ခံတွင်းအနံ့ နံခြင်းရဲ့ ၇၅ ရာခိုင်နှုန်းသော အကြောင်းရင်းဟာ သွားနဲ့ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်ပါတယ်။ ခံတွင်းအနံ့ ဆိုးခြင်းဟာ ရေရှည်မှာဆိုရင် လူမှုဆက်ဆံရေးကို ထိခိုက်လာနိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လျော့နည်းလာစေနိုင်ပါတယ်။
ခံတွင်းကို ပုံမှန်သန့်ရှင်းရေး လုပ်ပေမယ့် ခံတွင်းအနံ့ နံတာကို အဖြေရှာမရ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ခံတွင်းအနံ့ ဆိုးခြင်းကို သက်သာစေမယ့် နည်းလမ်း ၅ ခုကို ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ပန်းသီး ရှာလကာရည်
ပန်းသီး ရှာလကာရည်မှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိ ရှိပြီး pH Level ကို ချိန်ပေးတဲ့အတွက် ခံတွင်းနံ့ ဆိုးခြင်းကို သက်သာစေပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တဇွန်းကို ရေတဖန်ခွက်ထဲမှာ ထည့်ပြီး မနက်အိပ်ရာ ထချိန်နဲ့ အိပ်ရာ မဝင်ခင် အချိန်မှာ ပလုပ်ကျင်းပေးမယ်ဆိုရင် ခံတွင်းနံ့ဆိုးခြင်းကို သက်သာပျောက် ကင်းစေနိုင်ပါတယ်။
ပန်းသီး ရှာလကာရည်နဲ့ နောက်ထပ် အသုံးဝင်ပုံ ဆက်စပ် သတင်းလင့်ခ် – အမျိုးသမီးများ အသားအရေ ကြည်လင်ဝင်းပစေမယ့် ပန်းသီး ရှာလကာရည် အစွမ်း
(၂) တရုတ် နံနံ
တရုတ်နံနံမှာ ပါဝင်တဲ့ Chlorophyll တွေဟာ ခံတွင်းနံဆိုးခြင်းကို သက်သာစေနိုင်တဲ့အတွက် နေ့စဉ် စားသုံးတဲ့ အစားအစာတွေမှာ တရုတ်နံနံ တခက်၊ နှစ်ခက်ခန့် ထည့်ပြီး စားပေးသင့်ပါတယ်။
(၃) သံပုရာရည်
သံပုရာရည်မှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်ဟာ ဘက်တီးရီးယားများ ထပ်မံပွားများလာခြင်းကို တားဆီးပေးနိုင်ပြီး မုန့်ဖုတ်ဆိုဒါဟာလည်း ဘက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်တဲ့အတွက် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တဇွန်းခန့်ကို သံပုရာရည် လက်ဖက်ရည် ဇွန်းဝက်ခန့်နဲ့ ရောပြီး သွားတိုက်ပေးမယ်ဆိုရင် ခံတွင်းနံ့ဆိုးခြင်းကို သိသိသာသာ သက်သာစေနိုင်ပါတယ်။
(၄) Sugar – free ပီကေ
Sugar-free ပီကေကို မကြာခဏ ဝါးပေးခြင်းအားဖြင့်လည်း ခံတွင်းနံ့ဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။
(၅) ဆားနဲ့ ရေနွေး
အလွယ်တကူ ပြုလုပ်လို့ရတဲ့ နောက်ထပ် နည်းလမ်းတခုကတော့ ဆားနဲ့ရေနွေး အရောကို ဆားရည်ငုံ ပလုပ်ကျင်းပေးခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ခံတွင်းနံ့ဆိုးခြင်းကို သက်သာစေနိုင်သလို လည်ချောင်းနဲ့ ခံတွင်းမှာရှိတဲ့ ဘက်တီးရီးယား တွေကို သေစေနိုင်ပါတယ်။
Ref: stylecraze.com