို့ ခံစား ရနိုင်ပါတယ်။
လည်ချောင်းနာတာက သင့်ခန္ဓာကိုယ်မှာ ဘက်တီးရီးယား ဝင်ရောက်မှန်း သိနိုင်တဲ့ ပထမဆုံး လက္ခဏာ တရပ်ပါ။ အောက်မှာ ဖော်ပြပေးထားတာတွေက လည်ချောင်းနာခြင်း ကင်းဝေးစေမယ့် အိမ်တွင်းကုထုံးနည်းတွေပဲ ဖြစ်ပါတယ်။
(၁) ပလုတ်ကျင်းခြင်း
အိမ်တွင်းကုထုံးတွေထဲက လူသိများတာက ဆားနဲ့ ရေနွေးရောပြီး ပလုတ်ကျင်းတာပဲဖြစ်ပါတယ်။ အကြောင်းကတော့ ဆားရည်ဟာ သွေးလည်ပတ်မှုကို တိုးစေပြီး လည်ချောင်းတဝိုက်က ဘက်တီးရီးယားတွေကို သေစေပါတယ်။
(၂) ရေနွေး
သစ်ကြံပိုးခေါက်ရည်၊ ဂျင်းဖျော်ရည်၊ သံပရိုသီးနဲ့ ပျားရည် တွဲစပ်ထားတဲ့ ဖျော်ရည်၊ Masala (မဆလာ) ဖျော်ရည် (စပ်သော ဟင်းခတ်မှုန့်များ ရောနှောထားသော အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်) တို့က လည်ချောင်းနာတာ ပျောက်ကင်းစေပါတယ်။
(၃) အပျော့စာ စားခြင်း
အမာစာတွေ စားခြင်းကနေ ရှောင်ကြဉ်ပြီး ပျော့ပျောင်းတဲ့ ဆန်ပြုတ်လို အစားအစာမျိုးက သင့်လည်ချောင်း မနာအောင် အထောက်အကူ ပြုနိုင်ပါတယ်။ အသားငါးထက် ဟင်းသီးဟင်းရွက်ကို ကြော်၊ ပြုတ်၊ သုပ် ထားတာမျိုးကို စားသုံးပါ။
(၄) လည်ချောင်းနာ ပျောက်ဆေး
လည်ချောင်းနာတဲ့ အတောအတွင်းမှာ သင့် လည်ချောင်းတဝိုက်က ခြောက်ကပ်ကပ်ကြီးနဲ့ ထုံကျင်နေပါလိမ့်မယ်။ ငုံဆေးနဲ့ menthol ကို သုံးခြင်းအားဖြင့် လည်ချောင်းနာခြင်းကို သက်သာစေပါလိမ့်မယ်။
(၅) အပူချိန်
သင်ဟာ အမာစာတွေ စားတဲ့အချိန် လည်ချောင်း နာတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလိုအချိန်မှာ ရေနွေး ကပ်ပေး ထားခြင်းဖြင့် သင့်လည်ချောင်း တဝိုက်နာကျင်ခြင်း သက်သာစေပါမယ်။
(၆) ရှောင်ကြဉ်သင့်တဲ့ အရာ
လည်ချောင်းနာတာက ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်တတ်သလို ကဖင်းဓာတ်များတဲ့ ကော်ဖီ၊ ဆေးလိပ် သောက်ခြင်းနဲ့ အချိုရည်များ၊ ဆီများတဲ့ အစာနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ အားစိုက်ထုတ်မှု လုပ်ရတဲ့အတွက် လည်ချောင်းကို မြန်မြန်သက်သာစေမှာ မဟုတ်ပါဘူး။ လိုအပ်တာထက် ပါဝင်ပစ္စည်းတွေများတဲ့အစားအစာနဲ့ ဖျော်ရည်ကို သောက်ခြင်းက သင့် လည်ချောင်းကို ထိခိုက်စေပါတယ်။
(၇) လူထူထပ်တဲ့ နေရာတွေ ရှောင်ပါ
အာသီးရောင်တဲ့သူနဲ့ လည်ချောင်းနာတတ်တဲ့ သူတွေက လူထူထပ်တဲ့နေရာ သွားတာကို ရှောင်ကြဉ်သင့်ပါတယ်။ လူတွေဆီကနေ ဘက်တီးရီးယား ကူးစက်နိုင်တာကြောင့် သင့်လည်ချောင်းကို မြန်မြန် ပျောက်ကင်းစေဖို့ အနှောက်အယှက် ဖြစ်စေပါတယ်။
(၈) ဆေးသောက်ပါ
သင့်လည်ချောင်းနာခြင်းဟာ ရက်တွေကြာလာတဲ့အခါ လည်ပင်းရောင်ပြီး ခန္ဓာကိုယ် စတင် နာကျင် လာနိုင်ပါတယ်။ သင်ဟာ ၅ ရက်ထက် လည်ချောင်း ပိုနာနေပြီဆိုရင် ဆရာဝန်နဲ့ ပြပြီး တိုင်ပင်သင့်ပါတယ်။
ကဲ အထက်က နည်းလမ်းတွေကို လိုက်နာကျင့်သုံးပြီး လည်ချောင်းနာခြင်းမှ ကင်းဝေးကြပါစေနော်။