လူတယောက်ရဲ့ မျက်နှာ အလှအပအတွက် မျက်ခုံးဟာ အရေးကြီးတဲ့ အစိတ်အပိုင်း တခုပါ။ ထူထဲတဲ့ မျက်ခုံး တစုံက သင့်ကို နဂိုလှတဲ့ အမျိုုးသမီး တယောက်အဖြစ် ထင်မြင်စေသလို သင့်ရဲ့ နဂိုအလှကိုု ပိုမို တန်ဖိုးတက်စေပါတယ်။
လက်ရှိမှာ ရေပန်းစားတဲ့ အလှပြင်နည်းကလည်း တောက်ပတဲ့ မျက်ခုံးတစုံ ဖြစ်တာကြောင့် မျက်ခုံးကို နဂိုထက် ပိုမည်းနက်စေမယ့် သဘာဝနည်းလမ်းတွေ ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ရေးသား ဖော်ပြလိုက်ပါတယ်။
(၁) သံလွင်ဆီ
သံလွင်ဆီမှာ Vitamin A နဲ့ E ဓာတ်တွေ ပါဝင်ပြီး ဆံပင်တွေကို နက်မှောင်သန်စွမ်းစေတဲ့ အစွမ်းရှိပါတယ်။ သံလွင်ဆီ ၂ စက် ၃ စက်လောက်ကို မျက်ခုံးမှာ လိမ်းပြီး နေ့တိုင်း နှိပ်နယ်ပေးခြင်းအားဖြင့် ထူထဲတဲ့ မျက်ခုံး ရယူနိုင်ပါတယ်။
(၂) အုန်းဆီ
နောက်ထပ် သင့် မျက်ခုံးအတွက် အရေးပါတဲ့အ ရာကတော့ အုန်းဆီပါပဲ။ အုန်းဆီမှာ ရေဓာတ် ပြည့်ဝစေပြီး သင့် မျက်ခုံး တဝိုက်က အရေပြားကို အားဖြည့်ပေးတာကြောင့် မျက်ခုံးမွှေး ပိုမိုသန်စွမ်းစွာ ပေါက်ရောက်စေပါတယ်။ ညမအိပ်ခင် အုန်းဆီကို မျက်ခုံးမှာ လိမ်းပြီး မနက်နိုးတဲ့အခါ ရေဆေးချပေးပါ။
(၃) ကြက်ဆူဆီ
ကြက်ဆူဆီမှာ ပရိုတင်းနဲ့ ဖက်တီး အက်ဆစ်ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တာကြောင့် သင့်မျက်ခုံးကို မဲနက်ပြီး သန်စွမ်းစေပါတယ်။ အချို့သော ကြက်ဆူဆီတွေက ယားယံခြင်းနဲ့ ဓာတ်မတည့်ခြင်းတွေ ဖြစ်စေနိုင်တဲ့အတွက် မသုံးခင် ကြိုတင်စစ်ဆေးသင့်ပါတယ်။
(၄) မက်မွန်ဆီ
အင်တီအောက်ဆီးဒင့် (Antioxidant) နဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ဆံသား ကြီးထွားမှုအတွက် အထောက်အကူ ပြုနိုင်ပါတယ်။ မက်မွန်ဆီက အသားအရေ နူးညံ့စေပြီး မွေးညင်းပေါက်တွေကို ကျန်းမာစေသလို မျက်ခုံးမွှေး လျှင်မြန်စွာ ပေါက်ရောက်စေပါတယ်။ မက်မွန်ဆီနဲ့ အချိန် အနည်းငယ်ကြာ နှိပ်နယ်ပြီး ရေဆေးချပါ။
လှပထူထဲတဲ့ မျက်ခုံးလေး တစုံအတွက် အပေါ်က နည်းလမ်းတွေနဲ့ ကြိုးစားရယူ နိုင်ကြပါစေနော်။
Ref ; timesofindia.indiatimes.com