နာမည်ကြီး အလှကုန်ပစ္စည်းတွေ ဝယ်သုံးနေပေမယ့် အသားအရေက ထင်သလောက် မကောင်းလာဘူးလား။ သင့်အိမ်မှာရှိတဲ့ သဘာဝပစ္စည်းတွေနဲ့ပဲ ပေါင်းတင်ကပ်ခွာ လုပ်လို့ရနေပြီနော်။
ဒီလို နည်းလမ်းတွေကို တပတ် ၁ ကြိမ် (သို့မဟုတ်) ၂ ကြိမ်လောက် လုပ်ကြည့်ရုံနဲ့ သင့်အသားအရေက ပြောင်းလဲလာမှာပါ။ ဒီလို မျက်နှာပေါင်းတင် ကပ်ခွာမျိုးက သင့်မျက်နှာကို အဆိပ်အတောက်ဖယ်ခြင်း၊ သန့်စင်ခြင်းနဲ့ တောက်ပတဲ့ အသားအရေ ပိုင်ဆိုင်ချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။
ဒါကြောင့်မို့လို့ ဒီတပတ် ရုံးပိတ်ရက်မှာ အိမ်မှာ နားနားနေနေ အနားယူရင်း အလွယ်တကူ လုပ်လို့ရမယ့် သဘာဝ မျက်နှာ ပေါင်းတင်ကပ်ခွာ လုပ်နည်းကို ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ကြက်ဥအကာ ကပ်ခွာ
ကြက်ဥအကာက ဆားဝက်ခြံနဲ့ ချွေးပေါက်တွေ တိုက်ထုတ်ဖို့အတွက် အလွန်ထိရောက်ပါတယ်။
– ကြက်ဥအကာကို ခွက်ထဲထည့်ပြီး မွှေပါ။
– မျက်နှာပေါ်မှာ မွှေထားတဲ့ ကြက်ဥအကာကို ၂ ထပ်လောက် သုတ်လိမ်းပါ။
– တစ်ရှူးနဲ့ မျက်နှာကို အုပ်ထားပါ။
– တစ်ရှူးနဲ့ အုပ်ထားတဲ့ မျက်နှာ အစိတ်အပိုင်းပေါ်ကို ကြက်ဥအကာ ၂ ကြိမ်လောက် သုတ်လိမ်းပေးပါ။
– ခြောက်တဲ့အထိ စောင့်ပြီးနောက် ဆွဲခွာကြည့်ပါ။
– ရေနွေးနွေးနဲ့ မျက်နှာကို ဆေးချပါ။
(၂) လိမ္မော်သီး ကပ်ခွာ
လိမ္မော်သီးဟာ အင်တီအောက်ဆီးဒင့်ဓာတ် ကြွယ်ဝပြီး အသက်အရွယ် ကြီးရင့်မှုကို တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် သင့် အသားအရေကို ဝင်းလက် တောက်ပစေနိုင်ပါတယ်။
– အပူခံ ဖန်ခွက်ထဲကို လိမ္မော်ရည် ၄ ဇွန်းလောက်ထည့်ပါ။
– ပြီးရင် Unflavored Gelatin (အရသာ မပါသော ကော်မှုန့်) ၂ ဇွန်းထည့်ပါ။
– ပေါင်းအိုးထဲမှာ ထည့်ပေါင်းပြီး ကော်မှုန့်များ ပျော်သည်အထိ မွှေပါ။
– ပြီးနောက် အအေးခံပါ။
– အအေးခံပြီးနောက် မျက်နှာမှာ သုတ်လိမ်းပြီး ကပ်ခွာအဖြစ် အသုံးပြုနိုင်ပါတယ်။
(၃) မီးသွေးကပ်ခွာ
မီးသွေးကို အလှကုန်ပစ္စည်း အချို့မှာ ပါဝင်ပစ္စည်းအဖြစ် သုံးကြပါတယ်။
မီးသွေးက အရေပြားက အညစ်အကြေးတွေနဲ့ ချွေးပေါက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။
– မီးသွေး လက်ဖက်ရည်ဇွန်း ဝက်စာနဲ့ Unflavored Gelatin (အရသာ မပါသော ကော်မှုန့်) ထည့်ပါ။
– ပေါင်းခံထားသော ရေနွေးကို လက်ဖက်ရည် တဇွန်းစာ ထည့်ပါ။
– စေးပျစ်လာသည်အထိ ရောက်အောင်မွှေပါ။
– ပြီးရင်တော့ မျက်နှာမှာ သုတ်လိမ်းနိုင်ပါပြီ။
ပေါင်းတင်ကပ်ခွာ လုပ်တဲ့အခါ အရင်ဆုံး မျက်နှာသစ်ပါ။ မျက်နှာကို ၅ မိနစ်စာလောက် ပေါင်းခံပြီး ချွေးပေါက်တွေ ပွင့်အောင် ထားပါ။ ကပ်ခွာကို ၂၀ မှ ၃၀ မိနစ်အထိ ထားပါ။ ပြီးနောက် ရေနွေးနဲ့ ဆေးချပါ။ ရေနွေးနဲ့ ဆေးပြီးတဲ့အခါ ရေအေးနဲ့ ဆေးချပြီး ချွေးပေါက်တွေ ကျဉ်းအောင် လုပ်ပါ။ ပြီးနောက် Mousturizer လိမ်းပါ။
ဒီလို ကပ်ခွာကို တပတ်မှာ ၂ ကြိမ်လောက်သာ လုပ်ပါ။ သင့် မျက်နှာ အသားအရေ သိသိသာသာ နဂိုထက် ဝင်းပစိုပြေပြီး ပြောင်းလဲလာပါလိမ့်မယ်။