ကြက်ဥကို ကြော်တာ၊ ချက်တာ၊ ပြုတ်တာ အစရှိသဖြင့် အမျိုးမျိုး ပြုလုပ် ချက်ပြုတ် စားသောက်ကြတဲ့ အခါမျိုးတွေမှာ ကြက်ဥခွံကို အလွယ်တကူပဲ လွှင့်ပစ်တတ်ကြပါတယ်။
ကြက်ဥခွံမှာ သတ္တုဓာတ်၊ ပရိုတိန်း၊ ကယ်လ်ဆီယမ်နဲ့ Omega-3 Fatty Acid အများအပြား ပါဝင်ပါတယ်။ ကြက်ဥခွံ တလုံးမှာ အရွယ်ရောက်ပြီးသား လူတယောက်အတွက် တနေ့တာ လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ် ၁၀၀၀ မီလီဂရမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝစွာ ပါရှိပါတယ်။
ဒါကြောင့်မို့လို့ ကြက်ဥခွံရဲ့ အသုံးပြုပုံနဲ့ အသုံးဝင်ပုံ နည်းလမ်းတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဗဟုသုတ အနေနဲ့ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
ကြက်ဥခွံ အသုံးပြုပုံ
ကြက်ဥခွံကို ရေစင်အောင်ဆေး၊ အခြောက်ခံထားပြီး ကြိတ်စက်ကို အသုံးပြုကာ အမှုန့်အဖြစ်ရအောင် ကြိတ်ချေထားပါ။ ကြိတ်ချေထားတဲ့ ကြက်ဥခွံမှုန့်ကို အသီးဖျော်ရည်တွေ သောက်သုံးတဲ့ အခါ (သို့မဟုတ်) စွပ်ပြုတ်သောက်သုံးတဲ့ အခါနဲ့ အသုပ်ဟင်းလျာတွေမှာ ထည့်ပြီး စားသုံးလို့ရပါတယ်။
ကြက်ဥခွံမှုန့် ထည့်သွင်းစားသုံးခြင်းဟာ ဟင်းလျာတွေကို အရသာပြောင်းလဲသွားစေခြင်း မရှိတာကြောင့် မိမိ ကြိုက်နှစ်သက်သလို ထည့်သွင်းစားသုံး အသုံးပြုလို့ ရပါတယ်။
ကြက်ဥခွံ အသုံးဝင်ပုံ နည်းလမ်းများ
(၁) သုတေသန ပညာရှင်တွေရဲ့လေ့လာချက်အရ ကြက်ဥခွံမှာ ကယ်လ်ဆီယမ် ကာဗွန်နိတ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်ဒီတို့ ကြွယ်ဝစွာ ပါရှိတာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးတွေရဲ့ သိပ်သည်းဆကို မြင့်တက်စေနိုင်တာကြောင့် အရိုးပွ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) ၂၀၁၅ ခုနှစ်ရဲ့ သုတေသန စစ်တမ်းတွေအရ ကြက်ဥခွံမှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ်ဓာတ်တွေဟာ ခံတွင်းထဲရှိ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပြီး သွားပိုးစားခြင်းနဲ့ ခံတွင်းရောဂါ အမျိုးမျိုးတို့ကို ကာကွယ်ပေး နိုင်တယ်လို့ ဖော်ပြထားပါတယ်။
(၃) အာဟာရ သုတေသန ပညာရှင်တွေရဲ့ ၂၀၀၉ ခုနှစ်၊ လေ့လာချက်အရ ကြက်ဥခွံမှာ Keratin, Collagen, Glucosamine နဲ့ အခြားသော ဒြပ်ပေါင်းများစွာ ပါဝင်တာကြောင့် အဆစ်အမြစ်များ နာကျင် ရောင်ရမ်းခြင်းနဲ့ အရွတ်နဲ့ ပက်သက်တဲ့ ရောဂါအမျိုးမျိုးတို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
Ref ; naturallivingideas.com