လူအများစုဟာ အလုပ်နဲ့ မိသားစုအတွက် အချိန်တွေကို မြှုပ်နှံရင်း၊ ဂရုစိုက်ရင်းနဲ့ပဲ အချိန်တွေ ကုန်ဆုံးတတ်ကြပါတယ်။ မိမိကိုယ်ကို ဂရုစိုက်ဖို့ မေ့လျော့နေခြင်းဟာ ရေရှည်မှာ စိတ်ကျန်းမာရေးအတွက် ထိခိုက်နိုင်တယ်လို့ စိတ်ပညာရှင်တွေက သုံးသပ် ပြောဆိုထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး စိတ်ပညာရှင်တွေက လူ့ခန္ဓာကိုယ်ဟာ ကားတစ်စီးနဲ့ တူတယ်လို့ ဥပမာ ပေးပါတယ်။ ကားတွေ မောင်းနှင်ဖို့ လောင်စာဆီ လိုအပ်သလို ခန္ဓာကိုယ်အတွက် လောင်စာဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုဟာ အရေးကြီးလှတယ်လို့ အကြံပြု ပြောဆိုထားပါတယ်။
မိမိကိုယ်ကို ဂရုစိုက်ခြင်းဆိုတာ ကောင်းမွန်စွာ အိပ်စက် အနားယူတာ၊ အာဟာရရှိတဲ့ အစားအသောက်တွေ စားတာ၊ လေ့ကျင့်ခန်း ပုံမှန် လုပ်တာတွေ အပြင် အတွေးလွန်ခြင်းတွေကို ရပ်တန့်ပစ်ဖို့နဲ့ မိမိစိတ် ငြိမ်းချမ်းမှုဟာ တပါးသူ အပေါ်မှာ မှီခိုတာမျိုး မဟုတ်ဘဲ မိမိဘာသာ ဖန်တီးခြင်းတို့ ပါဝင်ပါတယ်။
ဒါကြောင့်မို့လို့ မိမိကိုယ်ကို ဂရုမစိုက်ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဘာတွေဖြစ်လာနိုင်တယ် ဆိုတာရယ်၊ ဘဝရဲ့ နေထိုင်မှုပုံစံမှာ မိမိကိုယ်ကို ဂရုစိုက်ခြင်းဟာ ဘာကြောင့် အရေးကြီးလဲဆိုတာကို ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ဗဟုသုတအနေနဲ့ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) တခါတရံမှာ လူအများစုဟာ ကိုယ့်ကိုကိုယ် ဂရုစိုက်ခြင်းနဲ့ တကိုယ်ကောင်းဆန်ခြင်းကို ရောထွေးတတ်ကြပါတယ်။ ဒီနှစ်ခုဟာ လုံးဝကို ကွာခြားလှပြီး မိမိကိုယ်ကို ဂရုစိုက်ခြင်းနဲ့ ပက်သက်ပြီး စိတ်မသိုးမသန့် ဖြစ်စရာ မလိုအပ်ကြောင်း စိတ်ပညာရှင်တွေက ထောက်ပြ ပြောဆိုထားပါတယ်။ မိမိကိုယ်ကို ဂရုစိုက်ခြင်းအားဖြင့် ရေရှည်မှာ ကျန်းမာပျော်ရွှင်တဲ့ ဘဝတခုကို ပိုင်ဆိုင်လာနိုင်မှာဖြစ်တယ်လို့လည်း အကြံပြုပြောဆိုထားပါတယ်။
(၂) လူအများစုဟာ တခါတရံမှာ အနာဂတ်အတွက် တွေးပူတတ်ကြပါတယ်။ မိမိမှာ ပိုက်ဆံ မစုမိသေးတာ၊ ဘဝ လက်တွဲဖော် မရှိသေးတာနဲ့ ဒါတွေအတွက် အချိန်မရှိတော့မှာ အစရှိသဖြင့် တွေးပူတတ်ကြပါတယ်။ အနာဂတ်မှာ ဘာဖြစ် လာမလဲ ဆိုတာကို ဘယ်သူမှ တိတိကျကျ မခန့်မှန်းနိုင်တာကြောင့် လတ်တလောမှာ ဒါတွေကို တွေးပူ နေခြင်းထက် မိမိလုပ်နိုင်တာတွေကို အကောင်းဆုံး လုပ်ဆောင်ဖို့သာ အရေးကြီးကြောင်း စိတ်ပညာ ကုထုံးပညာရှင်တွေက အကြံပြု ပြောဆိုထားပါတယ်။ ဒီလို တွေတွေး ပူနေတတ်သူ အများစုဟာ စိတ်ကျရောဂါ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းခန့် သေချာတယ်လို့လည်း သတိပေးထားပါတယ်။
(၃) နောက်တချက်ကတော့ မိမိမှားခဲ့တဲ့ အမှားတွေအတွက် သောကများ ပူပန်နေခြင်းဟာလည်း လက်ရှိဘဝကို သင်ခန်းစာ တခုမှလွဲပြီး ဘာအထောက်အကူမှ မပေးနိုင်တာကြောင့် ထပ်ဖန်တလဲလဲ ပြန်လည် တွေးတောတတ်တဲ့ အမူအကျင့်ကို စွန့်လွှတ်သင့်ကြောင်း၊ သုတေသန လေ့လာချက်တွေအရ ဒီလို အမူအကျင့် ရှိသူတွေဟာ စိတ်ကျရောဂါ ဖြစ်နိုင်ခြေ များကြောင်း စိတ်ပညာဆိုင်ရာသုတေသနပညာရှင်တွေက သုံးသပ်ပြောဆိုထားပါတယ်။ မိမိကိုယ်ကို ဂရုစိုက်ခြင်းရဲ့ နောက်ထပ် အရေးကြီးဆုံး တချက်ကတော့ မိမိဘဝအတွက် အဆိပ်အတောက် ဖြစ်နေတဲ့လူတွေကို ဘဝထဲက ဖယ်ထုတ် ပစ်ခြင်းဟာလည်း အရေးကြီးကြောင်း အကြံပြု ပြောဆိုထားပါတယ်။
Ref : lessonsforlove.com